0
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ ပုဂ္ဂိုလ်များ ရှေ့မှောက်၌ လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်နေကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ ဇွန် ၂၀ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''နိုင်ငံတော်သမ္မတ အနေနှင့် တိုင်းရင်းသား အဖွဲ့များပါဝင်သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကို ထပ်မံ အတည်ပြုရန် လာမည့်လများအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အပါအ၀င် ပြည်တွင်းနှင့် နိုင်ငံတကာမှ ထင်ရှားကျော်ကြား သူများကို ဖိတ်ကြားရန် ရည်ရွယ်ထားပြီး ၎င်းတို့၏ ရှေ့မှောက်တွင် တစ်နိုင်ငံလုံး၌ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ရန် အစီအစဉ်ရှိကြောင်း'' ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်ဟု ဇွန် ၁၉ ရက်က နိုင်ငံပိုင် မီဒီယာများ၏ သတင်းအစီအစဉ်တွင် ဖော်ပြထားသည်။
ထိုသို့စီစဉ်ရခြင်းမှာ အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ဆက်လက် ဆောင်ရွက်သွားနိုင်ရေး အတွက် ဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
''အခုအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ သဘောတူညီချက်တွေ ရရှိထားပြီးပြီ။ ကျန်နေသေးတဲ့ ကချင်နဲ့လည်း ဆက်ပြီးတော့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတွေ အားလုံးနဲ့ ဆွေးနွေးပြီးတဲ့ အခါမှာတော့ ပြည်ထောင်စုအဆင့် တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုပြီးတော့ လွတ်လပ်ရေး ရပြီးကတည်းက သေနတ်သံတွေ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် တိတ်သွားပါတယ်ဆိုတဲ့ ဟာလေးကို ကျွန်တော်တို့ လုပ်ချင်ပါတယ်'' ဟု အစိုးရနှင့် KNPP တို့၏ ဆွေးနွေးပွဲ အပြီးတွင် Myanmar Peace Center မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကလည်း နိုင်ငံရေး ဆွေးနွေးမှုများမှတစ်ဆင့် ပြည်တွင်းစစ်များ ပြေငြိမ်းကာ စစ်မှန်သော ပြည်ထောင်စုအတွင်း တိုင်းရင်းသားအားလုံး တန်းတူရည်တူ အတူတကွ နေထိုင်သွားရန် လိုလားသည်ဟု ဇွန် ၁၂ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငယ်များအားလုံး ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ဇူလိုင်လအတွင်း ပြုလုပ်နိုင်ရေး စီစဉ်လျက်ရှိသည်။ ထိုသို့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်ပြီး ရှမ်း၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ ခေါင်းဆောင်များသည် နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ ယခုလအတွင်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြပြီး ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် ဆွေးနွေးနိုင်ရေး ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်လည်း ယခုလအတွင်း တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

Post a Comment

 
Top