ပုသိမ်-ရန်ကုန် နေ့စဉ် ပြေးဆွဲနေတဲ့ ချမ်းမြေ့အေး ခရီးသည်တင်ယာဉ်လိုင်းကို ပုသိမ်မြို့ခံတွေက ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
လူမှုရေးအရ တာဝန်ယူဖို့ ပျက်ကွက်တာကြောင့်လို့ ဆိုပါတယ်။
၂၀၁၂
ခုနှစ် မေလ ၁၀ ရက်နေ့က ချမ်းမြေ့အေးယာဉ်လိုင်းက ယာဉ်တစီးက
ဆိုင်ကယ်မောင်းလာတဲ့ ဈေးသည်လင်မယားကို ၀င်တိုက်ခဲ့ကြောင်း၊
ကိုကျော်မျိုးလှိုင်နဲ့ ဇနီးဖြစ်သူ မအေးအေးမွန်တို့ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး
ရန်ကုန်မြို့မှာ ကုသမှု ခံယူဖို့ အရေးပေါ်ပို့ခဲ့ရကြောင်း
ဆန္ဒပြသူတွေပြောဆိုချက်အရ သိရပါတယ်။
ယာဉ်လိုင်းပိုင်ရှင်
ဦးမြသိန်းက ဆေးရုံကို ရောက်လာပြီး ဆေးကုသစရိတ်၊ နစ်နာဆုံးရှုံးမှုတွေကို
တာဝန်ယူမယ်လို့ ကတိပေးခဲ့ကြောင်း ကိုကျော်မျိုးလှိုင်ရဲ့ဖခင်ဖြစ်သူ ဦးလှဝေက
ပြောပါတယ်။
“ဦးမြသိန်း ဆေးရုံကိုရောက်လာပြီး
ကျနော့်သားနဲ့ချွေးမကို ရန်ကုန်ပို့ဖို့ လူနာတင်ယာဉ် ၂ စီးစာကို ၁
စီးဖိုးပေးပြီး ကျန် ၁ စီးစာကိုလည်း ပေးမယ်။
ဆေးကုသစရိတ်နဲ့
ဆုံးရှုံးနစ်နာ တာတွေကို သူတာဝန်ယူပါတယ်လို့ ပြောခဲ့တယ်။ တကယ်တမ်းကျတော့
အဲဒီနေ့က ပေးခဲ့တဲ့ လူနာတင်ယာဉ်ဖိုး ၁ သိန်း ၂ သောင်းက လွဲလို့ ဒီကနေ့အထိ
လူလည်း လာမကြည့်ဘူး။ ငွေလည်း တပြားတချပ်မှ ကူညီထောက်ပံ့ခြင်း မရှိခဲ့ပါဘူး”
လို့ သူက ပြောပါတယ်။
ကာယကံရှင် ကိုကျော်မျိုးလှိုင်ကလည်း ကူညီထောက်ပံ့မှု မရတဲ့အတွက် မိမိနေအိမ်ကိုပင် ရောင်းချ၍ ဆေးကုခဲ့ရကြောင်း ပြောပါတယ်။
“ကျနော်က
ဘူတာဈေးကအပြန်မှာ ကုန်သည်လမ်းဘက်ကိုလည်း ကွေ့လိုက်ရော
လမ်းပြောင်းပြန်မောင်းဝင်လာတဲ့ ချမ်းမြေ့အေးကားက ကျနော့်ဆိုင်ကယ်
ဘယ်ဘက်ခြမ်းကို ၀င်ချိတ်ပစ်တာ။
ကျနော်ဆို ယာဉ်တိုက်မိချိန်ကတည်းက ခေါင်းကိုထိသွားတော့ သတိလစ်သွားတာ ရန်ကုန်ဆေးရုံကြီးရောက်တာတောင် မသိဘူး။
တလခွဲလောက်
ဆေးကုပြီး အိမ်ပြန်လာတော့မှ ကျနော့်အိမ် မရှိတော့ဘူး။ အဲဒီကျမှ
ဆေးဖိုးအတွက် အိမ်ရောင်းထားပြီဆိုတာ သိရတယ်” လို့ သူက ပြောပါတယ်။
အဲဒီယာဉ်တိုက်မှုဖြစ်စဉ်ကို
ပုသိမ်မြို့ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံးက တရားလိုပြုလုပ်ပြီး
ဝင်တိုက်တဲ့ ကားမောင်းသူ၊ အတိုက်ခံရတဲ့ ကိုကျော်မျိုးလှိုင်ကိုပါ
ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
“ကျနော့်သားက
ကားနဲ့လည်း အတိုက်ခံရတယ်။ တရားခံလည်း ဖြစ်နေတယ်။ ဒါဟာ လုံးဝ
မတရားတဲ့ကိစ္စပါ။ ရုံးမတင်ခင်က ချမ်းမြေ့အေးကားလိုင်းကို အမှုဖွင့်ဖို့
အသည်ကြီးရဲစခန်းကို ကျနော်သွားခဲ့ပါသေးတယ်။ ယာဉ်ထိန်းရဲက ဒီကိစ္စကို
အမှုဖွင့်ပြီးသား ဖြစ်နေလို့ အမှုထပ်ဖွင့်လို့မရတော့ဘူးဆိုပြီး စခန်းက
အမှုမဖွင့်ပေးခဲ့ပါဘူး” လို့ ဦးလှဝေက ပြောပါတယ်။
ဒီအမှုကို
တရားရုံးမှာစစ်ဆေးတော့ ကိုကျော်မျိုးလှိုင်ရော ချမ်းမြေ့အေးကားပါ
လမ်းပြောင်းပြန် မောင်းလို့ တိုက်မိတဲ့ပုံစံအဖြစ် အမှုတွဲတင်ထားတာ
တွေ့ရတယ်လို့ ပုသိမ်မြို့ အမျိုးသား ဒီမိုကရေစီကွန်ရက်မှ ဥပဒေပညာရှင်
ဦးအောင်သူရက ပြောပါတယ်။
“ကျော်မျိုးလှိုင်က
သူ့မောင်းရမယ့်လမ်းကြောင်းအတိုင်း ကွေ့လိုက်တယ်။ အဲဒီမှာ ချမ်းမြေ့အေးကားက
လမ်းပြောင်းပြန် မီးပိတ်ပြီးမောင်းဝင်လာလို့ ကိုကျော်မျိုးလှိုင်နဲ့
တိုက်မိတာ။ ဒါကို တာဝန်ရှိသူတွေက အောက်ခြေမှာ သက်သေတွေကို
သေချာမစုံစမ်းဘဲနဲ့ အမှုတွဲတင်လိုက်တော့ ဖြစ်ရပ်က တလွဲဖြစ်နေတယ်”လို့ သူက
ပြောပါတယ်။
ဒီကနေ့ ချမ်းမြေ့အေးယာဉ်လိုင်းကို ဆန္ဒပြတဲ့ပွဲမှာ
ပုသိမ်မြို့ခံတွေ၊ ကွန်ရက်ပေါင်းစုံက အဖွဲ့ဝင်တွေအပါအ၀င် တက်ကြွလှုပ်ရှားသူ
၁၅၀ ခန့် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ...
“ဓနအင်အားနဲ့ ဖုံးဖိထား အမှန်တရား ဖော်ထုတ်မည်”
“လူမှုရေးခေါင်းပါး ချမ်းမြေ့အေး အားမပေးနဲ့ ဆန့်ကျင်ပါ”
“မှန်ကန်သော တရားဥပဒေစိုးမိုးရေး - ဒို့အရေး”
စတဲ့
ပိုစတာတွေအပြင် ယာဉ်တိုက်မှုဖြစ်စဉ် ဓာတ်ပုံကြီးတွေကိုင်ဆောင်ပြီးတော့
တကောင်းဘုရားကနေ ရွှေမုဋ္ဌောဘုရား အနီးမှာရှိတဲ့
ချမ်းမြေ့အေးယာဉ်လိုင်းရှေ့မှာပါ အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။
“ဒီကနေ့
ကျနော်တို့ ဆန္ဒပြရတဲ့ရည်ရွယ်ချက်ကတော့ လူမှုရေးခေါင်းပါးတဲ့ ချမ်းမြေ့အေး
ယာဉ်လိုင်းအကြောင်းကို အားလုံးသိသွားပြီး အားပေးစီးနင်းခြင်းမပြုဖို့နဲ့
တရားရုံးနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမှုကို မှန်မှန်ကန်ကန် တည်ဆောက်ပြီး
အမှန်အတိုင်းဆုံးဖြတ်ပေးဖို့ တောင်းဆိုတာပါ”ဟု ဆန္ဒပြအဖွဲ့ခေါင်းဆောင်
အမျိုးသားဒီမိုကရေစီကွန်ရက်မှ ဦးသန်းဝင်းက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့်
နစ်နာခဲ့သူတွေက တနာရီခွဲကြာ ဆန္ဒပြအပြိးမှာတော့ ပုသိမ်မြို့
မဟာဗန္ဓုလလမ်းရှိ ဒေါက်တာ သန်းထိုက်ရဲ့ “အောင်” ဆေးခန်းမှာ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
(ဧရာဝတီ)
Subscribe to:
Post Comments (Atom)

Post a Comment