နိုင်ငံတစ်၀န်းယာဉ်တိုက်မှု
ဖြစ်စဉ်များကြောင့် တစ်နေ့လျှင် ပျမ်းမျှ လူ ၁၀ဦးနှုန်း သေဆုံးနေကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဌာနချူပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တာ၀န်ရှိသူတစ်ဦးက စက်တင်ဘာ ၁၆ရက်
နံနက်ပိုင်းတွင် ပြောကြားခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံအတွင်း ၂၀၁၃ခုနှစ်၊ ဇန်နဝါရီ
၁ရက်မှ သြဂုတ် ၃၁ရက်အထိ ရှစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၉၀၅၈မှုတွင် သေဆုံးသူ ၂၄၁၇ဦးနှင့်
ဒဏ်ရာရရှိသူ ၁၅၆၇၅ဦးအထိ ရှိကြောင်း သိရှိရသည်။
ထိုကဲ့သို့ ယာဉ်တိုက်မှုများ
လျော့ကျစေရန်အတွက် လမ်းအန္တရာယ် ကင်းစင်ရေး စီမံခန့်ခွဲမှု၊ လုံခြုံရေး ကောင်းမွန်သောလမ်းများနှင့်
ခရီး သွားလာနိုင်မှု၊ လုံခြုံမှုရှိသည့် မော်တော်ယာဉ်များ အသုံးပြုနိုင်မှု၊ စည်းကမ်းလိုက်နာသော
လမ်း အသုံးပြုသူများရှိရန် လိုအပ်မှုနှင့် ထိခိုက်မှု ဖြစ်ပွားပြီးနောက် ထုတ်ပြန်မှု
ကောင်းမွန်ရန် လိုအပ်မှုစသည့် ငါးချက်ကို ချမှတ်ကာ လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း
ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
“ယာဉ်တိုက်မှု ဖြစ်စဉ်တွေ
လျော့ကျဖို့ အချက်ငါးချက်စလုံး ဟန်ချက်ညီညီ တိုးတက်ဖို့ လိုအပ်တယ်။ ဒီအချက်ငါးချက်က
ယာဉ်ထိန်းရဲတပ်ဖွဲ့ တစ်ဖွဲ့တည်း ဆောင်ရွက်လို့ မရဘူး။ သက်ဆိ်ုင်ရာဌာန ဆိုင်ရာတွေ၊ ပြည်နယ်နဲ့
တိုင်းဒေသကြီး အသီးသီးက အစိုးရအဖွဲ့တွေ၊ NGO တွေ၊ လမ်းအသုံးပြုသူတွေ အားလုံးမှာ တာ၀န်ရှိပါတယ်။
အားလုံးပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် နောက်ဆုံးအချက်က
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရတဲ့သူကို အမြန်ဆုံး သွားရောက်ပြီး ဆေးကုသမှု ပေးရပါမယ်။
အနီးစပ်ဆုံး ဆေးရုံကို ပို့ဆောင်ပေးရမယ်။ ဒီမှာဆိုရင် ဆေးကုသမှုအပိုင်းတွေ၊ အရေးပေါ်ယာဉ်တွေ
အများကြီး လိုအပ်တယ်။ ရန်ကုန်မှာဆိုရင် အရေးပေါ် လူနာတင်ယာဉ် သုံးစီးပဲ ရှိပါသေးတယ်”ဟု
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချူပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက
စက်တင်ဘာ ၁၆ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ပြည်တွင်း၌ ယာဉ်တိုက်မှု
ဖြစ်စဉ်များအနေဖြင့် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီတွင် ၁၉၉၉မှု၊ ဖေဖော်ဝါရီတွင် ၁၁၂၇မှု၊ မတ်လတွင်
၁၁၈၆မှု၊ ဧပြီတွင် ၁၃၂၁မှု၊ မေလတွင် ၁၀၇မှု၊
ဇွန်လတွင် ၁၀၈၈မှု၊ ဇူလိုင်တွင် ၁၀၈၀မှု၊ သြဂုတ်တွင် ၁၀၅၀မှုတို့ ဖြစ်ပွားခဲ့ကြောင်း၊
ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးမှ သိရသည်ဟု ဆိုသည်။
Ref-Myanmar ICT

Post a Comment