မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ဂျပန်အပါအ၀င်
ပြည်ပနိုင်ငံကြီးများမှ နိုင်ငံခြားသားများ ရန်ကုန်မြို့ရှိ
ကွန်ဒိုတိုက်ခန်းများကို ၀ယ်ယူရန် စိတ်ဝင်စားမှု များနေပြီး ကွန်ဒိုမီနီယမ်
ဥပဒေကို စောင့်ဆိုင်းနေကြသည်ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် ယခင်ကတည်းက နှစ်ရှည်နေထိုင်ခဲ့သည့် နိုင်ငံခြားသားများ အနေဖြင့် ဟိုတယ်များထက် ကွန်ဒိုတိုက်ခန်းများတွင်သာ ငှားရမ်းနေထိုင်မှု များလျက်ရှိသည်။
ယခုအခါ ရင်းနှီးမြှုပ်နှံရန် ၀င်ရောက်လာသည့် နိုင်ငံခြားသားများ အနေဖြင့် ကွန်ဒိုတိုက်ခန်းများကို ၀ယ် ယူရန်အထိ စိတ်ဝင်စားမှု များလာခဲ့သည်။
''အခုဆိုရင် ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း စတဲ့နေရာတွေက ကွန်ဒိုတွေပါ နိုင်ငံခြားသားတွေ စိတ်ဝင်စားနေကြတယ်။ ဒါပေမဲ့ ကွန်ဒိုမီနီယမ် ဥပဒေ မထွက်သေးတော့ ၀ယ်ဖို့ခက်နေကြတယ်။ နိုင်ငံခြားသားတွေ အနေနဲ့က မြန်မာနိုင်ငံမှာ တိုက်ခန်းတွေ မ၀ယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ခန်းတွေမှာက နှစ်ဦးနှစ်ဖက်ပဲ အရောင်းအ၀ယ်စာချုပ် ချုပ်ကြတာ။ နိုင်ငံတကာမှာဆိုရင် အစိုးရက၀င်ပြီး အရောင်းအ၀ယ် စာချုပ်ကို တရားဝင် အသိအမှတ်ပြုပေးတော့ နိုင်ငံခြားသားတွေက အဲဒီလို ခိုင်မာမှု ရှိတာကိုပဲ လိုချင်ကြတယ်။ ကွန်ဒိုမီနီယမ် ဥပဒေ ထွက်လာရင်တော့ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းတွေ ၀ယ်နိုင်ပြီး ပိုင်ဆိုင်မှုတွေ ခိုင်မာလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဲဒီဥပဒေ အမြန်ဆုံး ထွက်ဖို့ လိုလားနေကြတာပါ'' ဟု ရှိုင်း ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများ အနေဖြင့်
မြေ၀ယ်ယူရန်မှာလည်း မြေဈေးနှုန်း လွန်စွာကြီးမြင့် နေသဖြင့်
ကွန်ဒိုတိုက်ခန်းများကိုသာ ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
''ကျွန်မတို့ ကွန်ဒိုမှာ နှစ်ရှည် ငှားရမ်းနေတဲ့ နိုင်ငံခြားသားတွေ
ရှိပါတယ်။ အခုလည်း ကွန်ဒိုအခန်းတွေ ၀ယ်ချင်လို့ စိတ်ဝင်စားနေတဲ့
နိုင်ငံခြားသားတွေ များနေတယ်။ ကွန်ဒိုမီနီယမ် ဥပဒေ မထွက်သေးတဲ့အတွက်
စောင့်ဆိုင်းနေကြတာပါ။ ကွန်ဒိုမီနီယမ် ဥပဒေ ထွက်လာရင်တော့
ကွန်ဒိုတိုက်ခန်းတွေက ဈေးကွက် ကောင်းလာနိုင်ပါတယ်'' ဟု ပုလဲကွန်ဒိုကို
တည်ဆောက်ခဲ့သည့် Asia Express ကုမ္ပဏီမှ ဒါရိုက်တာ မသက်သက်နိုင်က ပြောသည်။
ထို့ပြင် သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် နီးသည့် သန်လျင်တံတားဘေးရှိ
ကြယ်စင်မြို့တော် အဆင့်မြင့်အိမ်ရာ စီမံကိန်းတွင်လည်း ဂျပန်၊ အမေရိကန်နှင့်
ဗြိတိန် အစရှိသည့် နိုင်ငံများမှ ရုံးခန်းများ ဖွင့်လှစ်ရန် အတွက်
အခန်းများ ၀ယ်ယူရန် စိတ်ဝင်စားနေပြီး ဂျပန်နိုင်ငံမှလည်း
လွန်စွာစိတ်ဝင်စားနေသည်ဟု ယင်းအိမ်ရာ စီမံကိန်း၏ Director of Sales &
Marketing ဖြစ်သူ Mr. Gabriel Cheng က ပြောသည်။
ရန်ကုန်မြို့တွင် လက်ရှိကွန်ဒို တိုက်ခန်းများ၏ ဈေးနှုန်းမှာ နေရာပေါ်
မူတည်၍ တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းခွဲအထိ
ပေါက်ဈေးရှိပြီး အချို့နိုင်ငံခြားသားများ အနေဖြင့်လည်း မြန်မာနိုင်ငံမှ
ကွန်ဒိုတိုက်ခန်း ဈေးနှုန်းများမှာ နိုင်ငံတကာထက် ဈေးနှုန်းကြီးမြင့်သည်ဟု
ပြောနေကြသည်။
ကွန်ဒိုများမှာ ရေကူးကန်၊ ကားပါကင်၊ သစ်ပင်ပန်းမန်များ ပါဝင်သည့်
စိမ်းလန်းဧရိယာ၊ ရှုခင်းအမျိုးအစားပေါ် မူတည်ကာ ဈေးနှုန်းများ
သတ်မှတ်နေခြင်းဖြစ်ပြီး ပြည်လမ်းမပေါ်ရှိ ကွန်ဒိုအချို့တွင်
ကွန်ဒိုတိုက်ခန်းတစ်ခန်း ဈေးနှုန်းမှာ ကျပ်သိန်း ၅၇၀၀ ၀န်းကျင်အထိ
ပေါက်ဈေးရှိသည်ဟု ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။
ကွန်ဒိုမီနီယမ် ဥပဒေမှာ လက်ရှိရေးဆွဲ ပြီးစီးနေပြီဖြစ်ရာ လွှတ်တော်တွင်
အတည်ပြုရန်သာ ကျန်ရှိပြီး မကြာမီ ထွက်ပေါ်လာနိုင်မည် ဖြစ်ကြောင်း၊
ကွန်ဒိုမီနီယမ် ဥပဒေတွင် ဆဋ္ဌမထပ်နှင့် အထက်ရှိ အိမ်ခန်းများကို
နိုင်ငံခြားသားများကို ရောင်းချခွင့်ရှိပြီး တိုက်ခန်းများအား အစိုးရမှ
ကြားဝင်အသိအမှတ်ပြု စာချုပ်များ ချုပ်ပေးမည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှု
ပိုမိုခိုင်မာလာမည်ဖြစ်ပြီး ကွန်ဒိုများကို ဘဏ်တွင် အပေါင်ထား၍
ငွေချေးနိုင်ကြောင်း သိရသည်။
Ref : EMG

Post a Comment