ပြည်တွင်းအခွန်ဦးစီးဌာနက စီးပွားရေးလုပ်ငန်းတွေရဲ့ အမှန်ဝင်ငွေအပေါ်
တရားမျှတပြီး မှန်ကန်မှုရှိတဲ့ ၀င်ငွေခွန်စည်းကြပ်မှုဖြစ်စေဖို့
ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေနဲ့ စိစစ်စစ်ဆေးသွားမယ်လို့ ဇူလိုင် ၁၃ ရက်နေ့က
သတင်းထုတ်ပြန်ပါတယ်။
ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ် (UMFCCI) ရုံး ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကတော့
ပြည်တွင်းမှာ အခွန်ပေးဆောင်မှုမရှိခဲ့တဲ့ ဦးပိုင်ကုမ္ပဏီအပါအ၀င်
မည်သည့်စီးပွားရေးလုပ်ငန်းမျိုးကို မဆို တန်းတူအခွန်ပေးဆောင်ရမှာဖြစ်လို့
ဒါဟာ မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုဆိုင်ရာ ပြယုဂ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။
“အခုက
ဦးပိုင်တို့၊ အစ်မပိုင်တို့၊ အစ်ကိုပိုင်တို့ ဘာတို့မရှိတော့ဘူး။
အကုန်လုံးကို တပြေးညီတည်း သွားကြမှာပဲ။ တပြေးညီတည်း ဆောင်ကြရမှာပဲ။
တိုင်းပြည်ကလည်း ပြောင်းသွားပါပြီ။ ခေတ်ကလည်း ပြောင်းသွားပါပြီ၊
အခြေအနေလည်း ပြောင်းသွားပါပြီ။ လူထုတွေရဲ့ အမြင်တွေကလည်း မတူတော့ပါဘူး။
အကုန်လုံးက တပြေးညီဆောင်ရမှာပါ။”
အစိုးရအနေနဲ့လည်း အခွန်ထမ်းတွေ
သိရှိနိုင်ဖို့အတွက် ရရှိလာတဲ့ အခွန်အတုတ်တွေကို ထင်သာမြင်သာရှိဖို့
ဘယ်နေရာတွေမှာ ပြန်လည်သုံးစွဲတယ်ဆိုတာကို ထုတ်ဖော်ဖို့ လိုတဲ့အကြောင်း
ဒီဗွီဘီကို ပြောပါတယ်။
“တဖြည်းဖြည်းနဲ့ လုပ်သွားရမှာပါ။
လွယ်တဲ့လုပ်ငန်းတော့ မဟုတ်ဘူး။ ဒါဟာ မြန်မာတနိုင်ငံတည်း မဟုတ်ပါဘူး။
နိုင်ငံတိုင်းမှာ ဖြစ်နေတယ်။ တခြားနိုင်ငံတွေမှာလည်း အခွန်ရှောင်တာတွေ
အရမ်းများပါတယ်။ ဆိုတော့ မြန်မာနိုင်ငံကလည်း အထူးဆန်းတော့ မဟုတ်ပါဘူး။
ကိုယ့်ဟာကိုယ် နိုင်ငံအပေါ်မှာ အသိစိတ်ဓာတ်ကလေးတွေနဲ့ မရမ်းလည်း
ကောက်ခံထားတာမဟုတ်တော့ အထိုက်လျောက်တော့ ပေးဆောင်သင့်တယ်။ ကိုယ့်အကျိုးလည်း
ပါတယ်ဆိုတာ သိထားဖို့ လိုတယ်။ မီးရဖို့ပဲ အော်နေတယ်၊ မီးကို အစိုးရက
ဘယ်လို ရှာပေးနိုင်မယ်၊ လုပ်ပေးနိုင်မယ်၊ ဒီနိုင်ငံက ပိုက်ဆံတွေနဲ့
ပြန်လုပ်ပေးရမှာပေါ့။ အဲဒါကြောင့် နိုင်ငံတော်ကရတဲ့ အခွန်အတုပ်တွေကိုလည်း
ထင်သာမြင်သာရှိအောင် ဖော်ပြပြီးတော့ ဘယ်လိုသုံးစွဲတယ်ဆိုတာ
တင်ပြပေးထားပါတယ်။ ဆက်လက်ပြီးတော့လည်း တင်ပြသွားမှာပါ။ အကုန်လုံးက
ထင်သာမြင်သာရှိမယ်၊ အရင်လို လိမ်ဖို့ နည်းနည်းခက်သွားပါပြီ။”
ပြည်တွင်းမှာ
အခွန်ပေးဆောင်ရမှုနဲ့ပတ်သက်လို့ အရင်ကရှိခဲ့တဲ့ အကျင့်ဆိုးတွေ
ပြန်လည်ပြင်ဆင်သွားဖို့ လိုတဲ့အပြင် အခွန်ဌာနကလည်း အရင်ကဆောင်ရွက်ခဲ့တဲ့
အလေ့အကျင့်အမှားကို ပြင်ဆင်သွားခြင်းဖြင့် ရေရှည်မှာ
ကောင်းမွန်တဲ့စနစ်ဖြစ်လာမယ်လို့ မြန်မာနိုင်ငံစာရင်းကိုင်အဖွဲ့ ဥက္ကဋ္ဌ
ဦးဝင်းသင်က ပြောပါတယ်။
“အရင်က အကျင့်ဆိုးတွေ၊ အမြင်ဆိုးတွေကို
တဖြည်းဖြည်းပျောက်အောင်လို့ လုပ်ရမှာပဲ။ အမှန်တိုင်းသွားရမယ်။
အခွန်ဌာနကလည်း အခုကောင်းတာက တင်သမျှလက်ခံမယ်ဆိုတော့၊ အရင်တုန်းကဆိုရင်
ဘယ်လောက်တင်တင် လက်မခံဘူး။ ၁၀၀ တင်ရင် ၂၀၀ လို့ ရေးမယ်၊ ၂၀၀ တင်ရင် ၄၀၀
လို့ ရေးမယ်။ အဲတော့ ဒီသံသရာကြီးကလည်ပြီးတော့ အခွန်ထမ်းက လျှော့ပြ၊
အခွန်နှုန်းက လျှော့ပြ၊ ဌာနမှူးတွေက တိုးတောင်းဆိုတော့ ကုန်သည်တွေအနေနဲ့က
ဒူးလောက်တင်မှ ရင်လောက်ကျဆိုပြီး ငါတို့တော့ လျှော့ပြမှရမယ်ဆိုပြီး
လျှော့ပြကြတာပေါ့။ အခုလို ထင်သာမြင်သာရှိရှိ အမှန်တိုင်းလုပ်မယ်ဆိုတော့
အခိုက်အတန့်မှာတော့ လူဆိုးတွေရဲ့ အကျင့်ဆိုးအမြင်ဆိုးကြောင့်
သွားရင်သွားမယ် ရေရှည်မှာတော့ အရမ်းကောင်းသွားမယ်ထင်တာပဲ။ အခုလို
အရေးယူမယ်ဆိုရင်လည်း အရေးယူခံရတဲ့သူက နာမည်ပျက်သွားမယ်၊ တဖက်ကလည်း
ကောင်တဲ့သူကို နိုင်ငံတော်က ကြော်ငြာပေးမယ်ဆိုရင် နှစ်ဖက် ဆုပေး၊
ဒဏ်ပေးစနစ်ဆိုရင်တော့ ကောင်းသွားမှာပါ။”
တည်ဆဲအခွန်ဆိုင်ရာဥပဒေများအရ
၂၀၁၂-၁၃ဘဏ္ဍာရေးနှစ်အတွက် ၀င်ငွေကြေညာလွှာ နှစ်ချုပ်
ကုန်ရောင်းကြေညာလွှာနဲ့ နှစ်ချုပ်စာရင်းရှင်းတမ်းတွေကို
စီးပွားရေးလုပ်ငန်းရှင်တွေ အနေဖြင့် သက်ဆိုင်ရာပြည်တွင်း
အခွန်ဦးစီးဌာနရုံးများထံ ပေးပို့ကြဖို့ ပြည်တွင်းအခွန်ဦးစီးဌာနက အသိပေး
ကြေညာထားပါတယ်။
ပေးပို့တဲ့နေရာမှာလည်း ၎င်းနဲ့ ဆက်စပ်တဲ့
ငွေစာရင်းစာအုပ်၊ အထွေထွေလယ်ဂျာစာအုပ်၊ ကုန်လက်ကျန်စာရင်း စာအုပ်နဲ့ ပြေစာ
အစရှိတဲ့ ကနဦးစာရင်းစာအုပ်(Primary Account Book) တွေကို အထောက်အထားအနေနဲ့
ပူးတွဲတင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
by သိုက်ဇင် (ဒီဗွီဘီ)
Subscribe to:
Post Comments (Atom)

Post a Comment