
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊
ရွှေလှံကျေးရွာရှိ အထက်တန်းကျောင်းခွဲတွင် ယနေ့မနက် ၈နာရီခွဲခန့်က
ကျောင်းဆောင် အစိတ်အပိုင်းတချို့ ပြိုကျသဖြင့် အနည်းဆုံး
ကျောင်းသူကျောင်းသား ၁၃ ဦး၊ မိဘ ၁ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံးပြီး ကျောင်းပြန်ဖွင့်သောနေ့တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
“ကျောင်းက
တော်တော်ပျက်စီးနေတာ၊ ခု စာသင်ခန်းတွေရှေ့က ကော်ရစ်ဒါ ပြိုကျတာ” ဟု
ဒဏ်ရာရရှိသော ကလေးငယ်များကို ရေစကြိုမြို့နယ် ဆေးရုံသို့ လိုက်လံ
ပို့ဆောင်ပေးသော ရွာဟောင်းဘုန်းကြီးကျောင်းမှ ဆရာတော် ဦးဇ၀နက
မိန့်ကြားသည်။
ရေစကြိုဆေးရုံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင်
ဒဏ်ရာရ ကလေးငယ်များ၏ အခြေအနေ စိုးရိမ်စရာမရှိကြောင်း၊
ဒီထက်ပိုမိုဖြေကြားနိုင်ခြင်း မရှိကြောင်း တာဝန်ရှိသူတဦးက ပြောပြဆိုသည်။
စာသင်ကျောင်းကို
ပြန်လည်ပြင်ဆင်ဆောက်လုပ်ပေးရန် ပညာရေးဝန်ကြီးဌာနသို့ မတ်လ ၁၁ ရက်နေ့
စာတင်ထားပြီးဖြစ်ကြောင်း၊ ဆောက်လုပ်ခွင့်မကျသေးကြောင်း ထိုကျောင်းမှ
ဆရာဦးဝင်းလွင်၏ ပြောကြားချက်အရသိရှိရသည်။
၂၀၁၃-၂၀၁၄
ပညာသင်နှစ်အတွက် ပညာရေးလုပ်ငန်းများအတွက် ကျပ်သန်း ကိုးသိန်းကျော်
တိုးမြင့်ရရှိကြောင်း၊ ပညာရေးအဆောက်အအုံများကို ပြင်ဆင်၊
ဆောက်လုပ်မှုတိုးမြှင့် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမြအေးက
ဧပြီ ၂၃ ရက်နေ့က ပြုလုပ်သည့် ပညာရေးနှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။
Post a Comment