ရန်ကုန်တက္ကသိုလ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား ၂၀၁၂ ခုနှစ် သြဂုတ်လက တွေ့ရစဉ်
"တက္ကသိုလ်" ဟူသည့် စကားလုံးသည် သိမ်မွေ့လှပသလို လေးနက်ခံ့ညားပါသည်။ အဓိပ္ပာယ်အားဖြင့် ကျယ်ဝန်းနက်ရှိုင်းပါသည်။ ပညာရှာချိန်အရွယ် လူငယ်များအတွက် အဆင့်အမြင့်ဆုံး အ၀န်းအ၀ိုင်းနေရာ ဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ အနာဂတ်အတွက် ဗဟိုကျသောနေရာ လူငယ်များအတွက် လူကြီးအဖြစ် ရောက်ခဲ့လျှင် ဘ၀တစ်လျှောက် နေထိုင်ပြုမူကြရမည့် အလေ့အကျင့် ပုံစံများကို ပေါင်းစပ်ဖလှယ် သင်ကြားပေးသော နေရာဖြစ်ပါသည်။ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော၊ ကြည်နူးဖွယ် ကဗျာဆန်သော လုံခြုံနွေးထွေး၍ ပွင့်လင်းလွတ်လပ်စွာတွေးနိုင်၊ ပြောနိုင်၊ ဆွေးနွေးသင်ယူနိုင်သောနေရာ ဖြစ်ရန်လည်း လိုပါသည်။
တက္ကသိုလ်အဆင့်သည် ပညာရေးကဏ္ဍတွင် အထွတ်အထိပ်ဟု ဆိုချင်ပါသည်။ သင်ကြားသင်ယူမှု၊ လက်တွေ့ဆန်မှု၊ သုတေသန လုပ်ဆောင်မှု၊ ပညာအရည်အသွေး ခိုင်မာခံ့ထည်မှုများတွင် စံပြဖြစ်နေ ရပါမည်။ ကိုယ်ကျင့်သီလနှင့် လူမှုဆက်ဆံရေးများတွင်လည်း ရိုးသားဖြောင့်မတ်၍ လိမ္မာပါးနပ် နေသင့်ပါသည်။ တက္ကသိုလ်ကျောင်းထွက် ဘွဲ့ရကျောင်းသားေ ကျာင်းသူများအား အကဲခတ်ခြင်းအားဖြင့် ထိုတက္ကသိုလ်၏ အဆင့်အတန်းကို သတ်မှတ်ကြမည်သာ ဖြစ်ပါသည်။
ဘွဲ့တစ်ခု ရပြီးသော်လည်း ကိုယ်ရသည့် ဘွဲ့အမည် စာလုံးပေါင်း မှန်ကန်စွာ မရေးတတ်သူများ သင်ယူခဲ့ကြရသော ဘာသာရပ်များနှင့် လက်တွေ့နယ်ပယ်အား ပေါင်းစပ်လေ့လာ ချဉ်းကပ်မှု တစ်ရံခါမျှ မလုပ်ဖူးခဲ့သူများ မိမိ၏ အထူးပြုဘာသာရပ်သည် မည်သည့်နေရာတွင် မည်သို့မည်ပုံ အသုံးဝင်သည် ဆိုသည်ကိုပင် မသိသူများမှာ စာရေးသူတို့နိုင်ငံတွင် အရေအတွက် တော်တော်များများ ရှိနေပါသည်။
လမ်းမထက်မှာ သွားလာမောင်းနှင်ကြရာတွင် ယာဉ်လမ်းစည်းကမ်း မသိရှိ မလိုက်နာမှုများ စတန့်ထွင် အရှိန်မြှင့် ပရမ်းပတာ စီးနင်းမှုများကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရသော တက္ကသိုလ် ကျောင်းသားကျောင်းသူများ ဘီယာဆိုင်တွင် အချိန်ဖြုန်းနေသော တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ လိုအပ်မှု မှန်သမျှကို မိဘက ထောက်ပံ့ပေးပါလျက် ပညာရေးခရီး လမ်းဆုံးသို့ မရောက်ဘဲ ကျောင်းထွက်အညွန့်တုံးသွားရသော တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ပုံမှန်သုံးလေးနှစ်ခန့်ဖြင့် ဘွဲ့တစ်ခု ရနိုင်သော်လည်း ထိုအချိန်ကာလထက် တစ်ဆမက ပိုနေရသော တက္ကသိုလ်ကျောင်းသား ကျောင်းသူများကလည်း စာရေးသူတို့ တက္ကသိုလ်များ ၀န်းကျင်တွင် တွေ့ရတတ်ပါသည်။
တက္ကသိုလ် တက်နေစဉ်တွင် ပေါ့ပြက်ပြက်ဖြင့် ဘာကိုမျှ အလေးအနက် မထားသော တက္ကသိုလ်ကျောင်းသား ကျောင်းသူအချို့သည် ဘွဲ့ရ၍ အလုပ်ခွင်ထဲ ရောက်သွားသောအခါ စနစ်ကျကျ၊ ရိုးသားတက်ကြွ မွန်ရည်စွာဖြင့် ပြောင်းလဲတိုးတက် သွားသည်ကိုလည်း တွေ့နိုင်ပါသည်။ ထိုအခါ ကျောင်းသားကျောင်းသူများ၏ အမူအကျင့်များအပေါ် လွှမ်းမိုးရိုက်ခတ်နိုင်သည့် တက္ကသိုလ် ၀န်းကျင်အနေအထားကို ပြန်လည်ဆန်းစစ် ကြရမည်လားဟုပင် တွေးဆမိပါသည်။ လူငယ်များစုဝေးရာ တက္ကသိုလ်ဝန်းကျင်သည် ထိုလူငယ်များ၏ အလေ့အကျင့်၊ အတွေးအသိများကို ပိုမိုကောင်းမွန် ပြည့်စုံအောင် ဖန်တီးပေးနိုင်လား၊ မပေးနိုင်ဘူးလား ဆိုတာကို စာရေးသူတို့ သုံးသပ်ကြရ ပါလိမ့်မည်။
လူငယ်များ၏ နေထိုင်မှု ပတ်ဝန်းကျင်၊ တက္ကသိုလ် အ၀န်းအ၀ိုင်း၊ အလုပ်ခွင် အနေအထားများကို ချိန်ဆမြှင့်တင် ထိန်းညှိကြဖို့ လိုပါသည်။ လူ့အဖွဲ့အစည်းနှင့် ခေတ်စနစ် အခြေအနေများအရ နိမ့်ကျသည်ဟု အများက ယူဆနေသော ဘွဲ့ရတစ်ယောက်၏ အရည်အသွေးများကို ကိုယ်တိုင်ကြိုးစားမြှင့်တင် ခြင်းအားဖြင့် ထိုက်သင့်သော ကောင်းကျိုးရလဒ်များ ခံစားရမည် ဖြစ်ပါသည်။ ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ပံ့ပိုးကူညီကာ လက်တွေ့ကျကျ အကောင်အထည် ဖော်မည်ဆိုပါက နိုင်ငံတကာ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနည်းတူ အခွင့်အလမ်းများ ရရှိလိမ့်မည်ဟု မျှော်လင့်မိပါသည်။ ထို့ပြင် တက္ကသိုလ်ဝန်းကျင် အနေအထားသည်လည်း များစွာအရေးကြီးပါသည်။
======================================================
တက္ကသိုလ်ပုံရိပ်
လှပဖို့၊ တက္ကသိုလ် ပီသဖို့၊ ငြိမ်းအေးသာယာသော တက္ကသိုလ်များ ဖြစ်လာဖို့ အားလုံးပါဝင်
ကြိုးပမ်းကြရပါမည်။ မိဘများ စိတ်ချရသော တက္ကသိုလ်၊ ကျောင်းသားကျောင်းသူများ လေလွင့်ပျက်စီးမှု
မရှိသော တက္ကသိုလ်၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်သော တက္ကသိုလ်များဖြစ်အောင်
တက္ကသိုလ်ရိပ်ဝယ် မှေးမှိတ်ခိုနားရင်း ဖန်တီးတည်ဆောက် ကြပါစို့ . . . . .
=====================================================
ဇွန်လ ၂၅ ရက် ည ၉ နာရီကျော်တွင် စာရေးသူတို့ တက္ကသိုလ် အရှေ့မျက်နှာစာ အ၀င်ပေါက်မှ ပေတစ်ရာခန့် အကွာမှာပင် အရိုက်ခံရ၍ ကျောင်းသားတစ်ဦး သေဆုံးခဲ့ရပါသည်။ ကျောင်းသူ အဆောင်ရှေ့တွင် ကျောင်းသားများ ဂီတာတီး သီချင်းဆိုနေချိန်တွင် ဖြစ်ပါသည်။ ယမန်နှစ် ဖေဖော်ဝါရီလ တုန်းကလည်း မုံရွာတက္ကသိုလ် အနီးမှာ ဤဖြစ်စဉ်မျိုး ဖြစ်ပေါ်ခဲ့ပြီး ကျောင်းသားတစ်ဦး သေဆုံးခဲ့ပါသေးသည်။
ဒီလိုဖြစ်စဉ်တွေ ရှိသည့်အတွက် တက္ကသိုလ်ဆိုတာ မိဘများအဖို့ စိတ်ပူစရာ၊ စိတ်မချစရာ နေရာတစ်ခု ဖြစ်လာပါသည်။ တက္ကသိုလ် တက်နေစဉ်အတွင်း အစစအရာရာ အဆင်ပြေစေဖို့နဲ့ ဘေးမသီ ရန်မခဘဲ အိမ်ပြန်ရောက်လာစေဖို့ မိဘတွေခမျာ ရင်တမမဖြင့် ဆုတောင်းနေကြရသည်။ အိမ်နှင့်ခွဲခွာကာ ဘွဲ့တစ်ခုရဖို့အတွက် တက္ကသိုလ် တက်နေစဉ်မှာ မဖြစ်သင့်သော ကိစ္စတစ်ခုခုကြောင့် မိမိတို့ရင်သွေး၏ အသက်ပါ ဆုံးရှုံးခံလိုက်ရသည့် မိဘများအား ကိုယ်ချင်းစာကြည့်ရင်း မျက်ရည်လည်ရပါသည်။
လူငယ်သဘာဝ သမီးရည်းစား ကိစ္စများမှ အစပြု၍ အချင်းချင်း စကားများကြတာ ရှိသလို အခြားအကြောင်း တစ်ခုခုကြောင့်လည်း ရန်ပွဲများ၊ ရိုက်ပွဲများ အကြောင်းကို တက္ကသိုလ်များ အနီး၌ မကြာခဏ ကြားရတတ်ပါသည်။ တက္ကသိုလ်များတွင် အတွင်းအဆောင် ထားပေးလျှင် ကောင်းမည်ဟု မိဘများက ပြောပြပါသည်။ စည်းကမ်းတကျနှင့် ဘေးကင်းသော ကျောင်းတွင်းအဆောင်များကို မိဘအများစုက လိုလားတောင့်တ ကြပါသည်။ "မြစ်ကြီးနား တက္ကသိုလ်မှာ မနှစ်ဒီဇင်ဘာကစပြီး ကျောင်းသားကျောင်းသူတွေကို အတွင်းဆောင်မှာ ထားနိုင်ဖို့ စီစဉ်ထားပါတယ်။ အားလုံးဆံ့အောင် မထားနိုင်ပေမယ့် အပြင်အဆောင်တွေမှာ လွတ်လွတ်လပ်လပ် နေချင်တဲ့သူတွေက မလျှောက်တာကြောင့် ကျောင်းတွင်းအဆောင် နေချင်သူတိုင်း နေခွင့်ရကြပါတယ်။ အခုခေတ် ကျောင်းသားကျောင်းသူတွေက အပြင်မှာပဲ စိတ်တိုင်းကျ နေချင်ကြတာ များတယ်" ဟု မြစ်ကြီးနား တက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောပြပါသည်။
"တစ်ချို့ မိန်းကလေး အဆောင်တွေက ညရှစ်နာရီလောက်မှ ပိတ်တာမျိုး ရှိတယ်။ ကျောင်းသားအဆောင် အများစုကတော့ ပိတ်ချိန်၊ ဖွင့်ချိန်မရှိဘူး။ ၂၄ နာရီ အ၀င်အထွက် လုပ်လို့ရတယ်။ တချို့ကျောင်းသား ကျောင်းသူတွေက အဖွဲ့လိုက် လုံးချင်းငှားနေတာလည်း ရှိပါတယ်။ အုပ်ချုပ်သူ မရှိတော့ ပိုဆိုးတာပေါ့။ ကျွန်မ ကျောင်းသားအဆောင် ဖွင့်ထားပါတယ်။ ည ၉ နာရီ ပိတ်ပါတယ်။ အပြင်မှာ ညအိပ်ချင်ရင် လက်မှတ်ထိုးပြီးမှ သွားခိုင်းပါတယ်။ ဒီလို စည်းကမ်းတွေ လုပ်ထားတော့ မနေနိုင်တဲ့သူတွေက တခြားအဆောင် ပြောင်းသွားကြပါတယ်" ဟု အဆောင်ပိုင်ရှင် တစ်ဦးက ပြောပြပါသည်။ ပိတ်ချိန် သတ်မှတ်မှု မရှိသည့် ကျောင်းသားအဆောင်များ ရှိနေခြင်းကြောင့် ညအချိန်မတော် အော်ဟစ်ဆူညံ ရန်ဖြစ်မှုများ၊ မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်နေရခြင်း ဖြစ်ပါသည်။
"တက္ကသိုလ်တက်ဖို့ ကျောင်းအပ်ကတည်းက စက်ဘီး၊ ဆိုင်ကယ်အပ်ဖို့ ကတ်တွေဝယ်ရတယ်။ သတ်မှတ်နေရာမှာ ထားရတယ်။ ဒါပေမဲ့ အရင်နှစ်တွေကဆိုရင် ဆိုင်ကယ်တွေ ပျောက်ကြတယ်။ ပြန်မရဘူး။ စာမေးပွဲနီးချိန်ဆို အပြင်အဆောင်တွေမှာလည်း ခဏခဏ ပျောက်တယ်။ အဝေးသင် အချိန်ဆို ပိုပြီးအဖြစ်များပါတယ်" ဟု နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးက ပြောပြပါသည်။
တက္ကသိုလ်ပုံရိပ် လှပဖို့၊ တက္ကသိုလ် ပီသဖို့၊ ငြိမ်းအေးသာယာသော တက္ကသိုလ်များ ဖြစ်လာဖို့ အားလုံးပါဝင် ကြိုးပမ်းကြရပါမည်။ မိဘများ စိတ်ချရသော တက္ကသိုလ်၊ ကျောင်းသားကျောင်းသူများ လေလွင့်ပျက်စီးမှု မရှိသော တက္ကသိုလ်၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်သော တက္ကသိုလ်များဖြစ်အောင် တက္ကသိုလ်ရိပ်ဝယ် မှေးမှိတ်ခိုနားရင်း ဖန်တီးတည်ဆောက် ကြပါစို့။
Written by လွင်ချန်ဖြိုး(နတ်မောက်)
First Eleven Media Group

Post a Comment