ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်ခရိုင်တရားရုံးတွင် လူသတ်မှု စစ်ဆေးရာ တရားလိုဖြစ်သူ ငပုတောမြို့မ ရဲစခန်းမှူးမှ
ကျမ်းကျိန်းရန် ငြင်းဆိုခဲ့သည့် ဖြစ်ရပ်အပေါ် တရားသူကြီးအနေဖြင့် တရားဥပဒေအတိုင်း ဆောင်ရွက်သင့်သည်ဟု
ဥပဒေပညာရှင်များက သုံးသပ်ဝေဖန်လျက်ရှိသည်။
အမှုတစ်ခုဖြစ်ပွားပါက
တရားရုံး၌ ကျမ်းကျိန်ရမည်ဆိုသော်လည်း ဧပြီလအတွင်း၌ ငပုတောမြို့နယ်၊ ၀က်စုကျေးရွာတွင်
ဖြစ်ပွားခဲ့သော လူသတ်မှုအတွက် တရားလိုစခန်းမှူးကို
ပုသိမ်ခရိုင် ဒုတိယခရိုင်တရားသူကြီး(၁)မှ ကျမ်းကျိန်ခိုင်းရာ ရဲဝန်ထမ်းအနေဖြင့်
သစ္စာအဓိဌာန်သာ ပြုရန်လိုပြီး ကျမ်းကျိန်ရန် ဥပဒေမရှိဟုဆိုကာ ကျမ်းကျိန်ခြင်းကို ရှောင်လွှဲခဲ့ခြင်းဖြစ်သည်။
"ဘယ်ဥပဒေမှာမှ
ရဲကိုကျမ်းကျိန်ရာကနေ ကင်းလွတ်ခွင့်ပေးထားတာမရှိဘူး၊ တရားသူကြီးအနေနဲ့ တကယ်တမ်း ကျိမ်းမကျိန်ဘူးဆိုရင်တော့
ကျုပ်တို့ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းတရားရုံးရှေ့ ရောက်ပြီး ကျမ်းမကျိန်ရင် မစစ်ဘဲနဲ့
ပြန်တော့လို့ ပြောပိုင်ခွင့်ရှိတယ်"ဟု ပဲခူးတိုင်း ၊ တိုင်းတရားသူကြီး (အငြိမ်းစား)
တစ်ဦးကပြောသည်။
ကျမ်းကျိန်မှုကို
မည်သူမဆို ဘာသာ၊ အာဏာစသည့် မည်သည့်သြဇာနှင့်မှ ရှောင်လွှဲ၍ မရကြောင်း၊ အင်္ဂလိပ်ခေတ်ကတည်းကရှိခဲ့သည့်
တရားရုံးလက်စွဲဥပဒေ(BCL)၏ သက်သေခံ ဥပဒေပုဒ်မ(၁)မှ(၁၆၇) အထိတွင် မပါဝင်ကြောင်း ကျမ်းကျိန်ရခြင်းမှာ
မဟုတ်မမှန်ထွက်ဆိုမိပါက အဆိုပါ ကျမ်းတွင် ပါရှိသည့်အတိုင်း အထိခိုက်ခံရကြောင်း ၊ မှန်သောစကားထွက်ဆိုပါက
ကျမ်းပါအတိုင်း ကောင်းကျိုးရမည့် အချက်များ ပါဝင်နေခြင်းကြောင့် မည်သူမဆို ကျမ်းကိုင်ပြီးမှ
တရားရုံးတွင် ထွက်ဆိုရမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
" တရားရုံးမှာ
တရားသူကြီးက ခိုင်းရင် လုပ်ကိုလုပ်ရမှာပဲလေ၊ ဒါကိုမလုပ်ဘဲ ငြင်းတယ်ဆိုရင်တော့ တာဝန်ကျ
တရားသူကြီးရဲ့တာဝန်ဖြစ်သွားပြီ ကျန်တာတွေက သူဆက်လုပ်ရမှာလေ"ဟု ပြည်သူ့လွှတ်တော်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် ကပြောသည်။
ငပုတောမြို့မ
ရဲစခန်းမှူးသည် ကျမ်းကျိန်ခြင်းအစား ရဲဝန်ထမ်းတို့၏ ရွှတ်ဆိုမှုအတိုင်း မှန်ကန်စွာ ထွက်ဆိုပါမည်ဟု
လေးနက်တည်ကြည်စွာ သစ္စာအဓိဌာန်ပြုပါသည်ဟု ကျယ်လောင်စွာရွှတ်ဆို၍ ထွက်ဆိုချက်ခဲ့ခြင်းကို
ဒုတိယခရိုင်တရားသူကြီး(၁)က လက်ခံခဲ့ခြင်းဖြစ်သည်။
ဧပြီလလယ်တွင်
ငပုတောမြို့နယ် ၀က်စုကျေးရွာတွင် နေထိုင်သည့် လင်မယား(၂)ဦး စကားများရန်ဖြစ်ရာမှ ဇနီးမှ
လင်ယောင်္ကျားဖြစ်သူအား သတ်ဖြတ်ခဲ့သည့် လူသတ်မှုအတွက် သက်ဆိုင်ရာ ရဲစခန်းမှ တရားလိုပြုလုပ်၍
အမှုရင်ဆိုင်ရခြင်းဖြစ်သည်။
မျိုးမင်းထွန်း
- ဧရာဝတီတိုင်း(မြစ်မခ)

Post a Comment