ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကလည်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဘေးဒဏ်ခံနေရတဲ့
ကလေးငယ်ပေါင်း ၁ သိန်းကျော်ရှိပြီး ကလေးငယ်တွေရဲ့ အကျိုးအတွက် အကြမ်းဖက်
တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့
(ယူနီဆက်ဖ်)က တောင်းဆို လိုက်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကုန်နဲ့
ခုလဆန်းပိုင်းက ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့
အကြမ်းဖက်မှုတွေမှာ နေအိမ်တွေ မီးရှို့ခံရမှုတွေနဲ့ ပတ်သက်ပြီး
ရန်ကုန်အခြေစိုက် ယူနီဆက်ဖ်ရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ
ခုလိုတောင်းဆိုထားတာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်တွေ
စွန့်ခွာထွက်ပြေးကြရာမှာ ရွှေ့ပြောင်းခံ ကလေးငယ်တွေနဲ့ ပြည်သူလူထုတွေသာ
ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီး ကလေးငယ်တွေ မိသားစုတွေနဲ့
ရပ်ရွာလူထုတွေရဲ့ဘ၀တွေကို ပျက်စီးစေတဲ့အကြောင်းနဲ့ ခုချိန်ဟာ
မြန်မာနိုင်ငံက ကလေးငယ်တွေအားလုံးအတွက် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့
အချိန်တန်ပြီလို့ ယူနီဆက်ဖ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်
မစ္စတာ ဘာထရန် ဘိန်းဗဲလ်က ကြေညာချက်မှာ ပြောပါတယ်။
ရခိုင်ပြည်နယ်ပဋိပက္ခမှာ
အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ကလေးငယ်ပေါင်း ၁ သိန်းကျော်ရှိပြီး
ကလေးသူငယ် အခွင့်အရေးချိုးဖောက်ခံနေကြရတယ်လို့ ယူနီဆက်ဖ် ပြန်ကြားရေးအရာရှိ
ဦးရဲလွင်ဦးက ပြောပါတယ်။
“ကမ္ဘာ့ကလေးသူငယ်များအခွင့်အရေးကို
ဂျနီဗာမှာ လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံက အဖွဲ့ဝင်တနိုင်ငံပဲ။
လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်တော့ ကလေးတွေအခွင့်အရေးကို ချိုးဖောက်တာ
မှန်သမျှကို ကာကွယ်ရမယ်ဆိုတာ ရှိတယ်။ အခုဒီဒေသမှာ ကလေးသူငယ်
တသိန်းစွန်းစွန်းလောက်က အရမ်းဖက်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်။
သူတို့ရဲ့ ကျောင်းနေထိုင်ရေး၊ ပညာသင်ကြားရေး၊ မိသားစုတွေနဲ့ အတူနေထိုင်ရေး၊
ကျန်းမာရေး၊ ဒီလိုအဖြစ်မျိုးတွေ နောက်ထက် မဖြစ်ပွားဖို့အတွက် ယူနီဆက်ဖ်က
တိုက်တွန်းနှိုးဆော်ဖို့အတွက် အခုလို ထုတ်ပြန်ချက် ထုတ်ပြန်လိုက်ရတာပါ။ ”
ရခိုင်ပြည်နယ်က
အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေတဲ့
ပြုပြင်ပြောင်းလဲရေးတွေကို ထိခိုက်စေမှာဖြစ်ပြီး မြန်မာနိုင်ငံက
ကလေးငယ်တွေအားလုံးအပေါ် အနုတ်လက္ခဏာဆောင်တဲ့ ဂယက်ရိုက်ခတ်မှုတွေ
ဖြစ်ပေါ်လာနိုင်တဲ့အကြောင်းနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်သူတွေနဲ့
ကလေးငယ်တွေအပေါ် အကြမ်းဖက်သူတွေကို တရားဥပဒေနဲ့ အညီ
အရေးယူအပြစ်ပေးဖို့ကိုလည်း ယူနီဆက်ဖ်က တောင်းဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ
၂၀၁၂ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ လူအုပ်စုတွေအချင်းချင်း
အကြမ်းဖက်မီးရှို့မှုတွေကြောင့် လူပေါင်း ၂ သိန်းလောက် ပဋိပက္ခ
ခံစားနေကြတာရတာဖြစ်ပြီး အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
လတ်တလော
ပြီးခဲ့တဲ့သီတင်းပတ်တွေက သံတွဲမှာ ပြန်လည်ဖြစ်ပွားတဲ့ ပဋိပက္ခတွေ
အတွင်းမှာတော့ လူ ၅ ဦးသေဆုံးပြီး အိမ်ခြေ ၁၀၀ ကျော်
မီးလောင်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Subscribe to:
Post Comments (Atom)

Post a Comment