ရန်ကုန်
ဇူလိုင် ၁ဝ
ရန်ကုန်မြို့ရှိ
လူစည်ကားရာ အဝေးပြေး ကားဂိတ်များ၊ ဘူတာရုံများနှင့် သင်္ဘောဆိပ်များတွင်
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဖွင့်လှစ်ပေးထားသော ပြည်သူ့
ဝန်ဆောင်မှု
စာပေ
ရေချမ်းစင်များတွင် နေ့စဉ်ထုတ် သတင်းစာများ၊ အပတ် စဉ်ထုတ် ဂျာနယ်များ၊
လစဉ်ထုတ် မဂ္ဂဇင်းစာအုပ်များ၊ ပန်းချီ၊ ကာတွန်းရုပ်ပြ စာအုပ်များနှင့်
ဝတ္ထုများ စသည်တို့အပြင် ရှေးဟောင်းရှားပါး ရသစာအုပ်၊ စာပေများကိုလည်း
စုစည်းပေးထားရာ ပြည်သူများ အထူးသဖြင့် သက်ကြီးပိုင်းများက
နှစ်ခြိုက်သဘောကျစွာ ဖတ်ရှုကြသည်ကို တွေ့ရသည်။ ''ဟိုတုန်းကစုထားတဲ့
စာအုပ်အဟောင်းတွေ နာဂစ်မုန်တိုင်း တိုက်တုန်းက အကုန်ရေစိုပြီး
ပျက်စီးကုန်တယ်။
ဒီစာပေရေချမ်းစင်တွေ ပေါ်လာတော့မှပဲ ဟိုတုန်းက စာရေး ဆရာကြီးတွေရဲ့
လက်ရာလေးတွေ ပြန်ဖတ်ရတော့တယ်'' ဟု သက်ကြီး စာပေ ဝါသနာရှင် တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ
စာပေ ရေချမ်းစင်များတွင် ပြသထားသော ရှေးဟောင်း စာပေများတွင်
လူထုဒေါ်အမာ၊ လူထုစိန်ဝင်း၊ တက်တိုး၊ မဟာဆွေ၊ သော်တာဆွေ၊
ရွှေဥဒေါင်း၊ ထွန်းဖေ အစရှိသော ရှေးခေတ် နာမည်ကျော် စာရေးဆရာကြီးများ
ရေးသားထားခဲ့သော တစ်ချိန်က လူကြိုက်များခဲ့သည့် စာအုပ်များကို သက်ဆိုင်ရာမှ
ပြန်လည် စိစစ်ရှာဖွေကာ စုစည်း ပေးထားသဖြင့် အတုယူစရာ စာပေအရေးအသား
များစွာကိုလည်း အဆိုပါ စာအုပ်များတွင် တွေ့ရသည်။ ရှေးခေတ်စာပေ ဖတ်ရှု
လေ့လာလိုသူများ အနေဖြင့်လည်း စာအုပ် အဟောင်းဆိုင်များတွင် တကူးတက သွားရှာစရာ
မလိုတော့ဘဲ အလွယ်တကူ ဖတ်ရှု လေ့လာနိုင် ကြသည်။
ထိုရှေးခေတ်
စာအုပ်စာပေများကိုလည်း အခြားသော ဝတ္ထု၊ မဂ္ဂဇင်း စာအုပ်များနည်းတူ တစ်လလျှင်တစ်ကြိမ်
အလျဉ်းသင့်သလို လဲလှယ်ပေးလျက် ရှိသောကြောင့် စာအုပ် အသစ်များကို အမြဲမပြတ်
ဖတ်ရှုလေ့လာ နိုင်သကဲ့သို့ မိမိအိမ်သို့ ခေတ္တငှားရမ်း ယူဆောင် သွားကာ ဖတ်ရှုလေ့လာ
လိုသူများ အနေဖြင့်လည်း သက်ဆိုင်ရာ ပြန်ကြားရေးဌာနမှ ဝန်ထမ်းများ ထံတွင်
ခွင့်တောင်းကာ ရက်အနည်းငယ်ကြာ ခေတ္တငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
မြ၀တီ

Post a Comment