မသန်စွမ်းသူများ၏
ပညာရေးဆိုင်ရာ အခွင့်အရေးများအား ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းနိုင်ရန် လွှတ်
တော်တွင် တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ မသန်စွမ်းသူများ ရရှိခံစားနိုင်မည့်အခွင့်အရေးများအား
အစိုးရကိုယ်စား မြန်မာနိုင်ငံတော် သမ္မတကိုယ်တိုင် လုပ်ကိုင်ပေးနိုင်စေရန်
လွှတ်တော်သို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဧဒင်
မသန်စွမ်းသက်ငယ်များပြုစုရာ ပညာရေးရိပ်မြုံမှ အုပ်ချုပ်မှုဒါရိုက်တာ
ဦးထအုပ်က ပြောသည်။"မသန်စွမ်းသူ အခွင့်အရေးတွေကို ဥပဒေအဖြစ် လွှတ်တော်မှာ ပြဋ္ဌာန်းပေးစေချင်ပါတယ်။ အစိုးရ ကိုယ်စား သမ္မတကိုယ်တိုင် လုပ်ပေးစေချင်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့လဲ ကျွန်တော်တို့ကိုယ်တိုင် တောင်းဆိုသွားဖို့ရှိပါတယ်။ တခြားနိုင်ငံတွေမှာ Special Education Need ဆိုပြီး အထူးကျောင်းတွေ အဖြစ် လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာလဲ အထူးကျောင်းတွေ အမြစ်တွယ်ဖို့ လိုပါတယ်။ လူတိုင်းအကျုံးဝင်ပညာရေးစနစ် ချမှတ်ပြဋ္ဌာန်းပေးနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့နိုင်ငံက မသန်စွမ်း သူတွေဟာ များသောအားဖြင့် ခွဲခြားဆက်ဆံခံရတာတွေ အများကြီးပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေး အများစုဟာ ပင်မကျောင်းပညာရေးကို ရရှိမခံစားခဲ့ရပါဘူး။ မသန်စွမ်းကလေးတွေကို ကျောင်းမနေနိုင် အောင်တားမြစ်ထားတဲ့ အတားအဆီးတွေနဲ့ ဒီကလေးတွေအတွက် လိုက်လျောညီထွေမှုမရှိတဲ့ သင်ကြားနည်းစနစ်တွေကြောင့်ပါပဲ။ တစ်ပြေးညီသင်ကြားခွင့်ရဖို့အတွက်နဲ့ သူတို့နဲ့ကိုက်ညီမယ့် သင်ကြားနည်းစနစ်တွေ ပြဋ္ဌာန်းပေးစေချင်ပါတယ်" ဟု ဆိုသည်။
လူသားတိုင်း၊ ပညာသင်ကြားပိုင်ခွင့်ရရှိရေးအား ၁၉၄၈ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာတမ်း အပိုဒ် (၂၆) တွင်ဖော်ပြထားကြောင်း သိရသည်။
မသန်စွမ်းသူများသည် တက္ကသိုလ်၊ ကောလိပ်များတွင် အဆင့်မြင့်ပညာရပ်များ လေ့လာသင်ယူနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်ရရှိတဲ့နှုန်းက ရာခိုင်နှုန်း ၅၀ တောင် မရှိပါဘူး။ မသန်စွမ်းသူထက်ဝက်ကျော်လောက် ပညာသင်ကြားခွင့်မရခဲ့တာလဲ ပါပါတယ်။ ပညာရေးဆိုင်ရာ သုတေသနပိုင်းတွေမှာ မသန်စွမ်းဖြစ်ပေမယ့်လဲ ပါဝင်သင့်ပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး ကို ချမှတ်ဖို့မူဝါဒရှိရမယ်။ ဥပဒေရှိရမယ်။ ဥပဒေနောက်မှာလဲ ဘတ်ဂျတ်ရှိရမယ်။ ပညာရေးဝန်ကြီး ဌာနအနေနဲ့လဲ ဒီလိုအရာတွေကို ပါဝင်ဆောင်ရွက်သင့်ပါတယ်" ဟု ရွှေမင်းသားဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
The Yangon Times Daily
အတွဲ(၁)၊ အမှတ်(၁၃၂)၊ အောက်တိုဘာ ၁၊ ၂၀၁၃
Post a Comment