0
ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ထားသော ကာတာ ဆက်သွယ်ရေးကုမ္ပဏီ အောရီဒူးက အကြံပေးကုမ္ပဏီများအဖြစ် ဗြိတိန်နိုင်ငံမှ Norton Rose Fulbright နှင့် သြစတြေးလျ အခြေစိုက် Webb Henderson တို့ကို ခန်အပ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီနှစ်ခုက ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံရှိ ဒေါ်လာဘီလီယံ ပေါင်းများစွာ တန်ကြေးရှိသော ဆက်သွယ်ရေး စီမံကိန်းများအတွက် ရည်ရွယ်ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး အထွေထွေ ဥပဒေအကြံပေး ကိစ္စရပ်များနှင့် ဝန်ထမ်းခေါ်ယူရေး ကိစ္စများကို စတင်ကူညီပံ့ပိုးရဖွယ် ရှိသည်ဟု The Lawyer သတင်းဌာနက ဖော်ပြသည်။
“ဒီလုပ်ငန်းတွေထဲမှာ e-Health တို့၊ Mobile Education တို့၊ Mobile Payment Services တို့လို အစီအစဉ်မျိုးတွေနဲ့ တာဝန်ယူမှုရှိတဲ့ လုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုးကျေးဇူးတွေ ရရှိမှာပါ” ဟု Norton Rose Fulbright မှ အကြံပေး ပညာရှင် Gigi Cheah က ဆိုသည်။
အောရီဒူး (Ooredoo) ကုမ္ပဏီက မြန်မာနိုင်ငံတွင် စတင်ဆောင်ရွက်မည့် ဆက်သွယ်ရေးဆိုင်ရာ စီးပွားရေး အစီအစဉ်များကို လာမည့်နှစ်တွင် စတင်နိုင်ရန် စီးပွားရေးနှင့် ဈေးကွက်ဆိုင်ရာ မဟာဗျူဟာမြောက် အစီအမံများ အကြံပေး ပြင်ဆင်ပေးရန် တာဝန်အပ်နှင်းထားကြောင်း Webb Henderson က ကြေညာသည်။
“အရင်ကတည်းက အရှေ့အလယ်ပိုင်းဒေသမှာ နှစ်အတော်ကြာ အတူပူးတွဲ လုပ်ကိုင်ဖူးပါတယ်။ ရှေ့ဆက် လက်တွဲပြီးတော့လည်း မြန်မာနိုင်ငံအတွက် အမှန်တကယ် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖော်ထုတ်သွားပါမယ်” ဟု Webb Henderson မှ အကြံပေး ပညာရှင်တစ်ဦး ဖြစ်သူ Ara Margossian က ဆိုသည်။
ကာတာအခြေစိုက် အောရီဒူးကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် တင်ဒါအောင်မြင်ထားပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ သုံးစွဲသူ ၉၃ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးနေသည့် ကုမ္ပဏီဖြစ်သည်။

Ref & Credit: The Voice Weekly

Post a Comment

 
Top