0

နေပြည်တော် ဇွန် ၁၂
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင် သော စစ်သည်များနှင့် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ
အား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် တိုင်း စစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်၊ တိုင်း စစ်ဌာန ချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်နယ် တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ/ စစ်သည်၊ မိသားစုများ၊ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်က အမှာစကား ပြောကြားပြီး တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်မြင်သော စစ်သည်များနှင့် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများကို တိုင်းမှူးနှင့် တာဝန်ရှိ သူများက ဆုများ အသီးသီး ချီးမြှင့်ပေး အပ်ကြသည်။
၎င်းနောက် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ၏ ကိုယ်စား ခြောက်ဘာသာ ဂုဏ်ထူးရှင် စစ်တွေတပ်နယ်ရှိ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ တပ်ကြပ်ကြီး ဇော်ဝင်း၏ သား မောင်သော် ဇင်မောင်က ၎င်း၏ ကြိုးစား အားထုတ်မှု၊ ဖြေဆိုမှု အတွေ့အကြုံနှင့် ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသည့် အရာရှိ/ စစ်သည်များနှင့် ကျောင်းသား/ ကျောင်းသူများအား တိုင်းမှူးက ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။ 

 (မြ၀တီ)

Post a Comment

 
Top