မြန်မာနိုင်ငံအတွင်း
ဆက်သွယ်ရေးဝန်ဆောင်မှုများအား လုပ်ကိုင်ရာတွင် ဆောင်ရွက်မှုနည်းဗျူဟာကို Ooredoo နှင့်
Telenor တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း Ooredoo Myanmar ၏ CEO Mr. Ross
Cormack က ပြောသည်။
ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူ
ပြည်ပအော်ပရေတာနှစ်ခုအနေဖြင့် ပိုမိုလျင်မြန်သည့် ဝန်ဆောင်မှုများအတွက် အခြေခံအဆောက်အအုံများကို
မျှဝေသွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုများကို ကန့်သတ်ရန်၊ သုံးစွဲသူများ
ကုန်ကျစရိတ်သက်သာစေရန် လိုအပ်ကြောင်း၎င်းက ပြောသည်။ “စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊
အခြားလုပ်ငန်းများကို မိုဘိုင်းဖုန်းကနေ အချက်အလက်တွေ ရနိုင်အောင် အကောင်အထည်ဖော်နိုင်မယ်ဆိုရင်
နောက်ငါးနှစ်အတွင်းမှာ များစွာတိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
3G
Network ကို အခြေခံသည့်ဝန်ဆောင်မှုအစရှိသည်တို့အားအတူတကွပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
ဆက်သွယ်ရေးလုပ်ငန်းတွင် လျင်မြန်သည့်တိုးတက်မှုများကို ရရှိနိုင်ရန်အတွက်
အတူတကွလုပ်ဆောင်ရန် အလေးထားသည်ဟု Mr. Ross Cormack က ပြောသည်။ “အခြေခံအဆောက်အအုံတည်ဆောက်မှုအပိုင်းမှာ
ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိစေမယ့်ဆောင်ရွက်ချက်ကို
အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်” ဟု Telenor Myanmar ၏ CEO Mr. Petter Furberg က ပြောသည်။
ဟန်းဆက်ထုတ်လုပ်မှုအပိုင်းနှင့်
ပတ်သက်၍လည်း မည်သည့်စနစ်နှင့် အသုံးတည့်သည်ဆိုသည်ကို အများပြည်သူအား နားလည်အောင် ပြောပြရန်လိုအပ်ကြောင်း
Mr. Ross Cormack က ပြောသည်။ “ဟန်းဆက်တစ်ခုက စနစ်အားလုံးသုံးနိုင်တယ်ဆိုတာ မရှိပါဘူး။
ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဟန်းဆက်တွေက သဟဇာတဖြစ်ဖို့လိုတယ်” ဟု ၎င်းကပြောသည်။ အဆိုပါ ပြည်ပအော်ပရေတာနှစ်ခုအနေဖြင့်
ပြည်တွင်းတွင် ဈေးနှုန်းချိုသာပြီး သုံးစွဲရလွယ်ကူသော မိုဘိုင်းဝန်ဆောင်မှုများမှတစ်ဆင့်
လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအတွက် စီးပွားရေးအရသော်လည်းကောင်း၊
နည်းပညာအရသော်လည်းကောင်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လုပ်ငန်းများမှ
နည်းပညာမြင့်များကို မြန်မာနိုင်ငံတွင်အသုံးပြုသွားမည်ဖြစ်ကြောင်း Myanmar Connect
2013 တွင်ပြောကြားခဲ့သည်။
ထွန်းထွန်း၊ နေပြည်တော်
Myanmar Internet Journal

Post a Comment