0
၂၀၁၃ ခုနှစ်ဟာ မိုဘိုင်းဈေးကွက်ဗျူဟာကို အကောင်းဆုံး အကောင်အထည် ဖော်နိုင်ခဲ့တဲ့ Samsung လို ကုမ္ပဏီကြီးတွေ အတွက်တော့ လက်မထောင်နိုင်တဲ့ နှစ်လို့တောင် ဆိုနိုင်ပါတယ်။  ၂၀၁၃ ခုနှစ်ရဲ့ ဒုတိယ သုံးလပတ်ဈေးကွက် စစ်တမ်းမှာ ထိပ်ဆုံးနေရာကို ရောက်သွားတာကလည်း သူ့ရဲ့ အားသာချက် ဖြစ်သွားပါတယ်။ အဓိက ပြောရမယ်ဆိုရင် မိုဘိုင်းသုံးစွဲသူတွေရဲ့ ကြိုက်နှစ်သက်မှုကို အကောင်းဆုံး ရှာဖွေ ဖော်ထုတ်နိုင်ခဲ့တာက နည်းလမ်းကောင်း ဖြစ်ခဲ့တာပါ။
စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ စိန်ခေါ်မှုပေါင်း များစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဈေးကွက်ရဲ့ တောင်းဆိုမှု၊ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေနဲ့ သုံးစွဲသူတွေဘက်က ပြန်လည်ပြောဆိုလာတဲ့ ဝေဖန်သံတွေပဲ ဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ စမတ်ဖုန်း နည်းပညာရပ်တစ်ခု သုံးစွဲသူတွေ လက်ခံသွားအောင် ပြုလုပ်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ အကောင်အထည် ဖော်နိုင်စွမ်းလဲ ရှိအောင် ပြုလုပ်ရပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ မိမိတို့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ ရောင်းထွက်ဖို့အတွက် အကောင်းဆုံး မဟာဗျူဟာကို ချမှတ် အကောင်အထည် ဖော်ရပါတယ်။ ကုမ္ပဏီက ထုတ်လိုက်တဲ့ စမတ်ဖုန်းတွေ သုံးစွဲသူတွေစီ ရောက်ရှိသွားစေဖို့ အတွက် ဆောင်ရွက်ပေးတဲ့ ကြားခံ အရောင်းကိုယ်စားလှယ်တွေဆီကိုလည်း အကောင်းဆုံး ဖြန့်ချိ ပေးရပါတယ်။ ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ကုန်ပစ္စည်း ဖြစ်ပါစေ အရောင်းကိုယ်စားလှယ်တွေ ညံ့ဖျင်းမယ်ဆိုရင် ကောင်းရဲ့သားနဲ့လည်း အရောင်း ‘အ’ သွားနိုင်ပါတယ်။
Google ရဲ့ Android OS အသစ် ထွက်ပေါ်လာခြင်းနဲ့အတူ စမတ်ဖုန်းလောကဟာ ပိုမို အသက်ဝင်လာပါတယ်။ Android ဟာ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ စမတ်ဖုန်းနဲ့ Tablet ပေါင်း သန်း ၁၀၀ ဟာ သူနဲ့ လည်ပတ် လုပ်ဆောင်နေတယ်။ ပြီးတော့ နေ့စဉ် နောက်ထပ် ကိရိယာပေါင်း လေးသိန်း ပေါ်ထွက်လာနေတယ်။ Android စက်ရုပ်တွေက ကမ္ဘာကြီးကို လွှမ်းမိုးသိမ်းပိုက်လုနီးပါး ဖြစ်နေပါပြီ။ google palystore မှာ နှစ်လကြာတိုင် app download ပြုလုပ်မှုပေါင်း တစ်ဘီလီယံလောက် ရှိပါတယ်။ အခြား appstore တွေထက် သက်တမ်းနည်းတဲ့ operating system အတွက် ဒါဟာ ကောင်းမွန်တဲ့ရလဒ်လို့တောင် ဆိုနိုင်ပါတယ်။ Google ဟာ သူ့ရဲ့ OS ငယ်လေးနဲ့ ကမ္ဘာကို သိမ်းပိုက်ဖို့ အစီအမံရှိနေတယ်။ Android gadget ကို နည်းပညာဆိုင်ရာ ဖြစ်တည်မှုရဲ့ ဗဟိုချက် ဖြစ်လာဖို့ ကြံစည်နေတယ်။ Android ဟာ ပွင့်လင်း လွတ်လပ်မှုကို ကြီးကြီးကျယ်ကျယ် ပေးထားတယ်။ Operating system ရဲ့ အနှစ်အသားကနေပြီး အရာအားလုံး နီးပါးဟာ open source ဖြစ်ပါတယ်။ ဆိုလိုတာက အဲဒါကို လူတိုင်းရနိုင်ပြီး သင့်မှာ လိုအပ်တဲ့ programming စွမ်းရည်ရှိမယ်ဆိုရင် သူ့ရဲ့ ပြုမှု ဆောင်ရွက်ပုံကို ပြောင်းလဲ ယူနိုင်ပါတယ်။ ဘယ်သူမဆို Android SDK (Software Development Kit) ကို အခမဲ့ download ချယူနိုင်ပါတယ်။ ဒါဟာ android အတွက် သူများနဲ့မတူတဲ့ ဈေးကွက်လုပ်ဆောင်နိုင်မှုလို့တောင် ဆိုနိုင်တယ်။
စမတ်ဖုန်းဈေးကွက် အမှန်တကယ် အကောင်အထည် ပေါ်လာတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဈေးကွက်ကို ကြည့်လိုက်မယ်ဆိုရင် မိုဘိုင်း ထုတ်လုပ်သူတွေ အတွက် ဘယ်လိုနေရာမျိုးမှာ ဈေးကွက်တစ်ခု အမှန်တကယ် ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို စဉ်းစားမှကို ရပါလိမ့်မယ်။ ပြီးတော့ မိုဘိုင်းလောကမှာ ထုတ်လုပ်သူတိုင်း ဦးဆုံး ကြုံတွေ့ရမယ့် အခက်အခဲကတော့ ဘယ်လိုပုံသဏ္ဍာန်တွေနဲ့ စမတ်ဖုန်းတွေကို ဖန်တီးမလဲ ဆိုတာပါပဲ။ ပြီးတော့ စမတ်ဖုန်းကို သုံးစွဲမယ့် စားသုံးသူတွေ ဘယ်လိုပုံစံတွေ မျှော်လင့်နေတယ်ဆိုတဲ့ ကိစ္စကလည်း စဉ်းစားရမယ့် ကိစ္စလို ဖြစ်လာပါတယ်။ တကယ်လို့ စမတ်ဖုန်း ထုတ်လုပ်သူတွေအတွက် အမှန်တကယ်တမ်းသာ သူတို့ရဲ့ ထုတ်ကုန်တွေအပေါ် အထူး ဂရုစိုက်မယ်ဆိုရင် သူတို့ရဲ့ ထုတ်ကုန်တွေအပေါ် အလေးထားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Samsung, Sony, HTC, Nokia တို့ အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အပေါ် ဘယ်လောက် တန်ဖိုးထား မြှင့်တင်ခဲ့တယ်ဆိုတာ လက်ရှိ ထုတ်ထားတဲ့ ထုတ်ကုန်တွေကို ကြည့်ရုံနဲ့ သိစေပါလိမ့်မယ်။
Samsung နဲ့ Android ရဲ့ ရှည်ကြာတဲ့ ပေါင်းစပ်မှု
Samsung ဟာ သူကိုယ်တိုင်ထုတ် ဖုန်းတွေကိုက အရည်အသွေး မြင့်မားပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ Galaxy Series ဖုန်းတွေဟာ ဈေးကွက်မှာ ထိပ်တန်း ရောက်လာတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကိုပဲ android နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ဘယ်လိုမှ ထင်မှတ် မထားလောက်အောင်ကို ဖြစ်သွားပါတော့တယ်။ လတ်တလော ထွက်ထားတဲ့ Galaxy S4 နဲ့ အခြား Galaxy note ထုတ်ကုန်တွေက ဒါကို သက်သေခံလျက် ရှိပါတယ်။ Apple ရဲ့ ဈေးကွက်ဝေစုထက်တောင် ကျော်လွန်သွားတယ် ဆိုတာကတော့ အတော်လေး လုပ်ငန်း အခြေအနေ ကောင်းသွားတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ကမ္ဘာ့ စမတ်ဖုန်း ရောင်းအားမှာ ၅၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်ဆိုရင် Samsung အတွက် ဈေးကွက်ဝေစုကို အခြား ထုတ်လုပ်သူတွေထက် ဦးသွားတယ်လို့တောင် ဆိုနိုင်ပါတယ်။ အခြား မိုဘိုင်း ထုတ်လုပ်သူတွေ အတွက် ဘာကို ဖန်တီးပြရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေတဲ့အချိန်မှာ သူတို့ဟာ လမ်းကြောင်းတစ်ခုကို တည့်မတ်အောင် လျှောက်သွားနိုင်ခဲ့ပါတယ်။ Galaxy ဖုန်းတွေသာ ထုတ်လုပ်တော့မယ်လို့ ဆုံးဖြတ်နိုင်ခဲ့တဲ့အပြင် လိုအပ်တဲ့ အခြား app ပိုင်းကို ပြင်ဆင်သင့်သလောက်သာ ပြင်ဆင်လာပါတယ်။ ပြီးတော့ သူတို့အတွက် ဘယ်လိုအပိုင်းမျိုးကို ပြန်လည် upgrade ပြုလုပ်ရမလဲ ဆိုတာတွေကို ပညာရှင်တွေ စုပေါင်းပြီး လွတ်လပ်ပွင့်လင်းစွာ တွေးခေါ်ပြီး နည်းလမ်းကောင်းတွေကို ကြံဆနိုင်ခဲ့ပါတယ်။ Samsung ရဲ့ လုပ်ငန်းစွမ်းဟာ တစ်စစနဲ့ မြင့်မားလာတာကို သုံးစွဲသူတွေ အနေနဲ့ တွေ့မိကြမှာပါ။ ကိုရီးယား အခြေစိုက် မိုဘိုင်းထုတ်လုပ်သူကြီးအတွက် သူရှေ့မှာ အောင်မြင်ခဲ့ပြီးသား အခြေအနေတွေကို စောင့်ကြည့်အကဲဖြတ်ရသလို ကျရှုံးခြင်းတွေ မရောက်လာနိုင်စေဖို့ အတွက်လည်း အချိန်ပြည့်နီးပါးလောက် လေ့လာနေရပါတယ်။ Android ကို စတင် သုံးစွဲဖို့ အချိန်တည်းက သူတို့ရဲ့ ထုတ်ကုန်တွေအတွက် အမြဲတမ်း နီးပါးလောက်ကို ပေးဆပ်နိုင်ခဲ့တယ် ဆိုတာကို Galaxy S3, S4, Note 2 တို့ရဲ့ အောင်မြင်မှုကို ကြည့်တာနဲ့ သိသာပါတယ်။ ဘယ်လောက်ထိအောင်လည်း ဆိုရင် နောက်ပိုင်း ထုတ်မယ့် Phablet ဖြစ်တဲ့ Galaxy Note 3 ကိုတောင် Android နဲ့ ဈေးကွက်တင်မှာပါ။ လတ်တလော အခြေအနေမှာတော့ Samsung နောက်ကို အမီလိုက်နိုင်ဖို့အတွက် ကျန်တဲ့ မိုဘိုင်း ထုတ်လုပ်သူတွေ အတွက် အတော်လေး ကြိုးစားမှသာ ရပါလိမ့်မယ်။
Apple အနေနဲ့ ထုတ်ကုန်အသစ်တွေ ထွက်ပေါ်လာမလား
စမတ်ဖုန်း ထုတ်လုပ်သူတွေ ဘယ်လိုပဲ ဈေးကွက်အတွက် ခြေကျင်းလိမ်အောင် တွေးခေါ်ကြံဆနေပါစေ တည်ငြိမ်စွာနဲ့ သူ့ထုတ်ကုန်ကို ထုတ်လုပ်နေတဲ့သူကို ပြပါဆိုရင် apple ကို ပြောတယ်ဆိုတာ သိသာလွန်းပါတယ်။ ပြိုင်ဘက် ထုတ်လုပ်သူတွေ ဘယ်လောက် ကောင်းတာတွေ ထွက်နေပါစေ အချိန်တန် သူတို့ရဲ့ မိုဘိုင်းဖုန်းတစ်လုံး ထုတ်ပြလိုက်ရင် ငြိမ်သွားလိမ့်မယ်လို့ ထင်နေတုန်းပါပဲ။ ဒါဟာ မှားယွင်းတဲ့ ဈေးကွက် တွက်ချက်မှုလို့တောင် ဆိုနိုင်ပါတယ်။ သုံးစွဲသူတွေဟာ application တွေကို ဝယ်သုံးချင်သလို တစ်ခါတစ်ရံတော့လည်း အခမဲ့ရတာလေးတွေကို စိတ်ဝင်စားတတ်ပါတယ်။ ဒီလိုနေရာမှာတော့ android က နှာတစ်ဖျား သာသွားတတ်တယ်လို့ ဆိုနိုင်တယ်။ Android app ကို ဘယ်လို မိုဘိုင်းဝက်ဘ်ဆိုက်ကနေ download ပြုလုပ်ပါ ရစေနိုင်တဲ့ အတွက်ကြောင့်ပါပဲ။ ios အတွက်တော့ ကန့်သတ်ချက်တွေ ရှိနေတဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် application အသစ်ထွက်တယ် ဆိုရင်တော့ applestore မှာသာ ရနိုင်ပါတယ်။ ဒါကို လတ်တလော ထွက်ထားတဲ့ Plant & Zoobie 2 က သက်သေခံလျက် ရှိပါတယ်။

Apple ကုမ္ပဏီရဲ့ ခေါင်းဆောင်ပိုင်း ပြောင်းလဲမှုကလည်း လက်ရှိ စမတ်ဖုန်း ဈေးကွက်ကို ပြောင်းလဲစေခဲ့ပါတယ်။ စတိဂျော့ ရှိစဉ်တုန်းက တည်ငြိမ်တဲ့ ထုတ်လုပ်မှုတွေကို တင်ကွတ် လက်ထက်မှာ မတွေ့မြင်ရတော့ သလိုပါပဲ။ ဘာကြောင့်လဲဆိုရင် မထင်မှတ်ထားတဲ့ ထုတ်ကုန်တွေဟာ တင်ကွတ်လက်ထက်မှာပဲ ထွက်ပေါ်လာတာကြောင့်ပါ။ ဝေဖန်မှုတွေ ခံနေရတဲ့ တင်ကွတ်ဟာ သူ့မှာရှိတဲ့ ဈေးကွက်ဗျူဟာကို သုံးပြီး မတူညီတဲ့ နည်းလမ်းတွေနဲ့ ထိုးဖောက်နေလို့ပါ။ တစ်ဖက်က ကြည့်ရင်လည်း အနီးစပ်ဆုံး ပြိုင်ဘက် Samsung ဟာ လစဉ်လတိုင်း ထုတ်ကုန်သစ်တွေကို သုံးစွဲသူတွေဆီ အရောက်ပို့ပေးနေလို့ပါ။ တက်ဘလက် လောကမှာ အခြားကုမ္ပဏီတွေ အနေနဲ့ iPad ကို မယှဉ်ပြိုင်နိုင်သေးသောကြောင့်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ ဒုတိယသုံးလပတ် ဈေးကွက် သုံးသပ်ချက်မှာတော့ Samsung အောင်ပွဲခံသွားခဲ့ပါတယ်။ တကယ်လို့ apple သာ ပြန်လည် ခေါင်းဆောင်ဖို့ ဆိုရင်တော့ သူတို့ရဲ့ OS အသစ် iOS 7 ကို ဒီထက် တည်ငြိမ်တဲ့ အနေအထားနဲ့ ထွက်ပေါ်လာမှသာ ဖြစ်ပါလိမ့်မယ်။ နောက်ထပ်လည်း apple ဆီက မျှော်လင့်စရာတွေ ရှိနေပါသေးတယ်။ ဒါကတော့ နှစ်ကုန်ပိုင်းမှာ ထွက်ပေါ်လာမယ်လို့ ဆိုထားပြီး လက်ရှိအချိန်မှာ ကောလာဟလ အနေအထားသာ ရှိသေးတဲ့ iPhone 5c နဲ့ iPad Mini (Retina) တို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို ထုတ်ကုန်သစ်တွေ ထွက်ပေါ်လာရင်တော့ လက်ရှိ အနေအထားအရ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတဲ့ ဈေးကွက်ဝေစုကို ပြန်လည် ရရှိနိုင်ပါလိမ့်မယ်။
ပိုင်စေသော်

Ref & Credit: Mobile Guide Journal

Post a Comment

 
Top