Apple ကုမ္ပဏီက ထုတ်လုပ်သည့် iPhone များကို ကမ္ဘာအနှံ့ ရူးသွပ်စွဲလန်းသူ
အများအပြား ရှိသော်လည်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဆယ်ကျော်သက်
လူငယ်နှစ်ဦးကမူ အတန်ငယ် လွန်ကဲသည်ဟု ဆိုနိုင်မည် ဖြစ်သည်။ Apple ၏
မျိုးဆက်သစ် စမတ်ဖုန်းများဖြစ်သည့် iPhone 5S နှင့် iPhone 5C တို့ကို
သောကြာနေ့တွင် စတင်ရောင်းချသွားမည်ဟု တရားဝင် ကြေညာထားသော်လည်း အသက် (၁၇)
နှစ်အရွယ် ဂတ်ဒ်ဟာရာရီက ယင်းမတိုင်မီ (၄) ရက် အလိုကတည်းက Apple
အရောင်းဆိုင်ရှေ့တွင် တန်းစီ စောင့်ဆိုင်းလျှက် ရှိသည်။ ဟာရာရီသည်
လန်ဒန်တွင် iPhone 5S ကို ပထမဆုံး ဝယ်ယူကိုင်တွယ်နိုင်သူ အဖြစ်
ဂုဏ်ယူလိုခြင်းကြောင့် စောစီးစွာဖြင့် ဝီရိယကြီးကြီး စောင့်မျှော်နေခြင်း
ဖြစ်သည်။ iPhone 5S သည် လက်ဗွေမှတ်သားမှု စနစ်သစ်နှင့် ပွဲထွက်လာမည်ဟု Apple
က ကြေညာထားပြီး ဖြစ်သည်။
ဟာရာရီသည် Apple အရောင်းဆိုင်ရှေ့တွင် ယာယီ ရွက်ဖျင်တဲလေး ထိုးထားပြီး
စောင့်ဆိုင်းနေသလို ၎င်း၏ သက်တူရွယ်တူ သူငယ်ချင်း နိုအာဂရင်းသည်လည်း
အစိမ်းရောင် ရွက်ဖျင်တဲငယ်လေး တစ်ခု ထိုးထားလိုက်သည်။ “ကျွန်တော်တို့
နှစ်ယောက်လုံးက iPhone အသစ်ကို ပထမဆုံး ကိုင်ချင်ကြတာလေ” ဟု ဟာရာရီက
ဆိုသည်။ ၎င်းက “ကျွန်တော်တို့ ရှေ့ဆုံးနေရာက တန်းစီချင်တယ်။ လုံးဝဥဿုံ
ရှေ့ဆုံးနေရာ ဖြစ်နေချင်တာ” ဟုလည်း ပြောကြားခဲ့သည်။
၎င်းက လက်ရှိ တန်းစီနေရာကို ပြန်လည်ရောင်းချရန် အစီအစဉ် ရှိမရှိ
မေးမြန်းရာ၌ “Apple ထုတ်ကုန်တွေကို ရူးသွပ်စွဲလန်းသူတွေဆီက ကမ်းလှမ်းလာတာ
ရှိနိုင်ပါတယ်။ လောလောဆယ် ကျွန်တော့်မှာ ဒီနေရာကို ပြန်ရောင်းနိုင်တဲ့
အခွင့်အရေး ရှိတယ်။ တကယ်လို့ ပေါင်စတာလင် (၁၀၀၀) ထိ ဈေးပေးပြီး
ကမ်းလှမ်းလာရင်တော့ ကျွန်တော့်နေရာကို ရောင်းဖို့ စဉ်းစားပါမယ်။
ဒီဈေးသတ်မှတ်ချက်က များပါတယ်။ ဒါပေမဲ့ အဲဒီသတ်မှတ်ချက်အတိုင်း
တကယ်ဈေးပေးမယ့် လူတွေလည်း ရှိနေနိုင်တယ်” ဟု ဖြေကြားခဲ့သည်။
ဟာရာရီသည် အဝတ်အစားအိတ်၊ အပျင်းပြေဖတ်ရှုရန် စာအုပ်များကိုပါ ယူဆောင်ကာ
ရွက်ဖျင်တဲထိုးပြီး အကျအန စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ၎င်းရော၊ ဂရင်းပါ
iPhone 5S ကို ဝယ်ယူမည်ဖြစ်ပြီး တန်ဖိုးပိုနည်းသည့် iPhone 5C ကို
စိတ်မဝင်စားကြဟု ဆိုသည်။ ဂရင်းက “iPhone အသစ် စရောင်းမှ ဝင်တန်းစီတယ်
ဆိုတာက အကောင်းဆုံး စိတ်ကူးစိတ်သန်းလို့ ကျွန်တော် မထင်ပါဘူး။
ကျွန်တော်ကတော့ iPhone အသစ်အတွက် အရမ်း စိတ်လှုပ်ရှားနေပါတယ်။ အခု
စတင်ရောင်းချမှု အစီအစဉ်ဟာ ကျွန်တော် ကြုံဖူးသမျှ အခမ်းနားဆုံးလည်း
ဖြစ်လိမ့်မယ် ထင်ပါတယ်” ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။
Ref & Credit: Planet Myanmar Network
Subscribe to:
Post Comments (Atom)

Post a Comment