မြန်မာနိုင်ငံနှင့်
ဗီယက်နမ်နိုင်ငံတို့အကြား အောက်တိုဘာ ၂၆ရက်မှစကာ ၁၄ရက် ဗီဇာမလိုပဲ လွတ်လပ်စွာ သွားလာနိုင်တော့မည်
ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၆ရက်က
မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမေရိကန်နိုင်ငံ
နယူယောက်မြို့၌ ပြုလုပ်သည့် အစည်းအဝေးတွင် နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး
တစ်လအကြာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်စွာ သွားလာနိုင်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ
သိရသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနမှ
တာဝန်ရှိသူ တစ်ဦးက “နှစ်နိုင်ငံ ဝန်ကြီးတွေ သဘောတူလက်မှတ် ရေးထိုးပြီးသွားပါပြီ။ အဲဒီလို
MoUထိုးပြီး တစ်လအကြာမှာ အကျုံးဝင်ပါတယ်။ အဲဒီ တစ်လအတွင်းမှာတော့ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ဖို့အတွက်
နမူနာ ပုံစံတွေ ပို့ရတယ်”ဟု ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန ဗီဇာဌာနမှ တာဝန်ရှိသူ တစ်ဦးက “နှစ်နိုင်ငံတော့ သဘောတူ လက်မှတ်ရေးထိုးပြီးသွားပြီ။
ဘယ်နေ့စမယ်ဆိုတာကိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်မှ ဒီဘက်အပိုင်းက လုပ်ပေးလို့
ရတာပါ။ အခုထက်ထိတော့ ညွှန်ကြားမှု မရှိသေးပါဘူး”ဟု ရန်ကုန်တိုင်း နေ့စဉ်သတင်းစာသို့
ပြောသည်။
လက်ရှိ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပေးလျက်ရှိသည့် ဗီဇာအမျိုးအစားနှင့်
အခကြေးငွေ သတ်မှတ်ချက်များမှာ လုပ်ငန်းဗီဇာ ကန်ဒေါ်လာ ၅၀နှင့် ရက်ပေါင်း ၇၀၊ ပြန်ဝင်ဗီဇာ
ကန်ဒေါ်လာ ၄၀နှင့် ရက်ပေါင်း ၂၈ရက် (အလုပ်ရုံဆွေးနွေးပွဲ အစည်းအဝေးတွေ့ဆုံမှု)တို့
ပါဝင်ပြီး ဖြတ်သန်းဗီဇာ ကန်ဒေါ်လာ ၂၀နှင့် ၂၄နာရီ သတ်မှတ်ထားပြီး ဆိုက်ရောက်ဗီဇာတို့
ဖြစ်ပြီး သတ်မှတ် စည်းကမ်းချက်များနှင့် ညီညွတ်ပါက ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။
Ref-Myanmar iCT

Post a Comment