ဂူဂဲလ်၏ အင်တာနက်မျက်မှန်ကို ယခုနှစ်အတွင်း ဈေးကွက်တင်ဖွယ်ရှိ
စမတ်ဖုန်းများ၏ ထိရောက်မှု အားနည်းမှုများမှ ကင်းဝေးစေရန် ရည်ရွယ်သော ဂူဂဲလ်၏ အင်တာနက်မျက်မှန်များကို ယခုနှစ်တွင် ဈေးကွက်တင်တော့မည်ဖြစ်ကြောင်း ဂူဂဲလ်ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဆာဂေဘရင်းက ပြောကြားခဲ့သည်။
ယင်းမျက်မှန်တပ်ထားသူသည် မျက်မှန်ကို ညွှန်ကြားချက်များ ပေးနိုင်ပြီး မျက်မှန်တွင် ကင်မရာပါသည့် နည်းပညာက မျက်မှန်တပ်ဆင်ထားသူ၏ မြင်ကွင်းအတိုင်း ဓာတ်ပုံ၊ ဗီဒီယိုများကို တိုက်ရိုက်ရိုက်ကူးနိုင်မည် ဖြစ်သည်။ ယခုနှစ်ကုန်တွင် ယင်းမျက်မှန်များကို ဒေါ်လာ ၁၅၀၀ အောက်နိမ့်သောဈေးဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း ဘရင်းက ပြောကြားခဲ့သည်။
လူမှုဝန်းကျင်တွင် ဆက်ဆံရေး သဟဇာတဖြစ်မှု ပျက်ယွင်းလာသော အမူအကျင့်များမှ ကင်းဝေးစေရန်အတွက်လည်း အင်တာနက်မျက်မှန်ကို ထုတ်လုပ်ခြင်းဖြစ်ကြောင်း နည်းပညာဆွေးနွေးပွဲ TED ကွန်ဖရင့်တွင် ဘရင်းက ပြောကြားခဲ့သည်။
စမတ်ဖုန်းများနှင့် မတူသည်မှာ ဂူဂဲလ်၏ အင်တာနက်မျက်မှန်သည် ဒစ်ဂျစ်တယ် သတင်းအချက်အလက်များ ရရှိနေချိန်တွင်ပင် ယင်းမျက်မှန် တပ်ဆင်ထားသူက ယင်းအတွက် အထူးအာရုံစိုက်စရာ မလိုဘဲ ပုံမှန်အတိုင်း ဆက်လက်ပြုမူနိုင်မည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းတွင် သတင်းအချက်အလက်များ ဖြစ်ပေါ်နေချိန်တွင် အချိန်နှင့်တစ်ပြေးညီ ယင်းအချက်အလက်များကို မျက်မှန်တပ်ဆင်ထားသူက ရရှိနေမည်ဖြစ်သည်။
လူအများက စမတ်ဖုန်းများကို အာရုံပြောင်းရန် သို့မဟုတ် အလုပ်ရှုပ်နေသည်ဟု ထင်စေရန်အတွက် သုံးစွဲသည့် အသုံးအဆောင်တစ်ခု ဖြစ်လာနေကြောင်း၊ ဂူဂဲလ်၏ အင်တာနက်မျက်မှန်က လူမှုရေးမသိတတ်ကြောင်း သို့မဟုတ် မရိုးသားကြောင်း ဆင်ခြေများမှ ကင်းဝေးစေမည်ဖြစ်ကြောင်း ဘရင်းက ပြောကြားခဲ့သည်။
မူရင်းလင့်-http://www.searchmyanmar.com
Ref:AFP
Post a Comment