0

ဒီပဲယင်းအကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သော ကြည်ကျေးရွာထိပ်ရှိ လမ်းမအား မေ ၂၉ ရက်က တွေ့ရစဉ်
ဘ၀မှာ မေ့ပျောက်ပစ်အချင်ဆုံး ဖြစ်ရပ်တွေဟာ မေ့လို့မရနိုင်ဆုံး ဖြစ်ရပ်တွေ ဖြစ်နေတတ်သည်ဟု ဆိုကြသည်ပင်။

၁၀ နှစ် ဆိုသည့် အချိန်ကာလတစ်ခုသည် တော်တန်ရုံ အကြောင်းခြင်းရာ တစ်ရပ်ကို မေ့ပစ်ဖို့ လုံလောက်နိုင်သည့်အချိန် ဖြစ်သော်လည်း ပြန်တွေးတိုင်း တနုံ့နုံ့ခံစားကြရသည်ဟု သူတို့က ဆိုကြသည်။ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့က ခပ်ကုပ်ကုပ် ရွာတန်းလေးများဆီသို့ ရောက်ရှိခဲ့ပြီးနောက် ကုန်လွန်ခဲ့ပြီးသော အတိတ်ရဲ့ အိပ်မက်ဆိုးသဖွယ် အကြမ်းဖက်လုပ်ကြံ မှုကြီး တစ်ခုဆီ စိတ်တွေက မနေ့တစ်နေ့ကလိုပင် ပြန်လည်ရောက်ရှိသွားခဲ့တော့သည်။

၂၀၀၃ ခုနှစ်၊ မေ ၃၀ ရက်။
မြန်မာသက္ကရာဇ် ၁၃၆၅၊ ကဆုန် လကွယ်ည။
မြန်မာပြည်ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီးချိန်။ မန္တလေး၊ မုံရွာခရီးစဉ် ထွက်ခွာလာခဲ့ချိန်။ မြန်မာပြည်မှာ အမှန်နှင့် တရားတို့ လေလွင့်ပျောက်ဆုံးနေခဲ့ချိန်။ ခေတ်သစ်ဖက်ဆစ်စနစ် ကြီးစိုးနေချိန် ဖြစ်သည်။ လက်နက်နှင့်အာဏာ ခွဲခြားမရသည့် အခြေအနေဖြစ်ပြီး တရားမျှတမှု ပျောက်ဆုံးချိန်၊ ဥပဒေဆိုးများ မိုးထားသော ကာလ၊ န.အ.ဖ စစ်အာဏာရှင်၏ လက်ထက်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း မြင်းမူမြို့မှ ထွက်ခွာစဉ်တွင် အမျိုးမျိုးသော ယူနီဖောင်းဝတ်စုံနှင့် လူများ ပါဝင်သည့် ကားငါးစင်းက နောက်မှ လိုက်ပါလာခဲ့သည်။ လမ်းဘေးဝဲယာ တစ်လျှောက်တွင် သစ်ပင်၊ ချုံပုတ်များကို ကာကွယ်မှုယူကာ လုံထိန်းကားများ၊ စစ်ကားများ၊ တပ်ထိန်းကား၊ ယာဉ်ထိန်းရဲများ၊ ကြံ့ဖွံ့အသင်းသားများနှင့် ဆန္ဒပြမည့် လူအုပ်စုများ ရှိနေခဲ့သည်။ ထိုသို့ရှိနေရခြင်းသည် အဲဒီခေတ် အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်များအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု အနေအထားသာ ဖြစ်သည်။

မြန်မာပြည်မှာ အမှန်နှင့် တရားတို့ လေလွင့်ပျောက်ဆုံးနေခဲ့ချိန်။ ခေတ်သစ်ဖက်ဆစ်စနစ် ကြီးစိုးနေချိန် ဖြစ်သည်။ လက်နက်နှင့်အာဏာ ခွဲခြားမရသည့် အခြေအနေဖြစ်ပြီး တရားမျှတမှု ပျောက်ဆုံးချိန်၊ ဥပဒေဆိုးများ မိုးထားသော ကာလ..

ခရီးစဉ်မတိုင်မီတည်းကပင် ရွှေဘိုခရိုင်တွင်းမှ ကားအသင်း တော်တော်များများကို ခြိမ်းခြောက်ကာ ချောဆွဲထားပြီး ဖြစ်သည်။ မြန်မာပြည်တွင် ရှာဖွေရအလွယ်ကူဆုံးဖြစ်သည့် မသိနားမလည်သည့် ဆင်းရဲသား လက်လုပ်လက်စားများအား စစ်ကိုင်းတိုင်းဒေသကြီး နေရာအနှံ့မှ အခကြေးငွေပေးကာ တစ်နည်း၊ ခြိမ်းခြောက်မှုဖြင့် တစ်ဖုံ၊ ထောင်တွင်းမှ နှစ်ကြီးသမားများအားလည်း ထောင်မှ လွှတ်ပေးမည်ပြောကာ တစ်သွယ်ဖြင့် လူအင်အားအနည်းဆုံး ၃၅၀၀ ခန့်ရှိမည့် အုပ်စုအား အကြမ်းဖက်ရိုက်နှက် ဖြိုခွင်းမှုပုံစံများကို သင်တန်းပေးခဲ့သည်။ နောက်မှာတော့ လက်ပတ်အနီ၊ အဖြူများ ၀တ်ဆင်စေကာ အဆီအငေါ်မတည့်သော ကြွေးကြော်သံများဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အသင့်နေရာယူကာ နှောင့်ယှက်စေခိုင်းခဲ့သည်။
မြင်းမူ၊ ဘုတလင်၊ စိုင်ပြင်ကြီးရွာများကို ဖြတ်ကျော်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လူသုံးရာဝန်းကျင်ရှိယာဉ်တန်း ဒီပဲယင်းမြို့နယ် ကြည်ကျေးရွာသို့ ညနေ ၇ နာရီအချိန်ခန့် ရောက်ရှိလာခဲ့သည်။ လကွယ်ညဖြစ်သလို လျှပ်စစ်မီးမရှိရှာသည့် ဒေသလည်း ဖြစ်သည့်အလျှောက် ၀န်းကျင်တစ်ခုလုံး မှောင်အတိ ကြီးစိုးနေခဲ့သည်။ ထိုအချိန်တွင် ကြည်ကျေးရွာထိပ် လမ်းမပေါ်အရောက် ရုတ်တရက်ပေါ်ထွက်လာသော ဆလိုက်မီးများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း ဟန်ချက်ပျက်သွားခဲ့သည်။ တစ်ပြိုင်နက်မှာပဲ ရိုက်ကြ၊ သတ်ကြ စသည့် အသံဗလံများဖြင့် ဆူညံသွားပြီး ငရဲခန်းဆန်ဆန် အဖြစ်အပျက်များ ဖြစ်ပွားခဲ့တော့သည်။
ရှေ့နောက် ပိတ်ခံထားရသော ယာဉ်တန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေကြသည့် ရွာသူရွာသားများကား အင်အား ၁၀ ဆ၀န်းကျင်ခန့် ပိုမိုသည့် အကြမ်းဖက်အုပ်စုကြားတွင် ကူကယ်ရာမဲ့စွာ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံကြရတော့သည်။ အမှောင်ထုကြားတွင် မှားယွင်းသတ်ဖြတ်မှုကို မဖြစ်စေရန် အကြမ်းဖက်သူများက အဖြူရောင်၊ အနီရောင် လက်ပတ်များ ၀တ်ဆင်ထားကြသည်။ လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူလူထုကို ၀ါးချွန်၊ အနက်ရောင်ဝါးရင်းတုတ်၊ ဓား၊ အုတ်ခဲ စသည့်လက်နက်များဖြင့် ငြာသံပေးကာ မိမိရန်သူသဖွယ် အငြိုးတကြီး လုပ်ကြံသတ်ဖြတ်ကြခြင်းလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်အား ဘေးမှဝိုင်းရံကာ ဆီးထားသော လူတန်းအား တရစပ် ၀ါးရင်းတုတ်များဖြင့် ရိုက်နှက်ကြ၊ ၀ါးချွန်ဖြင့် ထိုးကြတော့သည်။ ကားပေါ်ပါလာသည့် လူများကို ဆင်းခိုင်းသည်။ ကားများကို မီးရှို့ဖျက်ဆီးသည်။ ကူပါကယ်ပါ အသံများဖြင့် ကြည်ကျေးရွာ၏ လမိုက်ညက ချောက်ချားဖွယ် ဖုံးလွှမ်းသွားခဲ့သည်။ လမ်းမပေါ်မှာ သွေးအိုင်ထဲလဲ ပြိုကျသူတွေ အမြောက်အမြား၊ သံဃာတော်များစွာ၊ အ၀တ်အစားမဲ့ အမျိုးသမီးများနှင့် ဒဏ်ရာဗရပွ အမျိုးသားများစွာ အသက်လု ပြေးလွှားနေကြသည်။ လူစိတ်ပျောက်သွားသည့် လူများက အမျိုးသမီးများ၏ အင်္ကျီ၊ ထဘီများကို ဆွဲချွတ်ကြသည်။ မုဒိမ်းကျင့်ကြသည်။ ဆံပင်ကို ရစ်ပတ်ကာ ကတ္တရာလမ်းမနှင့် မျက်နှာကိုဆောင့်သည်။ တချို့တာဝန်ရှိသူများကလည်း မိမိရသမျှပစ္စည်း မိမိယူပိုင်ခွင့် ရှိသည်ဟု လုယက်ခိုးဆိုးခွင့် ပြုထားသည်။ ထိတ်လန့်စက်ဆုပ် ချောက်ချားဖွယ် ဖြစ်ရပ်များအကြားတွင် သွေးရူးသွေးတန်း ပြေးလွှားနေသည့် လူများ၏ မြင်ကွင်းက ဆလိုက်မီးများ၏ အောက်တွင် အော့နှလုံးနာဖွယ် ဖြစ်နေခဲ့သည်။
 
 ဒီပဲယင်းလုပ်ကြံမှု အရေးယူဆောင်ရွက်ရေးကော်မရှင် ဒုတိယအကြိမ်ပဏာမအစီရင်ခံစာတွင် ဖော်ပြထားမှုများအား တွေ့ရစဉ်
 
ဆိုးဝါးစုတ်ပြတ်စွာ အကြမ်းဖက်မှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ၀န်းရံထားသည့် လူအမြောက်အမြား တုံးခနဲ လဲကျကုန်သည်။ သူမ၏ကား နောက်မှန်မှာလည်း ပျက်စီးသွားသည်။ ဒိုင်နာကားနှစ်စီးဖြင့် ၀င်တိုက်ရန်ကြံစည်မှုမှ သူမ၏ကား လွတ်မြောက်ခဲ့သည်။ သရဲမရဲ စီးနေသည့် အကြမ်းဖက်သူများ ကြားထဲမှာ ကားဘီးက စိုးရိမ်ထိတ်လန့်ဖွယ် ဒယိမ်းဒယိုင်နှင့် ဖြည်းဖြည်းချင်း လိမ့်နေသည်။ ကြည်ရွာနှင့် တစ်မိုင်ကျော်ခန့် အကွာရှိ ရွာသစ်ကျေးရွာထိပ်တွင် ကာရံထားသော သံဆူးကြိုးသုံးတန်းကို သည်းထိတ်ရင်ဖို ထပ်မံကျော်ဖြတ်ခဲ့သည်။ ထိုစဉ်သေနတ်သံအချို့ ပေါ်ထွက်လာသည်။ သူမ၏ကားနောက်ကို လှမ်းပစ်ခြင်းဖြစ်သည်။ သို့သော် ဘီးပေါက်နေသည့် ကားဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သွားခဲ့သည်။ ရေဦးမြို့ အရောက်တွင် နားမလည်နိုင်လောက်သည့် ပုဒ်မများဖြင့် သူမဖမ်းဆီးခြင်းခံခဲ့ရပြီး ရွာသစ်ကျေးရွာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ဖမ်းဆီးခံခဲ့ရသည်။
လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုစသည့် အမှုပေါင်းမြောက်မြားစွာနှင့် လူမဆန်သည့် အကြမ်းဖက် ဖြစ်ရပ်ကြီးကား သုံးနာရီဝန်းကျင်ခန့် ကြာမြင့်ပြီးသည့် နောက်မှာတော့ သုသာန်တစပြင် တစ်ခုသဖွယ် ပြန်လည်ငြိမ်သက်သွားခဲ့သည်။ တချို့တွေက သူရဲကောင်းဆန်ဆန် လွတ်မြောက်လာပြီးနောက် သုံ့ပန်းဆန်ဆန် ကျရှုံးခဲ့ကြရသည်။ သွေးအလိမ်းလိမ်းဖြင့် လွတ်မြောက်လာသူများအား အနီးတ၀ိုက်ရှိ ရွာများက ကူညီပေးခဲ့ကြသည်။ ဒီပဲယင်းဆေးရုံသို့ ရောက်ရှိသွားသူများမှာ တစ်ဆက်တည်း ရွှေဘိုထောင်၊ ခန္တီးထောင်များသို့ ပြောင်းရွှေ့ကြရသည်။ လူများစွာ သေဆုံးကာ ရာချီဒဏ်ရာရခဲ့သည့် အရှက်တရားမဲ့သော အာဏာရှင်လက်ထက်က မသတီစရာ ရှက်ရွံ့စက်ဆုပ်ဖွယ် ဖြစ်ရပ်ဆိုးကြီးပင်။ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် အဆိုပါ ကားလမ်းအား မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘဲ သမိုင်းဝင်ရာဇ၀တ်မှု၊ အကြမ်းဖက် လုပ်ကြံမှုကြီးကို အစဖျောက်ပစ်ဖို့ ကြိုးပမ်းခဲ့ကြသည်။ ရွာထဲကလူများ ရွာပြင်ထွက်ခွင့်မပေး၊ မည်သည့်ကားကိုမျှ ကြည်ကျေးရွာ လမ်းတစ်လျှောက်အား အသုံးပြုခွင့်မပေးဘဲ လက်နက်ကိုင် စောင့်ကြပ်ပြီး အပျက်အစီးများကို ရှင်းလင်းခဲ့သည်။ ဒေသခံများကို နှစ်အတော် ကြာမြင့်သည်အထိ ခြိမ်းခြောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
သေချာသည်ကတော့ လူတွေရဲ့အသက် အိုးအိမ်စည်းစိမ်များစွာကို လက်နက်အာဏာ အားကိုးဖြင့် ဖျောက်ဖျက်ပစ်လို့ ရနိုင်သော်လည်း သမိုင်းအမှန်တရားကိုတော့ ဖျောက်ဖျက်ပစ်လို့ မရနိုင်။ တရားဥပဒေအရ အရေးယူခြင်း မယူခြင်းက သက်သက်၊ သမိုင်းမှတ်တမ်း အမှန်တရားက သက်သက်သာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မေ ၃၀ ရောက်တိုင်း ကြည်ရွာက ငရဲပွက်သံကို မြန်မာပြည်သူ ပြည်သားတိုင်း ကြေကွဲဝမ်းနည်းဖွယ် အမှတ်ရနေကြဆဲပင် ဖြစ်သည်။



 ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ကြည်ရွာရှေ့ကွင်းပြင်တွင် ဒီပဲယင်းလုပ်ကြံမှုကြီး (၁၀)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်ပွဲကို မေ ၃၀ ရက်က တွေ့ရစဉ်
 
၂၀၀၃ ခုနှစ်မေ ၃၀ ရက်တွင် NLD ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့ အပါအ၀င် NLD အဖွဲ့ဝင်များ၏ စည်းရုံးရေး ခရီးစဉ်အတွင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်ရှိ ကြည်ရွာအနီးတွင် ဖြစ်ပွားခဲ့သည့် လုပ်ကြံသတ်ဖြတ်မှုသည် မြန်မာ့သမိုင်းတွင် ထင်ရှားသည့် အကျည်းတန်မှုတစ်ခု ဖြစ်ခဲ့သည်။ ထိုအဖြစ်အပျက်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော ဦးတင်ဦးက ဒီပဲယင်း အဖြစ်အပျက်အား ယခုကဲ့သို့ ပြန်လည်ပြောပြခဲ့သည်။
ဒီပဲယင်းမဖြစ်ခင် အတော်စောစောကတည်းက အစပျိုးခဲ့သည်ဟု ဦးတင်ဦးက ဆိုသည်။ NLD ပါတီအား ဖျက်ဆီးမည့် အစီအစဉ် နဂိုကတည်းက ရှိနေကြောင်း ကြားသိနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။ အဖွဲ့ချုပ်အား မကြာခဏ မလုပ်နိုင် မကိုင်နိုင်အောင် အစိုးရက ဖိအားပေး ဆောင်ရွက်ခဲ့သည်။ ၂၀၀၃ ခုနှစ် စည်းရုံးရေးခရီးစဉ်များအတွင်း အစိုးရ၏ ဆိုးဆိုးရွားရွား ဆောင်ရွက်ချက်များကို NLD ပါတီအနေဖြင့် တွေ့ကြုံခံစားခဲ့ရသည်။ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း မူဆယ်၊ ကွတ်ခိုင်မြို့များသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် တည်းခိုမည့် အိမ်များအား ဖိအားပေး၍ လက်မခံစေရန် အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ခဲ့သည်။ NLD ပါတီဝင်များ မြို့တွင်းသို့ ၀င်ရောက်လာစဉ် စားသောက်ဆိုင်များကို အတင်းအဓမ္မ ပိတ်ခိုင်းလိုက်သဖြင့် နေထိုင်စားသောက်ရန် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း ဦးတင်ဦးက ပြောပြခဲ့သည်။

လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် လူစုများက လော်စပီကာများဖြင့် အော်ဟစ်ဆန္ဒပြကြသော်လည်း မည်သည့်အုပ်ချုပ်ရေးနှင့် သက်ဆိုင်သူများကမှ လာရောက်ပြောဆိုထိန်းသိမ်းခြင်း မရှိပေ။
ထို့နောက် ခရီးစဉ်တစ်လျှောက် အနှောင့်အယှက်ပေးမှုများကိုလည်း မကြာမကြာ ကြုံတွေ့ခဲ့ရသည်ဟု ဦးတင်ဦးက ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၂ ခုနှစ် ဇွန်လမှ ၂၀၀၃ ခု မေလအထိ စည်းရုံးရေး ခရီးစဉ်များကို ဆက်တိုက်သွားခဲ့သည်။ ၂၀၀၃ ခုနှစ် မေ ၆ ရက်မှစတင်၍ မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များသို့ လှည့်လည်၍ အဖွဲ့ချုပ်ရုံးများ ပြန်လည်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း အချို့နေရာများ၌ လူ ၂၀-၂၅ က လမ်းဘေးဝဲယာတွင် ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်သည့် စာသားပါ ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် အနားသို့ ရောက်လာချိန်တွင် ထိုပိုစတာများ ပစ်ချကာ ဒေါ်အောင်ဆန်းစုကြည်အား ဖက်လဲတကင်း နှုတ်ဆက်ကြသည်ကိုလည်း တွေ့မြင်ရသည်ဟု ၎င်းက ဆိုသည်။ ထိုသူများအား အဘယ်ကြောင့် ဆန္ဒပြကြသနည်းဟု မေးမြန်းရာတွင် ထမင်းတစ်နပ်ကျွေးပြီး တစ်နေ့အတွက် ငွေ ၅၀၀ ကျပ် ရရှိသောကြောင့် ဆန္ဒပြရပါသည်ဟု ဖြေဆိုကြသည်။
စဥ့်ကူမြို့သို့အရောက်တွင် စွမ်းအားရှင်များ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့များက ဒေါ်အောင်ဆန်းစုကြည် တည်းခိုသည့်အိမ်အား လောက်လေးခွများဖြင့်ပစ်ခြင်း၊ လော်စပီကာဖြင့် အော်ဟစ်ဆန္ဒပြခြင်းတို့ကြောင့် ဦးတင်ဦးက ရဲစခန်းတွင် အမှုသွားရောက်ဖွင့်ရာတွင် ပထမ လက်မခံခဲ့ပေ။ ထို့ကြောင့် တရားဥပဒေအရ တိုင်ချက်ဖွင့်သည်ကို လက်မခံပါက တရားစွဲနိုင်သည်ဟု ပြောသောအခါမှ အမှုလက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဦးတင်ဦးက ပြောကြားခဲ့သေးသည်။

 ၂၀၀၃ ဒီပဲယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အစိုးရသတင်းစာများတွင် ဖော်ပြထားမှုအား တွေ့ရစဉ်
မေလ ၂၉ ရက်နေ့က မြင်းမူမြို့မှ အထွက်တွင် ပြည်သူ့စွမ်းအားရှင်ဟု စာတန်းထိုးထားသည့် 

ကားငါးစီးသည် လက်နက်အပြည့်အစုံ တင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်တို့ ကားတန်းနောက်မှ လိုက်ပါခဲ့ပြီး ထိုကားတန်းအား ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှ ဦးဌေးအောင်က ဦးဆောင်သည်။ လမ်းတစ်လျှောက် လမ်းဘေးဝဲယာတွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် လူစုများက လော်စပီကာများဖြင့် အော်ဟစ် ဆန္ဒပြကြသော်လည်း မည်သည့်အုပ်ချုပ်ရေးနှင့် သက်ဆိုင်သူများကမှ လာရောက်ပြောဆို ထိန်းသိမ်းခြင်း မရှိပေ။ ရေပိုးစားရွာအနီးသို့ အရောက်တွင် ထိုယာဉ်တန်းမှ နှောင့်ယှက်ရန် စီမံထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုသည့် ပြည်သူများ များပြားလှသောကြောင့် ၎င်းတို့၏ စီမံချက် မအောင်မြင်ခဲ့ပေ။ မုံရွာသို့ ညနေ ၆ နာရီတွင် ဆိုက်ရောက်ကာ မုံရွာမြို့သူမြို့သားများက ကြိုဆိုနှုတ်ဆက်ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။ ဦးတင်ဦး ကျန်းမာပါစေဟု ဆုတောင်းကြသည်။ မုံရွာပြည်သူလူထုအား ဒေါ်စုက မိနစ် ၄၀ ကြာ မိန့်ခွန်းပြောကြားခဲ့သည်။ ထိုညက မုံရွာတွင် တစ်ညတာ ရပ်နားခဲ့သည်။ မေ ၃၀ ရက်နေ့တွင် နဂိုခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာခဲ့ရာ မုံရွာမှ ပြည်သူပြည်သားများက ဘုတလင်မြို့အထိ လိုက်ပါပို့ဆောင်ခဲ့သည်။ ထို့နောက် ဘုတလင်မြို့တွင် အဖွဲ့ချုပ်ရုံးဖွင့်လှစ်ခဲ့ပြီး ဘုတလင်မှ ဇီးတောကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့သည်။ မုံရွာမှ ဘုတလင်သို့ လိုက်လံပို့ဆောင်ခဲ့သည့် ပြည်သူများအား ရဲများမှ လိုက်လံဖမ်းဆီးခဲ့သည်ဟု သိရသည်။ ဘုတလင်မြို့မှ စတင်၍ လမ်းတစ်လျှောက်တွင် လက်ပတ်ပတ်ထားသည့် ဘုန်းကြီးဟု ယူဆရသူများ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ၊ ပြည်သူ့စွမ်းအားရှင်များသည် လက်နက်များ ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့သည်။ အချို့နေရာများတွင် လာရောက်ကြိုဆိုသူ ပြည်သူများ များပြားလာသောကြောင့် ထိုသူများသည် နောက်သို့ဆုတ်သွားပြီး လာကြိုမည့်သူနည်းပါးသည့် ရွာငယ်များအရောက်တွင် အော်ဟစ်ဆန္ဒပြခြင်း၊ ရန်မူခြင်းများ ပြုလုပ်ခဲ့သည်။ ကားတန်းတွင်ပါဝင်သည့် ကားများအား ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းအား NLD ပါတီအနေနှင့် လက်တုံ့ပြန်ခြင်းမရှိဘဲ သည်းခံခွင့်လွှတ်ခဲ့သည်။ မေ ၃၀ ရက်နေ့ည ၇ နာရီအချိန်တွင် ကျီရွာသို့ ရောက်ရှိခဲ့သည်။ ထို့နောက် လာရောက် ကြိုဆိုသူများနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ အသင်းဝင်တို့ များပြားသဖြင့် လမ်းမထက်တွင် လူများ ပြည့်ကျပ်နေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းသည် တရွေ့ရွေ့သာ သွားနေရသည်။ တစ်နေရာအရောက်တွင် ဘုန်းကြီးဟု ယူဆရသူနှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ ကားရှေ့မှ ပိတ်ပင်တားဆီးခဲ့ပြီး တရားဟောရန် တောင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူပါလာသော လူငယ်များက အချိန်မရှိသဖြင့် ခွင့်လွှတ်ပေးပါရန် ပန်ကြားသော်လည်း လက်မခံသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဦးဇင်းတို့အနေဖြင့် လူစုပြီးပါက တပည့်တော် ၁၀ မိနစ် နှုတ်ဆက်စကား ပြောမည်ဟု ပြန်လည်ပြောကြားနေစဉ် မန္တလေးမှ လိုက်ပါလာသည့် လုံခြုံရေးလူငယ်က နောက်တွင် ရိုက်နှက်နေပြီဟု လာရောက် သတင်းပေးပို့ခဲ့သည်။ မရှေးမနှောင်းတွင် ဦးတင်ဦးက ဒီနေရာမှ အမြန်ဆုံးထွက်သွားရန် ပြောသော်လည်း ဒေါ်အောင်ဆန်းစုကြည်က မထွက်သွားခဲ့ပေ။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား ရိုက်နှက်သတ်ဖြတ်ရန် တုတ်၊ ဓား အပြည့်အစုံဖြင့် လူအုပ်စုတစ်စုက လာရောက်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကားကို မောင်းသည့် ကိုကျော်စိုးဝင်းမှ လူအုပ်စုကြားမှ အတင်းဖြတ်ကျော် မောင်းနှင်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကားပေါ်တွင် လိုက်ပါခဲ့သော လုံခြုံရေးယူထားသည့် ကိုတိုးလွင်အား ရိုက်နှက်မိသောကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
ဦးတင်ဦးအား ရဲစခန်း၌ ထိန်းသိမ်းထားစဉ် ၎င်းမြင်ခဲ့ကြားခဲ့ရသည့် ဖြစ်စဉ်များကြောင့် အာဏာပိုင်များ ပါဝင်ပတ်သက်ခဲ့သည်ဟု မှတ်ချက်ချနိုင်သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးတင်ဦးက ''ဒီပဲယင်းက တကယ်ဖြစ်ခဲ့တယ်။ အဲဒီအဖြစ်အပျက်ကို မေ့ပစ်လို့မရဘူး။ ဒါပေမဲ့ ခွင့်လွှတ်ခဲ့တယ်။ အဲဒါက အကြမ်းဖက်မှုကို မေတ္တာနဲ့ တုံ့ပြန်ရတယ်ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားစေချင်လို့ပါ''ဟု ပြောကြားခဲ့သည်။

Created on Friday, 31 May 2013 16:38
Written by ခင်ငြိမ်းသစ် 




(ရဲရင့်ငယ်-ကနေဒါ) 

Post a Comment

 
Top