0
မလေး၌ ဖြစ်ပွားသော မြန်မာလုပ်သား ပဋိပက္ခသည် ဘာသာရေး လူမျိုးရေး လုံးဝ မဟုတ်ဘဲ ငွေရေးကြေးရေး၊ ပုဂ္ဂိုလ်ရေးကြောင့်သာ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဌ ဦးမင်းလှိုင်က ပြောသည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်က UMFCCI ၌ ကျင်းပသော သတင်း စာရှင်းလင်းပွဲတွင် ၎င်းကထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ဦးမင်းလှိုင်က ယခင်လ ၂၉ ရက် ည ၁နာရီ ခွဲခန့်တွင် မလေးရှား ဆာလာရမ်းဈေး၌ ဖြစ်ပွားခဲ့သော ဆိုင်တစ်ဆိုင်အား တိုက်ခိုက်ဖျက်ဆီးမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် ဆာလာရမ်း ဈေးရှိ ကြက်ဒိုင်ပိုင်ရှင် ငွေတိုးချေး စားသည့် မြန်မာ အမျိုးသမီး တစ်ဦး၏ ဆိုင်အား မကျေနပ်သူ လူတစ်စုက ဖျက်ဆီးပြီး စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမျိုးသမီးသည် စကားအပြော အဆိုကြမ်းတမ်းကာ ငွေချေး လုပ်ငန်းကို အတိုးကြီးကြီးဖြင့် လုပ်ကိုင် စားသောက်သူ ဖြစ်ကြောင်း မြန်မာနိုင်ငံသား အချင်းချင်း ငွေရေးကြေးရေး အပေါ် အခြေခံ၍ ပြဿနာဖြစ် ပွားခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောသည်။
ထိုသို့ ပြဿနာ ဖြစ်ပွားရာတွင် မလေးရှားနိုင်ငံသားလုံးဝမပါဝင်ကြောင်း ဦးမင်းလှိုင်က ပြောသည်။ အခင်းဖြစ်ပွားရာ ဆာလာရမ်း ဈေးကြီးသည် ၂၄နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ပြီး ဟင်းသီး ဟင်းရွက်သားငါး ရောင်းချသောဆိုင်ခန်း ငါးထောင်ကျော်ခန့် ရှိကာ မြန်မာ အလုပ်သမား တစ်သောင်းခွဲမှ နှစ်သောင်းအထိ လုပ်ကိုင်နေသည့် နေရာဖြစ်သည်။၎င်းလုပ်သားအားလုံးတွင် ၉၀ ရာခိုင်နုန်းသည် တရားမ၀င်လုပ်ကိုင် နေသူများဖြစ်သည်ဟု ဆိုသည်။
တရားမ၀င် လုပ်သား အများအပြား နေထိုင်ခြင်း၊ ရန်ပွဲများ၊ လူသတ်မှုများ အများအပြား ဖြစ်ခြင်းကြောင့် မလေးရှား အစိုးရက အမြဲလိုလို စီမံချက်ဖြင့် ၀င်ရောက်ဖမ်း ဆီးလေ့ရှိသည့် နေရာဖြစ်သည်ဟု သိရသည်။ မလေးရှားရှိ မြန်မာလုပ်သားများ အနေဖြင့်လည်း ဖေ့ဘုတ်နှင့် ၀က်ဆိုဒ်များတွင် လိုတာထက် ပို၍ ရေးသားသော သတင်း များကြောင့် စိုးရိမ်ထိတ်လန့် မှုများဖြစ်ပွား ခဲ့သည်ဟု မလေးရှားသို့ လေးရက်ကြာသွားရောက် လေ့လာခဲ့သော အသင်းချုပ် တာဝန်ရှိ သူများက ဆိုသည်။

မေဇင်ဝင်း

Post a Comment

 
Top