အခြေခံ လက်လုပ်လက်စားဘ၀တွေ
ဘာကြောင့် မတိုးတက်တာလည်းလို့ ခုတစ်လော စဉ်းစားနေမိတယ်။ သူတို့တွေရဲ့ တစ်နေ့တာ ပုံမှန်
၀င်ငွေတွေကော ဘယ်လောက်ရကြလို့လဲ။ နိုင်ငံကြီး တစ်နိုင်ငံ ပြောင်းလဲဖို့ဆိုတာ အလွှာပေါင်းစုံက
ကြိုးစားမှု လိုတယ်လို့ မြင်မိတယ်။ ခုကတော့ ပြောင်းလဲနေပြီလို့ လူအတော်များများက ပြောကြတယ်။
အင်း မြင်ရတာကတော့ ခုဆို ဘုရင့်နောင် ခုံးကျော်အတွက်လည်း လုပ်ငန်းတွေ စပြီး အပြီးသတ်တော့မယ်။
နောက်
ရွေှဂုံတိုင်တံတားကြီးလည်း အလုပ်စနေတာကို တွေ့ရှိရတယ်။ ဒါဆိုရင်တော့ ပြောင်းတော့
ပြောင်းလဲနေပြီး လူတွေပဲ ပြောင်းလဲဖို့ လိုတော့တယ်ဆိုတာ သိသာ ထင်ရှားနေပါပြီ။ ဒါဆိုရင်တော့
တစ်နေ့တာ လက်လုပ် လက်စားဘ၀တွေကိုလည်း မြှင့်တင်ပေးဖို့ မလိုပေဘူးလား။ သူတို့တွေရဲ့ဘ၀က
လစာနေလို့ ဒီနေရာကနေ မတက်တာလား ဒါလည်း မဟုတ်ဘူးဆိုတာ လေ့လာမိသလောက် သိရတယ်။ ဘယ်လိုကြောင့်ဆိုတာ
စဉ်းစားလို့ကို မရဘူး။ တစ်နေ့ ကားစီးရင်း ဘေးက အစ်မတစ်ယောက်နဲ့ စကားစမြည် ပြောကြည့်မိတယ်။
သူက ဘယ်ပြန်မှာလဲ မေးရင်းနဲ့ ကိုယ်ကလည်း အပြန်အလှန်ပြန်မေးကြည့်မိတယ်။ သူနေတာက ကြည့်မြင်တိုင်
တစ်ဖက်ကမ်း အေးရွာလေးမှာ နေတယ်တဲ့။
မနော ။ ။ အစ်မ ခုချိန်
ကူးတို့လှေ ရှိလို့လား။ မေးကြည့်လိုက်တော့
အေးရွာလေး။ ။ ရှိပါတယ်။
တစ်ညလုံး သမ္မာန်လှေလေးတွေ လှော်ခတ်တယ်။
မနော ။ ။ လှေစီးခက
တစ်ဖက်ကမ်းကိုဆို ဘယ်လောက်ရှိလဲ။
အေးရွာလေး။ ။ လူတစ်ဦးကို
၂၀၀ ကျပ် ပေးရပါတယ်။
မနော ။ ။ တစ်စီးကို
ဘယ်နှယောက်တင်ပါသလဲ။
အေးရွာလေး။ ။ တစ်စီးကို
ငါးဦးပဲတင်ပါတယ်။
မနော ။ ။ အစ်မတို့ရွာမှာ
အိမ်ခြေဘယ်လောက်ရှိလဲ။
အေးရွာလေး။ ။ ရွာကတော့
အိမ်ခြေ အတော်များပါတယ်။ ၃၀၀ ကျော်လောက်တော့ ရှိပါတယ်။
မနော ။ ။ အစ်မတို့ဘက်က
ဘာလုပ်ငန်းတွေ လုပ်ကိုင်တာများလဲ။
အေးရွာလေး။ ။ အစ်မတို့က
ဒီဘက်ကမ်း စံပြငါးဈေးမှာ ညပိုင်း ငါးခြစ်တဲ့ လုပ်ငန်းကို လာရောက် လုပ်ကိုင်ပါတယ်။ အချိန်ကတော့
ည ၂ နာရီကနေ မနက် ၅ နာရီ၊ ၆ နာရီလောက်ထိ လုပ်ပါတယ်။
မနော ။ ။ ငါးခြစ်လုပ်ငန်းဆိုတာ
ဘယ်လိုမျိုးလဲ။ ဘာငါးတွေခြစ်တာလဲအစ်မ။
အေးရွာလေး။ ။ ငါးခြစ်ဆိုတာ
ငါးမြစ်ချင်းကို ခြစ်ရတာပါ။ ဒိုင်တွေကနေ ဒီလုပ်ငန်းကို အကြီးအကျယ် လုပ်ပါတယ်။ ကျွန်မတို့
တစ်ရွာလုံးလည်း ဒီငါးခြစ်လုပ်ငန်းမှာ လုပ်တာနဲ့ လှေသမ္မာန်လုပ်ငန်းကို လုပ်ကိုင် စားသောက်ကြတဲ့သူတွေပါပဲ။
ကျွန်မတို့ဆီမှာ ကလေးရော လူကြီးရော ဒီလုပ်ငန်းနဲ့ပဲ အသက်မွေးပါတယ်။ အဆင်လည်း ပြေကြပါတယ်။
မနော ။ ။ ငါးခြစ်တာက
ဘယ်လောက်ရလဲ။ နေ့စားသဘောမျိုးလား။ လပေး ရှင်းတာလား။
အေးရွာလေး။ ။ ငါးခြစ်တဲ့အခါ
နေ့စား သဘောမျိုးပေါ့လေ။ တစ်နေ့မှာ ကိုယ် ပြီးသလောက်ကို ရှင်းပေးပါတယ်။ ငါးတစ်ပိဿာ
ခြစ်ပြီးရင် ၃၀၀ ကျပ် ရပါတယ်။
မနော ။ ။ ဟင် ဒါဆို
အများကြီးခြစ်ရမှာပေါ့။ တစ်နေ့ကို ဘယ်လောက်ခြစ်ပြီးလဲ။
အေးရွာလေး။ ။ တစ်ပိဿာခြစ်တာက
ခဏလေးနဲ့ ပြီးပါတယ်။ အမ ပုံမှန်တစ်ညကို အချိန် ၂၀လောက် ပြီးတယ်။ လုပ်ခကတော့ တစ်နေ့ကို
၆၀၀၀ ကျပ်လောက်ရတာပေါ့။
မနော ။ ။ ဟာ ဒါဆို
မနည်းဘူးပဲ။ ကျွန်မတို့ ကုမ္ပဏီ၀န်ထမ်းတွေတောင် တစ်နေ့ကို ဒီလောက်မရဘူး။ ငါးခြစ်ရတာ
ခက်လားအစ်မ။ ဒီလောက်တောင် ရတယ်ဆိုရင် ကျွန်မလည်း လုပ်ငန်းပြောင်း လုပ်ကြည့်ရင် ကောင်းမလားမသိ။
(ပြုံးလျှက်)
အေးရွာလေး။ ။ အစပိုင်းကတော့
ခက်တာပေါ့။ ခုံးခွံတွေနဲ့ ခြစ်ရတာလေ။ နောက်ပိုင်းကျတော့လည်း လွယ်သွားတာပေါ့။ ကျွန်မတို့ဆီက
ကျောင်းမတက်တော့တဲ့ ကလေးတွေဆို ဒီငါးခြစ်တာကိုပဲ ပုံမှန်လုပ်တာ ခြစ်ရုံနဲ့ မရဘူး အိတ်တွေထဲမှာ
တစ်ခါထဲ ထည့်ပေးရတာ။ သူတို့က နယ်တွေကော ဆိုင်ကြီးတွေကော တစ်ခါထဲ ပို့တာဆိုတော့ မနက်မလင်းခင်ကို
အပြီးလုပ်ရတာဆိုတော့ နားတော့ မနားရဘူးပေါ့။ ၀င်ငွေကတော့ လောက်ပါတယ်။ တစ်နေ့ကို ၆၀၀၀
လောက်ကတော့ ပုံမှန်၀င်တယ်။
မနော ။ ။ ဒါဆို စံပြငါးဈေးကြီးရွှေ့သွားမယ်ဆို
အစ်မတို့ ဘယ်လိုလုပ်မလဲ။
အေးရွာလေး။ ။ အစ်မတို့ကတော့
ရွှေ့သွားလည်း လိုက်လုပ်ရမှာပဲလေ။ နောက်ပြီး ဒီနေရာက ကုန်ပစ္စည်းပို့တာ သယ်တာလည်း အဆင်ပြေတယ်လေ။
မနော ။ ။ အစ်မတို့
အလုပ်လုပ်ရတာ နေရာကျယ်လို့လား။ အဲဒီ စံပြငါးဈေး ဆိုတာကြီးကို မရောက်ဖူးဘူး။
အေးရွာလေး။ ။ ဒီလုပ်ငန်းကြောင့်
ကိုယ်ပိုင် အိမ်နေရာရှိတဲ့သူတွေက ကိုယ့်ရဲ့အိမ်ရှေ့လေးတွေမှာ လူတစ်ယောက်စာ နေရာတောင်
ရောင်းစားလို့ ရတယ်လေ။ ငါးခြစ်ဖို့အတွက် နေရာငှားတဲ့ သဘောပေါ့။ တစ်နေရာကို ၂၅၀၀ ကျပ်နဲ့
တစ်နေ့ကို ငှားတယ်။ ကိုယ့်အိမ်ရှေ့ နေရာသုံးလေးနေရာဆို ဘာမှ မလုပ်ရင်တောင် အလုပ် ဖြစ်တယ်လေ။
မနော ။ ။ အစ်မတို့
တစ်နေ့ကို ၀င်ငွေဒီလောက်ကောင်းတာ မစုဘူးလား။
အေးရွာလေး။ ။ သုံးတာနဲ့ပဲ
လည်နေတာ။ မစုဖြစ်ဘူးလေ။ အစ်မ ဆင်းတော့မယ်နော်။
ဒါကတော့ လက်လုပ်လုပ်စားဘ၀
စံပြငါးဈေးက နေ့စားတစ်ယောက်နဲ့ မေးမြန်းစုံစမ်းမိတဲ့ အကြောင်း လေးတွေပါပဲ။ ဒီလောက်တောင်
၀င်ငွေ၀င်ပြီး ဘယ်လို သုံးနေကြသလဲဆိုတာ စဉ်းစား မရပြန်ဘူး။ ဒီနေရာကနေ ဒီနေရာပဲ ဒုံရင်းပဲ
ရောက်နေတော့ ဘယ်လို ဘ၀တွေ မြှင့်တင်ကြမလဲဆိုတာ တွေးနေမိပါတော့တယ်။
Ref-Myanmar ICT

Post a Comment