နာမည်ကျော်
လူမှုကွန်ရက် ကုမ္ပဏီ Facebook မှ speech-to-speech translation ကုမ္ပဏီ Mobile
Technologies ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ကုန်စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး
Tom Stocky က ကြေညာခဲ့သည်။
ကမ္ဘာပေါ်တွင်
လစဉ် Facebook အသုံးပြုသူဦးရေ ၁ ဘီလီယံကျော်ရှိသော်လည်း ကမ္ဘာပေါ်ရှိ အခြားသူများနှင့်ပါ
ထပ်မံချိတ် ဆက်နိုင်ရန်အတွက် ယခုကဲ့သို့ ဝယ်ယူရခြင်း
ဖြစ်ကြောင်း Stocky ကဆိုသည်။ အသံဖြင့်ပြောဆို ဆက်သွယ်မှုသည် မိုဘိုင်းထုတ်ကုန်များနှင့် ဝက်ဘ်ပေါ်တွင် ပိုမိုအရေးပါလာပြီဖြစ်ရာ ယခုနည်းပညာသည် ၎င်းတို့၏ ထုတ်ကုန်များအတွက် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း Stocky ကပြောကြားခဲ့သည်။ Mobile Technologies မှ Jibbigo အမည်ရှိ ပထမဦးဆုံး speech-to-speech translator ကို ဖန်တီးထုတ်လုပ်ခဲ့ပြီး အဆိုပါ app ကို ဖုန်းများပေါ်တွင် online ရော၊ offline ပါအသုံးပြုနိုင်သည်။ ၎င်းကို ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများတွင် ကမ္ဘာတစ်ဝှမ်း အသုံးပြုကြသည်။ ကမ္ဘာပေါ်ရှိ ခရီးသွား များသည် နိုင်ငံခြားတိုင်း ပြည်များတွင် Jibbigo ကို အသုံးပြုပြီး ဆက်သွယ်မှုများ ပြုလုပ်ကြသည်။ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ဘာသာစကား အခက်အခဲကို ဖြေရှင်းရန်အတွက် အသုံးပြုကြကြောင်း Mobile Technologies မှ ပြောကြားခဲ့သည်။

Mobile
Technologies ၏ speech-to-speech translation နည်းပညာကို ကုမ္ပဏီ၏ မည်သည့် နေရာ၌ အသုံးပြုရန်ရည်ရွယ်ထားကြောင်း
Stocky က အတိအကျ ပြောကြားထားခြင်း မရှိသေးဘဲ ကုမ္ပဏီ၏
ရေရှည်ထုတ်ကုန် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

-ဟေမာ
Ref: VentureBeat
Ref: VentureBeat
Post a Comment