ရန်ကုန်မြို့မှာ
ဇူလိုင် ၃၁ ရက်က အစပြုတဲ့ လွတ်လပ်တဲ့ မီဒီယာဥပဒေများ
ပေါ်ထွန်းရေးလှုပ်ရှားမှုအပေါ် မန္တလေးမြို့က မီဒီယာသမားတွေက
ထောက်ခံလိုက်ကြပြီး ထောက်ခံလက်မှတ် စုဆောင်းကြဖို့ စီစဉ်နေပါတယ်။
မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးဆောင်ပြုလုပ်တဲ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို
မန္တလေးမြို့နဲ့ တခြားမြို့ကြီးတွေကို ကူးစက်ပျံ့နှံနေတာ ဖြစ်ပါတယ်။
ပြန်ကြားရေးက
ရေးဆွဲတင်သွင်းတဲ့ ပုံနှိပ်ထုတ်ဝေဥကဒေကြမ်းကို ပြည်သူ့လွှတ်တော်က
အတည်ပြုပေးခဲ့တာ၊ စာနယ်ဇင်းကောင်စီ(ယာယီ)က တင်တဲ့ သတင်းမီဒီယာဥပဒေကြမ်းကို
လွှတ်တော်တင်ဖို့ ပြန်ကြားရေးက ငြင်းဆိုခဲ့တာတွေကြောင့် အခုလို
လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
မန္တလေးမော်ဒန်ဂျာနယ်
သတင်းထောက်ချုပ် ဦးစန်းယုကျော်က “လက်ရှိ ပြန်ကြားရေးကနေပြီး
တင်ထားပြီးတော့ ပြည်သူ့လွှတ်တော်မှာ အတည်ထားပြီး ကတည်းက ကျနော်တို့
မီဒီယာသမားတွေရဲ့ သတင်းအချက်အလက်အမှန်၊ အမှန် ပေးနိုင်မယ့်လူကို
ကျနော်တို့က ဖိနှိပ်တယ်လို့ ယူဆတယ်။ နောက် မီဒီယာ ကိုယ်စားပြုထားတဲ့
စာနယ်ဇင်း ကောင်စီ (ယာယီ) ကနေ ကန့်ကွက်ထားတဲ့အတွက် ကျနော်တို့ကလည်း
ရန်ကုန်မှာတင်မဟုတ်ဘဲနဲ့ မန္တလေးအရောက် ကျနော်တို့က လုပ်တဲ့သဘောပါပဲ” လို့
ပြောပါတယ်။
မနေ့က
ရန်ကုန်မြို့က မီဒီယာသမားတွေကလည်း လူစည်ကားရာနေရာတွေမှာ လက်မှတ်
လိုက်လံစုဆောင်းခဲ့သလို ‘ပြည်သူလူထု သတင်းမှန်ရရေး မီဒီယာလွတ်လပ်ခွင့်ပေး’
ဆိုတဲ့ စတစ်ကာတွေ ဖြန့်ဝေခဲ့ကြပါတယ်။
ဒီနေ့တော့
မန္တလေးမြို့က ယူနီဆန်ကဖေးမှာ မန္တလေးက စာနယ်ဇင်းသမားတွေ စုဝေးတိုင်ပင်ပြီး
လက်မှတ်ထိုးလှုပ်ရှားမှုလုပ်ဖို့ ဆုံးဖြတ်ကြတာဖြစ်ပြီး မနက်ဖြန်
စတင်ကောက်ယူမယ်လို့ ပါဝင်သူတွေက ပြောပါတယ်။
မန္တလေးအခြစိုက် မြနန္ဒာဂျာနယ်က အယ်ဒီတာ ဦးမင်းဒင်က စည်းဝေးဆုံးဖြတ်ချက်ကို ခုလို ပြောပါတယ်။
“မြန်မာဂျာနယ်လစ်ကွန်ရက်
(အမ်ဂျေအန်) က ဒီကိစ္စကို လုပ်တယ်။ လုပ်တဲ့ဟာကို ကျနော်တို့ မန္တလေး
သတင်းသမားတွေအကုန်လုံး ထောက်ခံခိုင်းပြီးတော့ အခုဒီဆွေးနွေးပွဲ
လုပ်ပြီးတော့ ဆုံးဖြတ်ချက်ချတယ်။ ဒီ အမ်ဂျေအန်ရဲ့ လုပ်ဆောင်မှု လက်မှတ်ထိုး
ကောက်ခံတဲ့ ကမ်းပိန်းကို မန္တလေးသတင်းသမားတွေ အားလုံးကနေပြီးတော့
တညီတညွတ်ထောက်ခံပြီး ဆက်လက် လုပ်ဆောင်မယ်ဆိုတဲ့ဟာပါ။ အစိုးရက ဆွဲတဲ့
ပုံနှိပ်ဥပဒေကြမ်းကို ပြင်ဆင်မယ်ဆိုတဲ့ဟာကို ပြည်သူလူထုကပါ ထောက်ခံတဲ့
ကမ်းပိန်းတွေကိုပါ စလုပ်မယ်။”
လက်မှတ်တွေကို
မန္တလေးမြို့က လူစည်ကားတဲ့ ကျောက်ဝိုင်း၊ ဈေးချိုနေရာတွေအပြင် ရှစ်လေးလုံး
ငွေရတုကျင်းပတဲ့ပွဲ အပြင်ပမှာလည်း ကောက်ယူမယ်လို့ ဦးမင်းဒင်က ပြောပါတယ်။
အခုအခါ
ရန်ကုန်နဲ့ မန္တလေးမှာ မီဒီယာသမားတွေ စုဝေးနေတာမဟုတ်တော့ဘဲ မန္တလေး၊ မုံရွာ၊
တောင်ကြီးနဲ့ မကွေးစတဲ့နေရာတွေမှာလည်း အစုအဝေးနဲ့ ရှိနေတာကြောင့်
ဒီလှုပ်ရှားမှုကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
DVB
Post a Comment