မြန်မာနိုင်ငံ ပညာရေး
ကဏ္ဍတွင် ပြုပြင်ရမည့် အချက်များစွာ ရှိနေသည့် အတွက် ပညာရှင်များ၏ အကြံဉာဏ်များကို
စုစည်းကာ ချက်ချင်း ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းဟူ၍
Action Planများ ရေးဆွဲရန်အတွက် မြန်မာ့ပညာရေး မြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး
အမြန်ဆုံး အကောင်အထည်ဖေါ်သွားမည် ဖြစ်သည်ဟု အောက်တိုဘာ ၇ရက် နံနက်က နေပြည်တော်၌ ကျင်းပသော
လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်
သမ္မတက “မိမိတို့၏ ပညာရေး ကဏ္ဍသည် ကောင်းမွန်သော အချက်များ ရှိသကဲ့သို့ အားနည်းချက်များ၊
ချွတ်ယွင်းချက်များ၊ ပြုပြင်ရမည့် အချက်များစွာ ရှိနေကြောင်း၊ မူကောင်းပြီး လူလည်း
ကောင်းအောင် ပြုပြင်ရမည် ဖြစ်ကြောင်း၊ ပညာရေးတွင် အတွေ့အကြုံရှိသည့် ပညာရှင်များ၏ နိုင်ငံဖွံ့ဖြိုးရေးအတွက်
ပညာရေး အခန်းကဏ္ဍကို လက်ရှိ အခြေအနေထက် ပိုကောင်းအောင် ဖေါ်ဆောင်နိုင်မည့် အကြံဉာဏ်များကို
ယခု လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဖိတ်ခေါ်ဆွေးနွေးရခြင်း
ဖြစ်သည်”ဟု ပြောကြားခဲ့သည်။
ပညာရှင်ကြီးများအနေဖြင့်
နိုင်ငံဖွံ့ဖြိုးရေးအတွက် မိမိတို့၏ အတွေ့အကြုံများအား အခြေခံသည့် အမြင်များကို ပွင့်ပွင့်လင်းလင်း
တင်ပြဆွေးနွေးကြရန်နှင့် ပညာရေးသည် နိုင်ငံသားအားလုံး၏ လက်ရှိနှင့် အနာဂတ် အရေး ဖြစ်သည့်အတွက်
ယခု ဆွေးနွေးပွဲမှ ရရှိလာသော ရလာဒ်ကောင်းများကို အလေးအနက်ထားပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက်
ကြိုးပမ်း ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်ဟု သိရပါသည်။
Ref-Myanmar iCT

Post a Comment