0
မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းလေးသောင်းကျော်တွင် ဆရာ၊ ဆရာမ သုံးသိန်းခန့်နှင့်တက္ကသိုလ်၊ ကောလိပ် ၆၆ ခုတွင် ဆရာ၊ ဆရာမတစ်သောင်းကျော် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သတင်း ရရှိသည်။
တက္ကသိုလ်၊ ကောလိပ်များတွင် ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ပညာရေးဘာသာရပ်များကို လေ့လာ သင်ယူနေသော ကျောင်းသား၊ ကျောင်းသူ လေးသိန်းကျော်အား ဆရာ၊ ဆရာမဦးရေတစ်သောင်း တစ်ထောင်ကျော်ဖြင့် သင်ကြားပို့ချလျက်ရှိသည်။

အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ ရှစ်သန်းကျော်အား ဆရာ၊ ဆရာမသုံးသိန်းခန့်က သင်ကြားပို့ချနေပြီး မူလတန်းအဆင့်တွင် မြို့ပြ၌ ၄၈ ဒသမ ၇၃ ရာခိုင်နှုန်းနှင့် ကျေးလက်တွင် ၇၇ ဒသမ ၅၆ ရာခိုင်နှုန်းရှိနေကြောင်း ဘက်စုံလွှမ်းခြုံနိုင် သော ပညာရေးလေ့လာသုံးသပ်မှုလုပ်ငန်း စာတမ်းအရသိရသည်။
အခြေခံပညာကျောင်းများတွင် အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းနှင့် ရာထူးပြောင်းရွှေ့ခြင်းတို့ကြောင့် နှစ်စဉ် ဆရာ၊ ဆရာမဦးရေ ၇,၅၀၀ မှ ၉,၀၀၀ ခန့်ထိ လျော့ပါးနေပြီး အငြိမ်းစားယူသူဦးရေမှာ ၂,၀၀၀ ကျော်ရှိနေသည်။
မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာကဏ္ဍ၌ ပညာသင်နှစ်များ တစ်နှစ်စီတိုးမြှင့်ခဲ့သလို အခြေခံပညာ ကဏ္ဍတွင်လည်း ပညာသင်နှစ်များ တိုးမြှင့်ရန်စီစဉ်နေခြင်းကြောင့် ဆရာ၊ ဆရာမဦးရေအများအပြား လိုအပ်လာဖွယ်ရှိနေသည်။
ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာအဆင့်အတွက် ပညာရေးတက္ကသိုလ်နှစ်ခုနှင့် ပညာရေး ကောလိပ် ၂၀ ခုကို ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး ဆရာအတတ်ပညာဦးစီးဌာန တည်ထောင်ဖွဲ့စည်း နိုင်ရန် ရည်ရွယ်လျက်ရှိသည်။

7Day News Journal
Vol.12, No.31, October 9, 2013

Post a Comment

 
Top