လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပီအာစနစ်ဖြင့် ရွေးကောက်တင်မြှောက်ပုံ ပြောင်းလဲကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စာဖြင့် ရေးသားပေးပို့ခြင်း၊ သတင်းထုတ်ပြန် ကြေညာခြင်းများနှင့် စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဇူလိုင် ၁ ရက် တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ် ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အချိန်မီ ပြင်ဆင် ဆောင်ရွက်နိုင်ရေး အတွက် ရွေးကောက်ပွဲ စနစ်ကို လက်ရှိ FPTP စနစ်မှ PR စနစ်သို့ ပြောင်းလဲကျင့်သုံးခြင်း ပြုမည်၊ မပြုမည် လွှတ်တော်က ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးပါရန်နှင့် အကယ်၍ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးမည် ဆိုပါက ယခု ၂၀၁၃ ခုနှစ်အတွင်း ဆုံးဖြတ် အတည်ပြုပေးမှသာ အချိန်မီ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၁၃- ၅-၂၀၁၃ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ လိပ်မူကာ ပေးပို့ခဲ့သည် ကို ၂၀၁၃ ခုနှစ် မေ ၁၄ ရက်တွင် လက်ခံ ရရှိပါကြောင်း ပြောကြားသည်။
=====================================================================
သို့ရာတွင်
ရွေးကောက်ပွဲနှင့် ရွေးကောက်တင်မြှောက်ပုံ စနစ်သည် နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည့်
အကြောင်းအရာ တစ်ခုဖြစ်သည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၏ ပေးပို့စာနှင့်
သတင်းထုတ် ပြန်ချက်အရ မဟုတ်ဘဲ လွှတ်တော်လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်သင့်သော ကိစ္စရပ်
တစ်ခုဖြစ်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စရပ်တစ်ခု ဖြစ်ခြင်းတို့ကြောင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးမှသာ...
=====================================================================
အဆိုပါ အကြောင်းအရာနှင့် စပ်လျဉ်းပြီး ၁၅ ရက် ၆ လ ၂၀၁၃ ရက်တွင် နိုင်ငံပိုင် သတင်းစာများတွင် ရွေးကောက်တင်မြှောက်ပုံ စနစ်ပြောင်းလဲရေးနှင့် စပ်လျဉ်း၍ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီအဖွဲ့၏ တင်ပြချက်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ရွေးကောက်ပွဲ စနစ်ကို ပြောင်းလဲကျင့်သုံးမည် ဆိုပါက ရွေးကောက်ပွဲ လုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်ရေး အတွက် ၂၀၁၃ ခုနှစ်အတွင်း ဆွေးနွေးဆုံးဖြတ် ပေးပါရန် ပြည်ထောင်စု လွှတ်တော်သို့ ၁၃ ရက် ၅ လ ရက်စွဲပါစာဖြင့် တင်ပြထားကြောင်း ဖော်ပြထားသည်ဟု ဆက်လက် ပြောကြားသည်။
''ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း တစ်ရပ်နှင့် သက်ဆိုင်သော လုပ်ငန်းအကြောင်းအရာ တစ်ခုအတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူရန်အတွက် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အဆိုအဖြစ် တင်သွင်းခွင့် တောင်းခံရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ စာဖြင့် ရေးသားပေးပို့ခြင်း၊ သတင်း ထုတ်ပြန်ကြေညာခြင်းများဖြင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ပြဋ္ဌာန်းထားသော လွှတ်တော်၏ လုပ်ငန်းစဉ်များကို ကျော်လွန်ဆောင်ရွက်၍ မရနိုင်သည့်အပြင် သတင်းထုတ်ပြန်ပြီးသော အကြောင်းအရာ တစ်ခုကို ပြည်ထောင်စု လွှတ်တော်က အဆိုတစ်ရပ် အနေနှင့် လက်ခံဆွေးနွေးရန် မသင့်ကြောင်း သုံးသပ်တွေ့ရှိ ရပါတယ်။ တင်ပြပါ အကြောင်း အချက်များအရ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံမှ ပေးပို့သည့်စာတွင် ပါရှိသော လွှတ်တော်မှ ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးပါရန် တင်ပြချက်သည် လည်းကောင်း၊ သတင်းထုတ်ပြန်ချက်သည် လည်းကောင်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု မရှိပါသဖြင့် ပြည်ထောင်စု လွှတ်တော်အနေဖြင့် အထက်ပါ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ၏ ပေးပို့စာနှင့် သတင်းထုတ်ပြန်ချက်ပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန် မရှိပါ'' ဟု ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
သို့ရာတွင် ရွေးကောက်ပွဲနှင့် ရွေးကောက်တင်မြှောက်ပုံ စနစ်သည် နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၏ ပေးပို့စာနှင့် သတင်းထုတ် ပြန်ချက်အရ မဟုတ်ဘဲ လွှတ်တော်လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်သင့်သော ကိစ္စရပ် တစ်ခုဖြစ်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စရပ်တစ်ခု ဖြစ်ခြင်းတို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးမှသာ ယင်းကော်မတီက လေ့လာသုံးသပ်၍ ဆောင်ရွက်သွားရန် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
First Eleven Media Group
Post a Comment