0
နေပြည်တော်   ဇွန်    ၂၁
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး  ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင် များသည် ကယားပြည်နယ် ဒီးမော့ ဆိုမြို့နယ် ဆိုဘောသဲ ကျေးရွာ၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည့် (၁၃၈) ကြိမ်မြောက်  ကရင်နီ အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက် အားပေးသည်။


ကရင်နီ အမျိုးသားနေ့ အခမ်းအနား သဘာပတိများ အဖြစ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ဦးသန်းဌေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်တို့က ဆောင် ရွက်ကြပြီး ဒုတိယ ရှေ့နေချုပ်နှင့် ပြညောမေ Myanmar Peace Center မှ တာဝန်ရှိသူများ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အနယ်နယ် အရပ်ရပ်မှ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထို့နောက် ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP) ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်က   ကရင်နီ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ကရင်နီ အမျိုးသားနေ့ကို ကယားပြည်နယ် အတွင်း ပထမဦးဆုံး ကျင်းပနိုင်သည့် အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊  နိုင်ငံတော် သမ္မတ အနေဖြင့် အမျိုးသား စည်းလုံး ညီညွတ်ရေးကို အလေးအနက်ထား ကြိုးပမ်းဆောင်ရွက် နေပါကြောင်း၊ ထိုသို့ကြိုးပမ်း ဆောင်ရွက်ခြင်းသည် နိုင်ငံတော် ရေရှည် တိုးတက် ဖွံ့ဖြိုးရေးအတွက် လက်ဆင့်ကမ်း ဆောင်ရွက်ကြမည့် မျိုးဆက်သစ် လူငယ်များ အတွက် ကောင်းမွန်သော အမွေကောင်း အဖြစ်ပေးနိုင်ရန် ရည်သန်ဆောင်ရွက် နေခြင်း ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး သဘော တူညီချက်များ လက်မှတ်ရေး ထိုး နိုင်ခြင်းဖြင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ ပြီးဆုံးခြင်းလည်း မဟုတ်ပါကြောင်း၊ တိုင်းရင်းသား အားလုံးပူးပေါင်း ဆောင်ရွက် ခြင်းဖြင့် ပြည်သူများ၏ ဆန္ဒကို လျင်မြန်စွာ ဖြည့် ဆည်းပေးနိုင်မှာ ဖြစ်ကြောင်းဖြင့် ပြော ကြားသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဂုဏ်ပြုအမှာစကား ပြောကြား၍  ကရင်နီ အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ်ပေးပို့သည့် သဝဏ်လွှာများကို တာဝန်ရှိ သူများက ဖတ်ကြား တင်ပြသည်။ 
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ဦးသန်းဌေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တို့သည် လွိုင်ကော်မြို့ ရွှေတောင်ကျောင်းတိုက်၌ ပြည်နယ် သံဃနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော အဖွဲ့ဝင် ဆရာတော်များအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြ လျှောက်ထားကြသည်။
ထိုမှတစ်ဆင့် နောင်ယားရပ်ကွက်ရှိ ကက်သလစ် သာသနာပြု ကျောင်းသို့ သွားရောက်ပြီး  ဂိုဏ်းချုပ် ဆရာတော် ဆိုတေးရို-ဖါးမောအား တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။    

 မြ၀တီ


Post a Comment

 
Top