လူတွေဟာ ကိုယ့်ဘ၀ရဲ့
ဥယျာဉ်မှူးတွေဖြစ်ပါသည်။ ကိုယ့်ဘ၀ကိုယ် ကိုယ်တိုင် ဘယ်လိုထိန်းကျောင်းသွားကြ ပါသလဲ။
ဥယျာဉ်မှူးကောင်းတွေဟာ အပင်သန်ပြီး အသီးတွေအောင်ဖို့၊ အပွင့်တွေ လှပြီး အညွှန့်အခက်တွေ
ေ၀စည်ဖို့ ကြိုးပမ်း ပြုပြင်ကြရပါသည်။ ပိုးမကျအောင်၊ မျိုးမပျက်အောင် ပြုစုစောင့်ရှောက်ကြသည်။
တချို့ ကတော့ ကိုယ့်ကိုယ်ကို အလေးမထား ပတ်၀န်းကျင်ကိုလည်း ပစ်ပယ်ကြလို့ ဘ၀ဖုန်းဆိုးတောတွေ
ဖြစ်ကုန် ကြတာကို တွေ့ရှိနေရပါသည်။
ကျွန်မတို့သည် နေ့စဉ်
လူနေမှုဘ၀တွင် ရွေးချယ်မှုများစွာကို လုပ်ကိုင်နေရပါသည်။ ရွေးချယ်သည် ဆိုသည့် စကားရပ်တစ်ခုသည်
ကျွန်မတို့အတွက် အထူးဆန်းကြယ်သော စကားရပ်တစ်ခုပင် မဟုတ်ပါလား။ မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်သည်နှင့်တစ်ပြိုက်နက်တည်း
အိပ်ရာအရင်သိမ်းမလား၊ အိမ်သာ အရင်သွားမလား ဒါမှမဟုတ် မျက်နှာအရင်သစ်မလားဆိုတဲ့ စဉ်းစားရတဲ့
ရွေးချယ်မှု ဆိုသောအရာနှင့် စတင် ထိတွေ့ရပါသည်။
အဲဒီလိုရွေးချယ်မှုတွေ
များလာသည့်အခါ အမှန်ကို ရွေးချယ်မိသလို အမှားကိုလည်း ရွေးချယ်မိတတ် ကြပါသည်။ ရွေးချယ်မှုအပေါ်
မူတည်ပြီး လုပ်ဆောင်ခြင်းကြောင့် အောင်မြင်သူများ ရှိလာကြသလို ရှုံးနိမ့်မှုများ လည်း
ရင်ဆိုင်ရသူများ ဒုနဲ့ဒေး သင်တွေ့ဖူးပါလိမ့်မည်။ ယခုလို ရှုံးနိမ့်မှုမျိုး ဖြစ်လာခဲ့ရင်လည်း
အရင်ဆုံး စိတ်ဓာတ်ကျဆင်းခြင်းဆိုသည့် ဂုဏ်ပုဒ်က တွဲလျက် ကပ်ပါလာမြဲ ဖြစ်ပေသည်။ စိတ်ဓာတ်ကျဆင်းမှု
ကို လူတိုင်း ကြုံတွေ့ဖူးကြမည် ဖြစ်ပါသည်။ စိတ်ဓာတ်ကျဆင်းမှုဆိုတာ ဘာလဲလို့ မေးခဲ့ရင်လည်း
ထိုအဓိပ္ပာယ်ကို သိရှိပြီး ဖြစ်သော်လည်း ပြေပြစ်တိကျသော စကားလုံးများနှင့် အနက်ဖွင့်ဆိုရန်
အမှန်တကယ် အခက်အခဲကား ရှိပါသည်။ စိတ်ရောဂါေ၀ဒနာ အမျိုးမျိုးရှိသည့်အထဲမှ စိတ်ကစဥ့်ကလျား
ရောဂါ၊ စိတ်ကြွရောဂါ တွေက ပတ်၀န်းကျင်ရဲ့ ပြောင်းလဲမှုနဲ့ တိုက်ရိုက်မသက်ပေမယ့် စိတ်ကျရောဂါေ၀ဒနာကတော့
ပတ်၀န်းကျင်ရဲ့ ရိုက်ခတ်မှု၊ ပြောင်းလဲလာတဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့
ပတ်သက်နေသလို တစ်နေ့တစ်ခြားလည်း များပြား လာနိုင်တယ်လို့လည်း သိရှိရပါသည်။
ပုဂ္ဂိလ်တစ်ဦးကတော့
စိတ်ဓာတ်ကျခြင်းဆိုသည်မှာ ဘာကိုမှ လုပ်ဆောင်မှုမရှိသည့် အန္တရာယ်ရှိသော အနုပညာတစ်ရပ်လို့
ပြောဆိုခဲ့ဖူးပါသည်။ တကယ်တော့ စိတ်ဓာတ်ကျခြင်းသည် ဘ၀တွင် မျှော်လင့်ချက် စိတ်သုဉ်း
ကင်းမဲ့သွားခြင်းနှင့် ဘာတစ်ခုမျှ မလုပ်ချင်မကိုင်ချင် ဖြစ်ခြင်းများအပြင် ထိုကိစ္စအတွက်
ဘာမျှ ကုစား၍ မရတော့ဟု ယူဆနေခြင်းနှင့် မိမိအတွက် ဘာမှအရေးတကြီး ဆောင်ရွက်စရာ မရှိတော့ခြင်း၊
နေရာ မရှိခြင်း သည်လည်း စိတ်ဓာတ်ကျခြင်းပင် ဖြစ်ပေသည်။ စိတ်ဓာတ်ကျပြီ ဆိုသည်နှင့်အမျှလည်း
ရွေးချယ်စရာ ဟူ၍ မရှိတော့သည့် အနေအထားပင် ဖြစ်ပါသည်။ အနာဂတ်နှင့်ပတ်သက်၍ အပြုသဘောဆောင်သော
အတွေးအခေါ်များ ကင်းမဲ့နေပြီး ကိုယ့်ဘ၀ကို ကိုယ် မကျေနပ်ခြင်းများလည်း ပါ၀င်နေပေတော့သည်။
လူ့ဘ၀တွင် စိတ်ဓာတ်ကျဆင်းနေသော
ကာလများသည် ကြမ်းတမ်းသော လမ်းကြောင်းမှ ထွက်လမ်း မမြင်တော့သည့်အခါမျိုးနှင့် လင်းလက်နေသော
နေရောင်ခြည်အစား တိမ်တိုက်မဲကြီးများကို မြင်နေရသော ကာလမျိုးများပင် ဖြစ်ပါသည်။
ထိုသို့ သင့်စိတ်သည်
ပြောင်းလဲနေပြီဆိုလျှင် လူတွေရဲ့စိတ်သည် အတော်ဆန်းကြယ်၍ အင်အားများရှိ သည်ကို အစဉ်အမှတ်ရနေဖို့
လိုအပ်ပါသည်။ သင့်ရဲ့စိတ်ကို သင်သည် ထိန်းချုပ်နိုင်သည် ဆိုသော အချက်ကို လည်း သင် အစဉ်အမြဲ
သတိရနေပါ။ သင်၏ လုပ်ဆောင်ချက်များက သင်၏ခံစားချက်ကို ပြဌာန်းခြင်းသာလျှင် ဖြစ်ပါသည်။
မည်သူတွေ မည်သို့ စိတ်ဓာတ်ကျဆင်းစေမည့် အပြုအမူလုပ်ဆောင်ချက်များ လုပ်ဆောင်နေ ပါစေ။
သင့်စိတ်ကို သင်သာလျှင် ပိုင်သည်လို့ စွဲမြဲထားရမည်။ ကျွန်မသည်လည်း လူထဲက လူမို့လို့
အမြဲစိတ်ဓာတ် တက်ကြွနေသည်လို့ မထင်လိုက်ပါနဲ့။ ကျွန်မသည်လည်း ကျွန်မရဲ့၀န်းကျင်အလိုက်
ပြောင်းလဲမှုများနှင့်အတူ တစ်ခါတလေ ပတ်၀န်းကျင်ရဲ့ ရိုက်ခတ်မှုများကြောင့် စိတ်ဓာတ်ခြင်း၊
ပတ်၀န်းကျင်နဲ့ အဆက်အဆံ မလုပ်ချင်ခြင်းများလည်း အနည်းအများ ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့်
သင်သည် စိတ်ဓာတ် ကျဆင်းနေပါက အရင်ဆုံးပြောလိုသည်မှာ ဒီလိုဖြစ်လာခဲ့ရင် ပတ်၀န်းကျင်ကို
ခဏတာမျှ မေ့ဖျောက်လိုက်ပါ။
အမြင်ကြည်လင်စေရန်
စိမ်းလန်းစိုပြည်သည့်အပြင် လေကောင်းလေသန့်ရနိုင်သည့် နေရာများကို ထပ်ခါထပ်ခါ သွားရောက်လိုက်ပါ။
နောက်မိမိရဲ့ အမှားများကို တစ်ခုခြင်း ရှာဖွေကြည့်လိုက်ပါ။ စိတ်ဓာတ်ချခြင်း၏ အကြောင်းအရင်းခံသည်
တစ်ခါတစ်ရံ ဒေါသဖြစ်တတ်ပါသည်။ ဒေါသသည် ဦးတည်ချက်မရှိဘဲ ထွက်လေ့ မရှိသော တစ်ခါတစ်ရံ
ဒေါသသည် တစ်စုံတစ်ယောက်သောသူကို ဦးတည်နေတတ်ပါသည်။ ဒီလိုအခါတွင် သင်သည် ဘယ်သူ့ကို ဒေါသထွက်နေသနည်း။
တစ်ဦးတစ်ယောက်ကို ဒေါသထွက်နေရာက စိတ်ဓာတ်ကျ နေတာလား၊ လူတစ်စုကို ဒေါသ ထွက်နေတာလား။
ဘာကြောင့် ဒေါသထွက်နေသည်ကို သင် ရှာဖွေပါ။ အကယ်၍သာ သင့်ရဲ့ စိတ်ဓာတ်ကျမှုသည် ဒေါသထွက်မှုနှင့်ဆက်စပ်ပါက
သင့်ဒေါသ ထွက်နေသော သူများထံသွားလိုက်ပါ။ ထို့နောက် သင်က သူတို့ကို ခွင့်လွှတ်ကြောင်း
ပြောလိုက်ပါ။ ထို့နောက် အပြန်ခရီးတွင် သင့်ကိုယ်သင်လည်း ခွင့်လွှတ်လိုက်ပါ။
ထို့နောက် စိတ်ဓာတ်ကျခြင်းသည်
ဘာမျှလုပ်စရာ မရှိတော့သည့် အခြေအနေမျိုးဖြစ်ပေရာ သင်သည် စိတ်ဓာတ်ဆက်လက်ကျဆင်းနေပါက
အလုပ်လုပ်စရာ စာရင်းတစ်ခုကို ချရေးလိုက်ပါ။ ထို့ကဲ့သို့ အလုပ်များကို ရေးချပြီး ထိုအထဲမှ
ဘယ်အလုပ်ကို အရင်စတင်လုပ်ဆောင်ရန် သင် ရွေးချယ်လိုက်ပါ။ ထို့နောက် အလုပ်တစ်ခုပြီး တစ်ခု
ဆက်လက် လုပ်ဆောင်လိုက်ပါ။ သင်သည် အလုပ်တစ်ခု ပြီးတိုင်း သင်ရဲ့စိတ်သည် တစ်ဆင့်မြင့်လာသည်ကို
တွေ့ရှိရမည် ဖြစ်ပါသည်။ ဒီလိုမှ စိတ်ဓာတ်ကျမှု မပြောင်းလဲသေးလျှင် အချိန်ရရှိအောင်
အရင်လုပ်ဆောင်ပြီး တရားထိုင်ပါ။ ၁၅ မိနစ် အရင် တရားထိုင်ကြည့်ပြီး နောက် မိနစ် ၂၀၊
၂၅ တိုး တိုးပြီး ဆက်လက်လုပ်ဆောင်လိုက်ပါ။ ဒါဆိုရင်တော့ သင်ရဲ့ စိတ်သည် အေးချမ်းမှုဆီသို့
အမှန်တကယ် ပြောင်းလဲသွားမည် ဖြစ်ပေသည်။ နေ့တိုင်း အချိန်အနည်းငယ် တရားထိုင်ပေးခြင်းဖြင့်
စိတ်ကို အေးချမ်းမှု ပိုမိုဖြစ်ပေါ်စေပါသည်။ ဒီလိုမှမဟုတ်သေးလျှင် ဆက်လက်ပြီး တစ်စုံတစ်ယောက်ကို
ကူညီလိုက်ပါ။ အကူအညီ လိုနေသူတစ်ဦးအား ကူညီလိုက်ပါ။ သူများကိစ္စကို ကူညီခြင်းအားဖြင့်
“သြော် သူများကိစ္စတွေတောင် ငါ ကူညီနိုင်တာပဲ”
ဟု ဆိုသည့်အတွေးများ ရရှိလာကာ ထိုအတွေးက သင့်အား စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးပြီးသား
အလိုလိုဖြစ်သွားပါလိမ့်မည်။ မယုံမရှိပါနဲ့ ကျွန်မရဲ့ ကိုယ်တွေ့ပင် ဖြစ်ပါသည်။
စိတ်ဓာတ်ကျဆင်းခြင်းသည်
ကျန်းမာရေးကို အလွန်အမင်းထိခိုက်မှုကို ဖြစ်စေပြီး စိတ်ရဲ့ ယိုယွင်း ပျက်စီးစေမှုကို
အားပေးပါသည်။ ကျွန်မ ဖတ်ဖူးသည့် စာအုပ်ထဲမှ ရတ်ဖ်ေဝါလ်ဒိုးအီမာဆင်ရဲ့ စကားစုလေးက “ပျော်ရွှင်ခြင်းဆိုသည်မှာ
သင့်ကိုယ်ပေါ်သို့ တစ်စက်မှ မကျဘဲ အခြားသူများ၏ ကိုယ်ပေါ်သို့ ပက်ဖျန်း၍ရသော ရေမွေးမဟုတ်ပါလို့”
သူက ဆိုထားပါသည်။ ဒါကြောင့် စိတ်ညစ်ခြင်းဆိုသည်အရာကို သင် ဘယ်တော့မှ လက်မခံပါနဲ့။ အကယ်၍
ရောက်ရှိလာခဲ့ရင်လည်း သင်သည် တစ်နည်းနည်းဖြင့် မောင်းထုတ်လိုက်ပါလို့ ပြောရင်းဖြင့်
အောင်မြင်မှု ပန်းတိုင်ဆီသို့ အရောက်လှမ်းစေဖို့ ရေးသားလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။
Ref-Myanmar ICT

Post a Comment