ငရဲအကြောင်းရေးရမည် ဆိုလျှင်
ဗုဒ္ဓဘာသာဝင်တို့ အထူးပင်စိတ်ဝင်စားချေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်
ငရဲဆိုလျှင် လူဆယ်ဦး အတွေးဆယ်ခု အမြင်ဖြင့် သုံးသပ်နေကြခြင်းကြောင့်
ဖြစ်သည်။ ယင်းသို့ သုံးသပ်ခြင်းမှာ လည်း ဗုဒ္ဓဘာသာဝင်တို့အမှားမဟုတ်။
ငရဲဟူသည်ကား မည်သို့မည်ပုံဖြစ်သည်ဟု လေ့လာသူ နှင့် ပြန်လည်ဟောကြားသူ
နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။
ငယ်စဉ်ကတည်းက ငရဲဆိုတာဘာလဲ။ ဆီပူဒယ်အိုးထဲမှာ ထည့်မွေတာလား ဟု
လူကြီးများကို မေးလေ့မေးထ ရှိခဲ့သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂမ်များကို
လေ့လာလိုက်စားပြီးနောက် ငရဲဆိုသည်မှာ ဤသို့ဤပုံရှိသည်ဟု သိရှိရသည်။
စာဖတ်သူ ဓမ္မမိတ်ဆွေသည်လည်း ငရဲကိုယုံပါသလော။ ဗုဒ္ဓဘာသာဝင်တို့ ငရဲကို မည်သို့ သတ်မှတ်ပါလေသ လော။
ဗုဒ္ဓဘာသာဝင်တို့ ၃၁ ဘုံရှိသည်ကို သိရှိပြီးဖြစ်သည်။
(အသေးစိတ်သိသူများလည်း ရှိလျှင်ရှိချေမည်) ထို ၃၁ ဘုံ
အကျဉ်းချုပ်ဖော်ပြရသော် ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်၊ လူ့ဘုံ၊ နတ်ပြည်
ခြောက်ထပ်၊ ဗြဟ္မာပြည် အထပ် ၂၀ ဟု စုစုပေါင်း ၃၁ ဘုံရှိချေသည်။ ဤသည်မှာ
စာရေးသူ အပြောမဟုတ် ဗုဒ္ဓ၏ အဆုံးအမများဖြစ်ချေ သည်။ ဗုဒ္ဓအဆုံးအမဟုဆိုရာတွင်
ထိုဘုံများကို ဗုဒ္ဓမြတ်စွာဘုရားဖန်ဆင်းလေသလားဟူ၍ လည်း အထင်မှားသူများလည်း
ရှိကောင်းရှိချေလိမ့်မည်။ လားလားမှ မသက်ဆိုင်ပါ။ စင်္ကြဝဌာ ဖြစ်တည်သည်မှ စ၍
အနန္တလောကကြီး ကနဦးကတည်းက ၃၁ ဘုံရှိလာခြင်း ဖြစ်သည်။
မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤ ၃၁ ဘုံတွင် ကျင်လည်ခဲ့ရသေးသည်။
မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင် ဘုရားမဖြစ်မှီ အရင့်အရင် ဘဝများက
ငရဲဘုံတွင် ဝဋ်ကြွေးခံခဲ့ရသည်။ ထို့ကြောင့် ဘုရားလောင်း တေမိမင်းသား
ဘဝသို့ရောက်သောအခါ ဆွံ့အသူ ပမာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ မုသား၏
အကုသိုလ်ကံမည်မျှကြီးလေသည်ကို သိရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့သည်။ ယခင်
ငရဲဘုံဘဝက အာခေါင်ခံတွင်းသို့ သံရည်ပူများလောင်းချ ခံရသည့် ငရဲဘုံတွင်
ဝဋ်ကြွေးပေးဆပ်ခဲ့ရခြင်းကြောင့် ယင်းအလေ့အထုံကို အမှတ်သညာဖြစ်ကာ
စကားမပြောပဲနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင်
ငရဲကျခံရသည်ကို စာဖတ်သူတို့ ဘုရားလောင်းဇာတ်တော်အရ သိရှိပြီဖြစ်သည်။
ထို့ကြောင့် ငရဲဘုံမှာ မြတ်စွာဘုရား ဟောကြားခဲ့သည့် ဆိုသော်ငြားလည်း
ဘုရားမပွင့်မှီ ပဝေသနီကတည်းက တည်ရှိနေသာ ဘုံတစ်ခုဖြစ်ကြောင်း
ထောက်ပြနိုင်ချေသည်။
ငရဲကြီး ရှစ်ထပ်ရှိချေသည်။ ၄င်းတို့မှာ- သဉ္ဇိုင်းငရဲ၊ ကာဠသုတ်ငရဲ၊ သံဃာသ
ငရဲ၊ ရောရုဝ ငရဲ၊ မဟာရောရုဝ ငရဲ၊ တာပန ငရဲ၊ မဟာတာပန ငရဲ၊ အဝီစိငရဲ ဟူ၍
ဖြစ်ပြီး ငရဲနှစ်မှာ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အန္တရကပ် တစ်ဝက်၊ ၁
အန္တရကပ် ဟု နှစ်အသီးသီး ကြာမြင့်ကြသည်။ ငရဲတွင် တစ်ရက်သည် လူတို့နှစ်
ကိုးသန်းနှင့် ညီမျှချေသည်။ ထို့ကြောင့် လူတို့သက်တမ်းနှင့်
ပြန်လည်မြောက်ကြည့်လျှင် အင်မတန် ရှည်လျားသည်ကို တွေ့ရသည်။ ငရဲဘုံတို့၏
အကျဉ်းချုပ်ကိုသာဖော်ပြမည်။
သဉ္ဇိုင်းငရဲ မှာ အကုသိုလ်ကံမကုန်မချင်း သံတင်းပုတ်ဖြင့် ထုကာညင်းဆဲသတ်ဖြတ်သော ငရဲ
ကာဠသုတ်ငရဲ မှာ အကုသိုလ်ကံမကုန်မချင်း ခုတ်ရွေ ညှင်းဆဲ သတ်ဖြတ်သော ငရဲ
သံဃာသ ငရဲ မှာ အမုန့်ညက်ညက်ကြေမွအောင် သံတောင်ကြီးဖြင့် ကြိတ်ချေသော ငရဲ
ရောရုဝ ငရဲ မှာ အလွန်ငံယား၊ စပ်ခါး၊ ခြစ်တူး ပူလောင်သော အခိုးအငွေ့တို့ဖြင့် နှိပ်စက်သော ငရဲ
မဟာရောရုဝငရဲ မှာ ထိုအခိုးအငွေ့အပြင် မီးတောက်မီးလျှံများဖြင့်ပါ တောက်လေင်စေသေ ငရဲ
တာပနငရဲ မှာ စအိုမှ ဦးခေါင်းထိ မီးကင် သံတံကျင်ဖြင့် နှိပ်စက်ညှဉ်းပန်းသောငရဲ
မဟာတာပန ငရဲ သံပူတောင်များ၊ သံဆူးပင်ကြီးများပေါ် ပြေးတက်စေပြီး လိုက်လံနှိပ်စက်သော ငရဲ
မဟာအဝီစိ ငရဲ ငရဲ သံသေတ္တာကြီးတွင် အလွန်ပူလောင်အရှိန်ပြင်းထန်သော မီးတောက်တို့ဖြင့် ကွက်လပ်မရှိ နှိပ်စက်သောငရဲ
ငရဲဘုံတစ်ထပ်နှင့်တစ်ထပ် လူ့ဘုံမှ စ ၍ ယူနာပေါင်း ၁၅၀၀၀ စီကွာခြားသည်။
ထို့ပြင် ငရဲကြီးတစ်ထပ်တစ်ထပ်တွင် အရပ်လေးမျက်နှာ၌ ငရဲငယ် ၅ခုစီ
ဝန်းရံထားသေးသည်။ ၄င်းတို့ကို ဆက်ရှင်နေလျှင် စာရှည်နေလိမ့်မည်။
အဆိုးဆုံးငရဲမှာ အဝီဇီငရဲဖြစ်ပြီး သဉ္ဇိုင်းငရဲမှာ အခြား ငရဲတို့နှင့် နှိုင်းစာလျှင် ခံရသည့် နှစ်နှင့် ဝေဒနာသေးငယ်နေချေသေးသည်။
တစ်ထပ်နှင့် တစ်ထပ်အာနိသင်မတူ။ ဥပမာ- ဂရုကံ (အမိသတ်၊ အဖသတ်၊
သံဃာဂိုဏ်းခွဲ စသည်ဖြင့် ကံကြီးထိုက်ငါးပါး) က မဟာအဝီဇိသို့
ကြိမ်းသေရောက်ရသည်။
ငရဲ၏ ဆိုးပုံကို စာဖွဲ့လျှင် အင်မတန်ကိုများပြားလှပေသည်။ ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။
ထို့ကဲ့သို့လွန်ကဲမှုများကြောင့် ငရဲကို ယုံကြည်သူပင် နည်းလာခဲ့သည်။
အဲလောက်တောင် များတာလား မဖြစ်နိုင်ဘူး ဟု သုံးသပ်သူများပင် ရှိလာစေသည်။
ငရဲသည် ဘုံတစ်ခုဖြစ်ပြီး မကောင်းမှုဒုစရိုက်ပြုသူများအတွက် လားရာဘုံဘဝတစ်ခု ဖြစ်ချေသည်။
ဤတွင်
ထောက်စရာအချက်တစ်ခုရှိချေသည်။ လူသားအားလုံး အမှားနှင့်မကင်းချေ။
အားလုံးအမှားကိုယ်စီရှိကြချေသည်။ ထို့ကြောင့်လူတိုင်း ငရဲရောက်သလောဟု
မေးစရာရှိလာသည်။ မရောက်ပါ။ ၃၁ ဘုံတွင် ဘုံတစ်ခုခုသို့ရောက်ရချေသည်။
အကုသိုလ်ကို အများအားဖြင့် ပြုလုပ်တတ်သူသည် (အများအားဖြင့်) ငရဲဘုံနှင့်
အခြား ဒုက္ခတိဘုံဖြစ်သည့် တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်ဘုံဘဝသို့ရောက်ကြရ သည်။
မကောင်းမှုအများဖြင့်လုပ်သော်လည်း ကောင်းသောလူ့ဘုံ၊ နတ်ဘုံရသည်များလည်း ရှိပါသည်။ အဘယ်ကြောင့်နည်း။
မှန်ပါသည်။ မိမိ မည်သည့် ဘုံဘဝသို့ရောက်မည်ဆိုခြင်းမှာ
မိမိကိုယ်တိုင်သာဖန်တီးသည်။ မည်သည့်တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ကမှ
သင်ထိုဘုံသို့သွားလော့ဟု ခိုင်းစေမရချေ။ ကိုယ်သွားမည်ဘုံ ကိုယ်တိုင်သာ
ဖန်တီးသည်။
ငရဲတစ်ခုတည်းနှင့် မပြောလိုတော့ ဒုက္ခတိဘုံအားလုံးနှင့် ခြုံပြောမည်။
မိမိ
ဒုက္ခတိဘုံသို့ရောက်နိုင် မရောက်နိုင်မှာ သေခါနီး (စုတိခါနီး) မိမိထားသော
စိတ်အပေါ်တွင်သာ မူတည်ပါသည်။ အများအားဖြင့် အကုသိုလ်အလုပ်များသူသည်
စုတိခါနီးတွင် အကုသိုလ်ကံများသာ ထင်လာပြီး ဧကန်
ဒုက္ခတိဘုံများသို့ရောက်ရသည်။ ဥပမာ-တိရစ္ဆာန်၊ အသူရကာယ်၊ ငရဲ စသည်ဖြင့်။
သို့သော် အကုသိုလ်အလုပ်များသော်ငြား လည်း သေခါနီး (စုတိခါနီး)တွင်
ပြုဖူးသည့် ကုသိုလ်ကံတစ်ခုထင်ခြင်းကြောင့်လည်း သုခတိဘုံများသို့
ရောက်ရချေသည်။ ဥပမာ-လူ့ဘုံ၊နတ်ဘုံ စသည်ဖြင့်။ (ဤသို့ သေခါနီးဖြစ်ပေါ်သော
စိတ် (ဇောစိတ်)များကို စာဖတ်သူများမှ သိလိုလျှင် ဆောင်းပါးသက်သက်ရေး
ပါမည်။)
ဘဝတစ်ပါးမှသေလွန်ပြီး အခြားဘဝတွင် ဖြစ်ရခြင်း ပဋိသန္ဓေမှာ
တစ်ပြိုင်နက်တည်းဖြစ်သည်။ ကြားတွင် နေသည်ဟုမရှိ။ ထို့ကြောင့် အသုဘ ရက်လည်
နှင့် ပန်းခြောက်ယူပြန် တရားနာ ခြင်းတို့မှာ မှားယွင်းသော အယူအဆဖြစ်ချေသည်။
ထို့ပြင် ကူးတို့ခပေးခြင်းတို့လည်း မှားယွင်းချေသည်။
ယခု ငရဲ ရှင်းမပြီးသေးချေ။ စာဖတ်သူတို့တွင် ငရဲကို
မယုံသူတို့ရှိနေချေအုံးမည်။ လူတို့သည် အကုသိုလ်နှင့် ကုသိုလ် မည်သည်တို့က
အဖြစ်များသနည်း။ စာဖတ်သူတို့ ဝေးဝေးမကြည့်လေနှင့်။ မိမိကိုယ်ကိုယ်သာ
သုံးသပ်ချေ။ အကုသိုလ်ပိုများနေမည်မှာ အမှန်ပင်ဖြစ်သည်။ ငရဲများအင်မတန်ပင်
များပြားလှသည်။ ဒုက္ခများ အင်မတန် ထူပြောလှသည်ဟုပင်
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော်လည်း ငရဲမကြောက်။
အပါယ်မကြောက် အကုသိုလ် ဒုစရိုက်များ ပြုနေကြသည်။ ငရဲကိုသာ မဖော်ထုတ်
မဟောကြားပဲထားထားလျှင် လောကကြီး မည်မျှပင် အကုသိုလ်များနှင့်
ပြည့်နှပ်နေမည်နည်း။ စာဖတ်သူတို့ တွေးကြည့်လော့။
ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက
ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး
ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင်
ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည်
ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။
ထောက်ပြစရာအချက်ကျန်သေးသည်။
ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက
ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး
ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင်
ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည်
ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။
လက်ဆုပ်လက်ကိုင်မပြနိုင်ပေ။
မြင်မှယုံမည် မြင်မှယုံမြင်ဆိုသောသူတို့ အကုသိုလ်ကုသိုလ်
မည်သည်မှားသည်မှန်သည်ကို ဗုဒ္ဓအဆုံးအမကို လေ့လာထား၍ သိရှိပြီး ဖြစ်သည်။
သို့သော် မြင်နိုင်ကြလော။ အာရုံ၏အမှန်ကိုမြင်နိုင်ကြလော။
မှားမှန်းသိသော်လည်း ယင်းအမှားကို ကျူးလွန်နေကြသေးသည်။ ဒုစရိုက်မကောင်းဟု
သိပေသော်ငြားလည်း အာရုံ၏ သဘောအမှန်ကို မမြင်နိုင်ကာ ဆက်လက်မှားနေကြသည်။
အနီးစပ်ဆုံး မိမိရုပ်၊ နာမ်တွင်ဖြစ်တည်သော အာရုံ၏ အမှန်ကိုပင် မမြင်နိုင်၊
ယူဇနာ ထောင်သောင်းမက ဝေးသော ငရဲကို မြင်နိုင်ရန် ဝေးလှချေသေး၏။
အာရုံ၏ သဘောအမှန်ကို မြင်လျှင် မည်သည်မှာ ငရဲ၊ မည်သည်မှ နတ်ဘုံ၊ ဗြဟ္မာဘုံဟု တပ်အပ်မြင်ချေ လိမ့်မည်။
နောက်တစ်ချက် စာဖတ်သူတို့ သဘာဝလောကကိုလေ့လာချေ။ ကမ္ဘာပေါ်ရှိ
မရေမတွက်နိုင်သော တိရစ္ဆာန်၊ အင်းစက်ပိုးမွားများ မည်မျှ ရှိချေသနည်း။
သိပ္ပံပညာရှင်တို့၏လေ့လာချက်အရ လူသားအရေအတွက်မှာ တစ်ကမ္ဘာလုံးပေါင်းမှ သန်း
၇ထောင် ကျော်ရုံမျှသာ ရှိသေးသည်။ ထို့ကြောင့် မမြင်နိုင်သော အခြား
သက်ရှိတို့ မည်သည့် ဘုံဘဝတွင် ဖြစ်တည်နေသည်ကို စဉ်းစားတွေးကြည့်လေ။
မြတ်စွာဘုရားရှင်ဟောကြားခဲ့သည်တစ်ခုရှိသည်။ ၄င်းမှာ သမုဒ္ဒရာမှ
အပ်တစ်စင်းနှင့် ကောင်းကင်မှ အပ်တစ်စင်း ထိပ်ခြင်းထိရန်ခဲယင်းသည်။
ယင်းခဲယင်းမှုထက် လူတစ်ဦး ဖြစ်လာရန်မှာ အင်မတန်ခဲယင်းသည့်
ကိစ္စရပ်တစ်ခုဖြစ်သည်။ ၄င်းကို မသိရှိသူတို့က လူတို့၏ တန်ဖိုးကိုနားမလည်ပဲ
မိုက်မဲနေကြသေးသည်။ လူပြန်ဖြစ်ရန် အင်မတန်ခဲယဉ်းချေသည်။ အခြား
ငရဲဘုံတို့တွင် ပဋိသန္ဓေရန် အင်မတန်လွယ်ကူသည်။ ထို့ကြောင့်
မိမိရရှိပိုင်ဆိုင်ထားသော ဘဝတွင် ကောင်းမှုများကိုသာပြုလုပ်ပြီး
တရားပွားများကြင့်ကျံကာ သံသရာလောကမှ လွတ်မြောက်စေရန်
လမ်းညွန်ဟောကြားခဲ့ချေသည်။
စာဖတ်သူတို့ ငရဲ စသည် ဆင်းရဲခြင်း ဘုံဘဝတို့ကို အမှန်မြင် သိရှိကာ သံသရာမှ လွတ်မြောက်အောင် လေ့လာကျင့်ကြံအားထုတ်နိုင်ကြပါစေ။
ကိုးကား - အဘိဓမ္မာ
အောင်ခမ်း (ရိုးရာလေး)
Subscribe to:
Post Comments (Atom)
Post a Comment