0
 စက်မှု နယ်ပယ် အတွင်းရှိ အလုပ်သမား ရေးရာ ပြဿနာ များကို လေ့လာသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး ပူးပေါင်းမှု ကော်မရှင်မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ကော်မရှင်သည် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်ရုံပေါင်း ၅၀ ကိုအခြေခံ အဖြစ် သတ်မှတ်ကာ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်သွားမည် ဟုလည်း သိရသည်။ ယင်းသို့လေ့လာ ဆန်းစစ်ရာတွင် လှိုင်သာယာ စက်မှုဇုန်မှ စက်ရုံ ၂၅ ရုံ၊ ရွှေပြည်သာ စက်မှုဇုန်မှ စက်ရုံ ၁၅ ရုံ တို့ ပါဝင်ကြောင်းလည်း သိရသည်။ ကော်မရှင် အနေဖြင့် အလုပ် သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့် များကိုလည်းကောင်း၊ အလုပ်ရှင် များ၏ လုပ်ငန်းများ အပေါ် ထားရှိသည့် မူဝါဒနှင့် စည်းမျဉ်းစည်းကမ်း ပိုင်းများကို လည်းကောင်း လေ့လာ သွားမည် ဖြစ်သည်။ ယင်းသို့ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် စလုံး၏ တွေ့ဆုံဆွေးနွေး လေ့လာ ဆန်းစစ်မှု ပြုလုပ်ပြီး နောက်ပိုင်း တွင် ပြင်ဆင်သင့်သည့် ဥပဒေပိုင်း ဆိုင်ရာ ကိစ္စရပ်များ ရှိလာပါက ပြင်ဆင်သွားမည် ဖြစ်သည်။ ယင်းအပြင် အလုပ်သမား အတွက် လုပ်ငန်းခွင် အသိပညာပေး လုပ်ငန်းများ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး  အလုပ်သမား လက်စွဲ စာအုပ်ကို ကော်မရှင်မှ မကြာမီ  ဖြန့်ဝေ ပေးသွားမည် ဖြစ်သည်ဟုလည်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် များတွင် လုပ်သားဦးရေ ၅၀၀၀၀ နီးပါး ရှိနေပြီး လုပ်သားအင်အား ၂၅၀၀  အထက်ရှိသော စက်ရုံ နှစ်ရုံနှင့် လုပ်သားအင်အား ၁၀၀၀ အထက် စက်ရုံ ၃၀ ကျော်ရှိကြောင်း သိရသည်။

Written by 

Post a Comment

 
Top