ရန်ကုန်၊ အောက်တိုဘာ ၇
ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာ လုပ်ကိုင်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာ
ရွှေ့ပြောင်း အလုပ်သမားများကို မြန်မာနိုင်ငံကူး လက်မှတ် (စာအုပ်အနီ)
အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နေပြည်တော်ရုံးရှိ Complaint
Mechanism မှ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ခွာခွင့်ပြုသည့် နယ်စပ်မြို့များ
ဖြစ်သည့် မြဝတီ၊ ကော့သောင်း၊ တာချီလိတ်မြို့တို့မှတစ်ဆင့် သွားရောက်
လုပ်ကိုင်မည့် သူများကိုလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း
၎င်းကဆိုသည်။
မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးမည့်ကိစ္စ အသေးစိတ်ကို ထိုင်းနှင့်
မြန်မာနှစ်နိုင်ငံ အလုပ်သမား ဝန်ကြီးအဆင့် တွေ့ဆုံ ဆွေးနွေးမှုအပြီး
အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ် ကြောင်း ပြန်ကြားရေး တာဝန်ခံက
ပြောကြားသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာလုပ်သားများ ကိုင်ဆောင်နေသည့်
ယာယီနိုင်ငံကူး လက်မှတ်မှာ (ခရမ်းရောင်) ဖြစ်ပြီး ထိုင်းနိုင်ငံ
တစ်နိုင်ငံတည်းတွင်သာ တရားဝင် လုပ်ကိုင်ခွင့် ပြုထားသော သီးခြားလက်မှတ်
ဖြစ်သည်။
ယင်းလက်မှတ်အစား မြန်မာနိုင်ငံကူး လက်မှတ်ကို ပြောင်းလဲ ထုတ်ပေးရန်
စီစဉ်နေခြင်း ဖြစ်ရာ ထိုင်းရောက် မြန်မာလုပ်သားများအတွက် များစွာ
အဆင်ပြေနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားတစ်ဦးက ဆိုသည်။
နိုင်ငံကူးလက်မှတ် (စာအုပ်အနီ) ကို ထိုင်းနိုင်ငံတွင် တရားမဝင် လုပ်သားများ
အထောက်အထား ထုတ်ပေးသည့် ရုံးများ၌ ထုတ်ပေးရန် စီစဉ်ထားကြောင်း အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
တရားမဝင် လုပ်သားများကို တရားဝင် မှတ်ပုံတင် ပေးရာတွင် ပွဲစားများ၏ ကြားဝင်
လုပ်ဆောင်မှုကြောင့် စရိတ်အဆမတန် ပိုကုန်ကျကြောင်း ထိုင်းနိုင်ငံ အခြေစိုက်
ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေး ကွန်ရက်မှ ဒါရိုက်တာစိန်ဌေးက
ပြောကြားသည်။
“ပွဲစားရဲ့ အခန်းကဏ္ဍကို ထိန်းချုပ်သင့်တယ်” ဟု ၎င်းကဆိုသည်။
မြန်မာအစိုးရ စာရင်းများအရ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၁ ဒသမ ၇
သန်းကျော်မှာ ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်သည်။
The Voice Weekly
Home
»
မြန်မာ့သတင်း
» ထိုင်းရောက် မြန်မာလုပ်သားများကို ယာယီလက်မှတ်အစား နိုင်ငံကူး လက်မှတ် ပြောင်းထုတ်ပေးမည်
Subscribe to:
Post Comments (Atom)

Post a Comment