ခေါင်းစဉ်က အင်မတန်ကြီးပါတယ်။ Point of View ပြန်ခွဲရင် Political တွေ အထိ
ပါလာပါတယ်။ အစိုးရဘက်က ရှုထောင့်၊ ပြည်သူဘက် က ရှုထောင့်၊ စီးပွားရေး
လုပ်ငန်းရှင်ဘက်က ရှုထောင့်၊ နိုင်ငံတကာ ရှုထောင့် အစရှိသဖြင့်
အများကြီးထပ်ကွဲပါသေးတယ်။ ဒီတော့ အလုပ်အကိုင်အခွင့် အလမ်းပြဿနာ အကြောင်း
ပြောရင် အတော်လေး ရှည်မှာပါ။ ဒီတော့ ယခု ဆောင်းပါးမှာ Point of View က
ပြည်သူ / အလုပ်ရှာဖွေသူဘက်ကပဲ ပါပါမယ်။ စာရေးသူ မောင်အောင်ခမ်း
ကိုယ်တိုင်ကလည်း လုပ်သားဖြစ်နေတော့ လုပ်သား ဘက်ကနေ အလုပ်အကိုင်အခွင့်အလမ်း
ရှားပါးမှု ထဲက ဘယ်လို ရုန်းထွက်ရမယ် ဆိုတာကို နည်းလမ်းပေးပါမယ်။
ဒီတော့ စာဖတ်သူတို့မှာ မေးစရာ ရှိလာပါပြီ။ အလုပ်အကိုင် အခွင့် အလမ်း ပြဿနာ
ဖြေရှင်းဖို့ ဆောင်းပါး ရေးရအောင် ဒီစာရေးတဲ့သူက ဘယ်လောက်များ တတ်နေလို့လဲ။
မေးခွန်းမှန်ပါတယ်။ လမ်းပြမယ့် သူက သူကိုယ်တိုင် သွားဖူးမှပါ။ လက်ထဲမှာ
မြေပုံရှိရုံနဲ့တင် လမ်းပြနေသူကို ကျနော်လည်း မယုံကြည်သလို၊ စာဖတ်တို့လည်း
အပြည့်အဝယုံကြည်မှာ မဟုတ်ပါဘူး။ ဟုတ်ကဲ့။ ကျနော်ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့
လမ်းစဉ် အတိုင်း အလုပ်အကိုင် ရှားပါးမှုကြားထဲက ဘယ်လိုရုန်းထွက်
ဖြေရှင်းတယ်ဆိုတာကို နည်းလမ်း မျှဝေမှာပါ။
ရထားတဲ့ ဘွဲ့က အိုင်တီနဲ့ ဆက်စပ်မှု မရှိပါဘူး။ သို့ပေမယ့် အိုင်တီ
မီဒီယာနယ်ပယ်မှာ ရုန်းကန်လုပ်ရှားပြီး မီဒီယာဝဘ်ဆိုဒ်များ
တည်ထောင်ရေးသားခြင်းကို ပြုလုပ်လာတာ အသက် ၁၇ နှစ်ကတည်းကပါ။ ယခု အသက် ၂၁
နှစ်အရွယ်ရှိပါပြီ။ လူတိုင်း အလုပ်ရှားပါတယ်လို့ ငြီးနေချိန် စာရေးသူ လစာ
ဝင်ငွေနဲ့ မိသားစုကို လောက်ငှအောင် ကျွေးမွေး ၊ထောက်ပံ့နိုင်နေပါပြီ။
ပိုမပြောပါ။ ဒီလောက်ဆို အလုပ် ရှားပါးမှု ပြဿနာအတွက်
ဘယ်လိုရုန်းထွက်နိုင်တယ်ဆိုတဲ့ ဆောင်းပါး ကို ရေးသားဖို့ လက်ခံမယ်လို့
ယုံကြည် ပါတယ်။
"ပညာ အရည်အချင်း နှင့် ချိန်ကိုက်ခြင်း"
ပညာအရည်အချင်းက ဘွဲ့လက်မှတ်မှာ ပါရှိတာနဲ့ တိုက်ဆိုင်ကောင်းမှ
တိုက်ဆိုင်ပါလိမ့်မယ်။ ကိုယ့်ရှာဖွေမယ့် အလုပ်အမျိုးအစားနဲ့ပေါ့။
အထူးသဖြင့် မြန်မာနိုင်ငံလိုမှာ အလုပ်ရှားတဲ့ တိုင်းပြည်မှာ ပိုပြီး
အဖြစ်များပါတယ်။ ဥပမာ - စာရေးသူ မိတ်ဆွေထဲမှာ ဥပဒေနဲ့ ဘွဲ့ရပေမယ့်
မာကဲတင်းပညာရပ်မှာ ထူးချွန်လို့ မာကဲတင်း မန်နေဂျာ ဖြစ်နေသူ ရှိပါတယ်။
ဆောက်လုပ်ရေး အင်ဂျင်နီယာနဲ့ ဘွဲ့ရပေမယ့် Java ဆရာကျလို့ မိုဘိုင်း
Application ရေးနေသူတွေ များ ပါတယ်။ ရူပဗေဒနဲ့ ကျောင်းပြီးလို့ Web
Deisgner ဖြစ်သွားကျတဲ့ သူငယ်ချင်း တွေလည်း မနည်းပါဘူး။ ကွန်ပြူတာကို
မာစတာနဲ့ ဘွဲ့ရပေမယ့် ၆ တန်း၊ ၇ တန်း ကလေးတွေကို စာသင်ပြီး
ဝိုင်းကျူရှင်ဖွင့်နေတဲ့ အကို၊အမ တွေလည်း ရှိပါတယ်။
အချို့  ကျတော့လည်း အင်ဂျင်နီယာဘွဲ့ရပြီး အင်ဂျင်နီယာ အလုပ်ရတယ်။
အိုင်တီဘွဲ့ရ အိုင်တီလုပ်တယ်။ ဆေးနဲ့ ဘွဲ့ရ ဆေးပညာနဲ့ လုပ်စားတယ်။
ထပ်တူကျတာရှိသလို၊ ထပ်တူ မကျတာလည်း အများကြီးပါ။ မြန်မာပြည်လို
အလုပ်ရခဲတဲ့နိုင်ငံမှာ နိုင်ရာဇာတ်ခင်းလို့ ကနေတဲ့သူတွေချည်းပါပဲ။
သို့ပေမယ့် ကိုယ်က မယ့် ဇာတ်အမျိုးအစားတော့ သေချာရွေးဖို့လိုပါတယ်။ ကိုယ်က
မြေဝိုင်းအက သင်ထားပေမယ့် ခေတ်ပြောင်းလို့ ဇာတ်ဆင်ပေါ် ကရတဲ့အခါမျိုးလည်း
ကြုံရမယ်လေ။ အနုပညာစိတ် တစ်ခုလေး ကိန်းအောင်းနေရင် ဘယ်နေရာရောက်ရောက်
နောက်ဆုံးတော့ ကတတ်မှာပါ။ ဒီလိုပါပဲ။ ကိုယ့်ဆီမှာ ရွေးချယ်ထားတဲ့
ပရော်ဖက်ရှင် တစ်ခု ကြိမ်းသေရှိနေရင် ဘွဲ့ရရမရရ၊ ဆိုင်ဆိုင်မဆိုင်ဆိုင်
မဆုတ်မနစ် ကြိုးစားရင် ဖြစ်ကိုဖြစ်လာမှာပါ။ ဒီတော့ ဆိုလိုရင်းက
အလုပ်တစ်ခုအတွက် ပညာကို ချိန်ကိုက်တဲ့အခါ စာရွက်စာတန်း ထက် စိတ်နဲ့ အလေးထား
ချိန်ကိုက်ပေးပါ။
ခေါင်းစဉ်အရတော့ မြန်မာပြည်က အလုပ်ရှားပါးနေသေးတဲ့ တိုင်းပြည်ပေါ့။
စာရေးသူကတော့ အလုပ်ချေးများတဲ့ တိုင်းပြည်လို့ပဲ ခေါင်းစဉ်တင်ချင်မိ
ပါတော့တယ်။ အလုပ်က မရှားပါဘူး။ အလုပ်နဲ့ ကိုယ့်တန်ဖိုး ထပ်တူကျတဲ့
အလုပ်မျိုးသာ ရှားမှာပါ။ ဥပမာ နိုင်ငံတကာမှာ အင်ဂျင်နီယာတွေ တစ်လကို
အမေရိကန်ဒေါ်လာ ၃ ထောင်ကစလို့ သောင်းချီအထိ ရတယ်။ မြန်မာပြည်မှာ လုပ်ရင်
လွန်ရော ကျွံရော ၆ သိန်း၊ ၇ သိန်းထပ် ထပ် မပိုဘူး လို့ ပြောကြပါတယ်။
အထူးသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ ငြီးငြူကြတဲ့ စကားပါ။ ဝန်ခံပါတယ်။
နားလည်ပါတယ်။ လက်ခံပါတယ်။ ကိုယ်ချင်းလည်း စာပါတယ်။ ငါးနှစ်စလုံး
လေ့လာထားတဲ့ ပညာရပ်ကို အလုပ်စစဝင်ချင်း သောင်းဂဏန်းနဲ့တန်ဖိုးအဖြတ်ခံရပြီး
အသက်တွေ ကြီးအောင်လုပ်မှာ သိန်းဂဏန်းဖြစ်လာတာကတော့ တကယ် ကိုယ်ချင်းစာပါတယ်။
ဒါကြောင့် အင်ဂျင်နီယာတွေ ပြည်ပထွက်ကြတာပါ။ သူတို့ လုပ်ရပ်မမှားပါဘူး။
Struggle လုပ်နေရတဲ့ Life Style ကနေ တင့်တောင့်တင့်တယ် အနေအထား
တစ်ခုဖြစ်အောင် ဒီလိုပဲ ပြည်ပထွက်လို့ ဘဝကို ထုစစ်နေသူတွေ အများကြီးမှ
အများကြီးပါ။
ဒီမှာ လုပ်ငန်းရှင်ဘက်က ကြည့်ပြန်တော့လဲ မမှားပါဘူးဆိုတဲ့ အချက်တွေ
ရှိပါတယ်။ နိုင်ငံတကာက လုပ်ငန်းရှင်တွေမှာ ရှိတဲ့ငွေကြေးက
သူတို့လုပ်သားတွေကိုပေးတဲ့ လစာနဲ့ အချိုးကျပြီး ကောင်းကောင်းလည် ပတ်ပါတယ်။
မြန်မာပြည်မှာကျ အများစုက ရှိတဲ့ငွေအရင်းအနှီးနဲ့ ကုမ္ပဏီထောင်ပြီး
ကြိုးစားပန်းစား လုပ်နေသူတွေ များပါတယ်။ ဒီတော့ ဝန်ထမ်း အယောက် ၂၀
ခန့်စားရင် ယင်း အယောက် ၂၀ အတွက် တစ်လတစ်လ သိန်း ၂၀၊ အခန်းစရိတ်၊
ပစ္စည်းစရိတ် ဘာစရိတ်၊ ညာစရိတ် တွက်လိုက်ရင် သူတို့အတွက်လည်း ဘာမှ
သိပ်မကျန်ပါဘူး။ အောင်မြင် ပါတယ် ဆိုတဲ့ စီးပွားရေး လုပ်ငန်းရှင်က
ရှားပါတယ်။ အိုင်တီနယ်ပယ်မှာ ကြည့်လိုက်ရင် သိသာပါတယ်။ ဒီတော့ Emplyoee က
Employer ကို အပြစ်တင်၊ Emplyoer က Government ကိုအပြစ်တင်၊ Government က
နောက်ထပ် ထပ်ပြီးတော့ ဆိုင်ရာသူကို Responsibilty လွဲချရင်း ကုန်ခဲ့တဲ့
အချိန်တွေများပါပြီ။
ဒါတွေပြီးဆုံးတော့မှာပါ။ ခေတ်ကြီးက ပြောင်းလဲ နေပါပြီ။ ၄၊ ၅ နှစ်အတွင်းပဲ
တန်ဖိုးအသတ်မှတ်ခံရမှု နိမ့်ကျတဲ့ ပြဿနာက ကင်းဝေးတော့မှာပါ။ ဒီလိုပဲ
မပြောင်းလဲခင်နဲ့ ပြောင်းလဲစဉ်ကာလမှာ ရုန်းကန်၊ ဒုက္ခများတာ
မြန်မာပြည်တစ်ပြည်တည်း မဟုတ်ပါဘူး။ ဟောင်ကောင်၊ ထိုင်ဝမ်၊ တရုတ်၊ ဗီယက်နန်၊
စင်္ကာပူတို့ကို အနီးစပ်ဆုံး လေ့လာနိုင်ပါတယ်။ စာရေးသူထက် နိုင်ငံတကာ
လေ့လာမိသူတွေ ပိုသတိထားမိမှာပါ။ လက်ရှိ မြန်မာပြည်ကြုံနေရတဲ့ အနေအထားက
ကမ္ဘာမှာ အသစ်အဆန်း မဟုတ်ပါဘူး။
ရေးရင်းနဲ့ Point of View က ပြောင်းသွားပါလိမ့်မယ်။ လုပ်သားဘက်ကို ပြန်သွားရအောင်
အလုပ်ရှာစဉ် စိတ်နေစိတ်ထား
အထက်က အကြောင်းအရာကို သိတယ်ပဲထား၊ မသိတယ်ပဲထား။ ကိုယ်က အလုပ်ရှာစဉ်
သိထားရမှာက သိပ်မများပါဘူး။ အလုပ်ချေးမများဖို့ပါပဲ။ စာရေးသူ အသက် ၁၇ နှစ်က
တစ်လ ၅ သောင်းနဲ့ ကုမ္ပဏီတစ်ခုမှာ ဘာသာပြန် ဝင်လုပ်တယ်။ ဒါတောင် လစာ
အဖြတ်ခံရတာနဲ့ တစ်လ ၄ သောင်းမကျန်ပါဘူး။ ဘာဖြစ်လဲ တဆက်လုပ်တယ်။ ၆ လအတွင်း
ကုမ္ပဏီတစ်ခုပြောင်းတော့ ၁ သိန်းဖြစ်တယ်။ နောက်တစ်ခုကို ၆ လအတွင်း
ထပ်ခုန်တော့ တစ်သိန်းခွဲဖြစ်တယ်။ ယင်းအချိန်မှာ အထှာနှပ်တော့
တစ်သိန်းခွဲတန် အလုပ် ၆ ခုကို တစ်ပြိုင်နက်တည်း လုပ်နေပါပြီ။ ဘယ်ဟာမှ
ရုံးမတက်ဘူး။ အင်တာနက် ရှိတဲ့နေရာမှာ ထိုင်လုပ်တယ်။ စာဖတ်သူတို့
စိတ်ဝင်စားတယ်ဟုတ်။ ဒီမှာ ပြောချင်တဲ့အချက်က အလုပ်ချေးမများဖို့ပါပဲ။
ကိုယ်က ပထမဆုံး အလုပ်စဝင်မယ့်သူဆိုရင် သူက ဘယ်လိုရာထူးနဲ့ပဲခန့်ခန့် ငါ
အလုပ်လုပ်ခြင်း ပညာရပ်ကို စသင်သင်ကြား လေ့လာတယ်လို့ပဲ သဘောထားလိုက်ပါ။
ယုတ်ဆွအဆုံး ခများကို လစာမပေးဘူး။ တို့ကုမ္ပဏီမှာ အလကာလုပ်လို့ပြောတဲ့အခါ
နောက်ဆုံး ရွေးစရာမရှိရင်တော့ လုပ်ရမှာပဲ။ အလုပ်စလုပ်ဖို့ ရည်ရွယ်နေချိန်
ကိုယ့်နောက်ကွယ်က အခက်အခဲတွေ မေ့ထားလိုက်ပါ။ ပညာဂုဏ်၊ ငွေဂုဏ်၊ ရုပ်ဂုဏ်ကို
လုံးဝထုတ်မသုံးပါနဲ့။ ပညာရှာ ပမာ သူတောင်းစား စကားပုံနဲ့
မလုံလောက်တော့ပါဘူး။ မြန်မာပြည်မှာ အလုပ်ရှာ ပမာ သူတောင်းစား ခံယူချက်လေးပါ
ရှိနေရင် ပိုကောင်းပါလိ့မ်မယ်။ ငါက ဘာနဲ့ဘွဲ့ရထားတာကွ။ ငါက
ဘယ်လောက်ချမ်းသာတာကွ၊ ငါ့ကို ဒီရာထူးပေးမှလုပ်မယ်။ ငါ့ကို ဒီလစာ ပေးမှ
လုပ်မယ်။ အဲ့လိုခံယူချက် ရှိနေရင် ပြည်ပမှာ လုပ်လို့ဖြစ်နိုင်ပါတယ်။
ပြည်ပမှာ အရည်အချင်းနဲ့ ထပ်တူညီအောင် ကြိုးစားညှိယူလို့ ရပေမ့်
မြန်မာပြည်မှာ အဆင်မပြေသေးပါဘူး။ ဒီတော့ အလုပ်ရှာစဉ် ထားရမယ့်
စိတ်နေစိတ်ထားက ခပ်နာနာပဲ ထပ်ပြောရရင် မရှိဆင်းရဲသူ ပမာပါ။
"အလုပ်လုပ်စဉ် စိတ်နေစိတ်ထား"
နိုင်ငံတကာမှာ လုပ်ရပ်က ကိုယ့်ကို တန်ဖိုးဖြတ်တယ်။ ဖြတ်တဲ့တန်ဖိုး အလျောက်
ထိုက်တန်တဲ့ ရလဒ်ကို ပြန်ရတယ်။ ဟုတ်ကဲ့။ မြန်မာပြည်မှာကျ တစ်မျိုးပါ။
လုပ်ရပ်က ကိုယ့်တန်ဖိုးကို ဖြတ်ပါတယ်။ သို့ပေမယ့် ရလဒ်က
ကိုယ့်လုပ်ရပ်အတိုင်းဖြစ်ချင်မှ ဖြစ်လာမှာပါ။ ကြိုးစားသလောက် ရလဒ်
မညီမျှိလို့ပါ ဆိုပီး အလုပ်တွေ တစ်ခုပြီး တစ်ခု ပြောင်းလိုက်၊ ထွက်လိုက်
လုပ်နေသူတွေ အများကြီးပါ။ ဒီတော့ အလုပ်ရှားပါတယ်လို့ ငြီးသူက တကယ်
အလုပ်ရှာမရ ဖြစ်သွားပါတယ်။ ဒီတော့ အလုပ်လုပ်စဉ် ထားရမယ့် စိတ်နေစိတ်ထားက
အကောင်းဆုံး ကြိုးစားပါ၊ ဖန်တီးပါ၊ ဇွဲရှိပါတယ်။ တာဝန်ကျေပွန်ရုံ
လုပ်တဲ့အလုပ်က အချို့ နေရာမှာကောင်းပေမယ့် အချို့ နေရာမှာ မကောင်းပါဘူး။
ကိုယ်က လိုချင်စိတ်တစ်ခုနဲ့ သူငါ့ကို ဘာများပြန်ပေးမလဲ။
ငါကြိုးစားကြည့်လိုက်မယ်။ အဲ့လို မိတ်ဆွေအချို့ ရှိပါတယ်။ နောက်ဆုံး
ထိုက်တန်တဲ့ ရလဒ်မရတော့ အလကားပါ။ ငါဘယ်လောက်လုပ်ပေးပေး ဒီသူဌေးတွေက
လစာမတိုးဘူး။ တန်ဖိုး မသတ်မှတ်ပေးဘူး နဲ့ ငြီးတွားပြီး ကျောခိုင်းသူတွေ
ရှိပါတယ်။ ဒီတော့ ရလဒ်က လုပ်ငန်းရှင်ကော၊ လုပ်သားကော နစ်နာပါတယ်။ ဒီတော့
သူကောင်းကောင်းမကေင်းကောင်း၊ ကိုယ်ကောင်းဖို့ အရေးကြီးတယ် ဆိုတဲ့
ခံယူချက်လေး ရှိရပါမယ်။ လိုချင်စိတ်နဲ့ လက်စွမ်းမပြပါနဲ့။
ငါဒီလိုကြိုးစားရင် င့ါဘဝအတွက် ဘယ်လို တန်ဖိုးမဖြတ်နိုင်တဲ့ ပညာတွေ ရမယ်။
ဘယ်သူမှ မချီးကျူးရင်တောင် င့ါစိတ်ထဲမှာ၊ နှလုံးသားထဲမှာ ရင်ကော့၊
ခေါင်းမော့ နေနိုင်မယ် ဆိုတဲ့ ခံယူချက်မျိုးပါ။ ဒီတော့ အလုပ်လုပ်စဉ်
ထားရမယ့် စိတ်ထားက ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်ခြင်းပါ။ ရလဒ်က
အကောင်းတွေချည်းပါ။ လုပ်ဖူးရင် သိပါလိမ့်မယ်။
"အလုပ် တစ်ခု မကလုပ်ခြင်း"
ခေါင်းစဉ်ငယ်ကြောင့် ခေါင်းကြိမ်းသွားမယ်ထင်တယ်။ မကြိမ်းပါနဲ့။ လက်ရှိ
မြန်မာပြည်မှာ အလုပ်ရှားတုန်း။ ဆောရီး အလုပ်နဲ့ တန်ဖိုး ထပ်တူ ကျမှု
နည်းနေတုန်း အကောင်းဆုံး ဖြေရှင်းနည်းက အလုပ် တစ်ခုမက လုပ်ခြင်းပါ။ စာရေးသူ
ကုမ္ပဏီ ၆ ခုမှာ တစ်ပြိုင်နက်လုပ်တယ်။ မနက်မိုးလင်းတာနဲ့ ညနေအထိ
ခုန်ဆွ၊ခုန်ဆွနဲ့ ကုမ္ပဏီတွေ တစ်ခုပြီး တစ်ခုပြေးပါတယ်။ ကျန်ပါသေးတယ်။ မနက်
အစောကြီး အထက်တန်းကျောင်း သားတွေကို စာသင်စာပြလုပ်ပေးရသေးပြီး ညနေကျတော့ ၇
တန်းကလေး တွေကို အဂ်လိပ်နဲ့ သင်္ချာ သင်ပေးပါတယ်။ စာရေးသူ တပည့်တွေ
ဂုဏ်ထူးတွေနဲ့အောင်ပါတယ်။ အလုပ်တွေ ပိလို့ အရည်အသွေးကျတယ် မထင်ပါနဲ့။
စာသင်စာပြ၊ ဂိုက် တစ်ယောက် အနေနဲ့လည်း အသက်မွေးဝမ်းကျောင်းမှုကို ၁၀ တန်း
ပြီးကတည်းက လုပ်လာတာပါ။ ဒါလည်း လူတိုင်းလုပ်နိုင်ပါတယ်။ ဒီတော့
အလုပ်တစ်ခုမက လုပ်ချင်တဲ့သူတွေအတွက် အနီးစပ်ဆုံး ဖြေရှင်းနည်းက ကလေးတွေ
ကိုစာသင်ပါ။ ကိုယ်တိုင်အဆက်အသွယ် ရှာဖို့တော့လို ပါတယ်။ နောက်
တစ်ဆင့်အနေနဲ့ ကတော့ ကိုယ်အလုပ်လုပ်နေတဲ့ ပရော်ဖက်ရှင်နယ် လမ်းမှာတင်
အစွယ်အပွားများစွာ ပွားလို့ ခရီးဆက်ခြင်းပါ။ စာရေးသူ ကိုယ်ပိုင်
ဝဘ်ဆိုဒ်ထောင်တယ်။ ပိုက်ဆံမရပါဘူး။ သိုပေမယ့် ယင်းဝဘ်ဆိုဒ်အရှိန်အဝါနဲ့
အလုပ်တွေ တစ်ခုပြီး တစ်ခု ရပါတယ်။ စာရေးတယ်။ ယခုလို ဆောင်းပါးရေးတယ်။
သတင်းရေးတယ်။ ဘာသာပြန်တယ်။ ဒီလိုနဲ့ ပြည်တွင်းက သတင်းမီဒီယာ ဝဘ်ဆိုဒ်တွေမှာ
အယ်ဒီတာ၊ ဆောင်းပါးရှင်၊ Team Leader ရာထူးများရပြီး အရည်အသွေးကောင်းတဲ့
စာများ ဖြစ်အောင်ရေးပါတယ်။
မှာစရာအကြီးမားဆုံး တစ်ခု ကျန်ပါသေးတယ်။ အလုပ်တစ်ခုမက လုပ်ရတဲ့ ခံယူချက်ပါ။
ယခုစာဖတ်နေသူက ငွေရှိတယ်။ သို့ပေမယ့် အလုပ်မရှိရင် ဂုဏ်မတင့်လို့
အလုပ်လုပ်တာပါဆိုရင် တစ်ခုတည်းလုပ်ပြီး ယင်းတစ်ခုကို အကောင်းဆုံး
ဖြစ်အောင်လုပ်ပါ။ သို့တည်းမဟုတ် ယခုစာဖတ်နေသူက စာရေးသူလိုပဲ Struggle
လုပ်နေရသူ ဆိုရင် အစွယ်အပွား Strategy ကိုကျင့်သုံးပါ။ မှာချင်တာကတော့
ဘယ်လောက်ပဲ ပွားပွား ကိုယ့် လုပ်ဆောင်ချက် အရည်အသွေး
လုံးဝမကျဆင်းစေဖို့ပါပဲ။ ဥပမာ ပရိုဂမ်မာတစ်ယောက် သူ့ကုမ္ပဏီ ပရောဂျက် အတွက်
Code ရေးနေတယ်။ သို့ပေမယ့် Freelance အနေနဲ့ လုပ်လို့ရမယ့်၊ ရေးလို့ရမယ့်
Out Source တွေရှာတတ်ရပါမယ်။ ဆိုဒ်အင်ဂျင်နီယာ တစ်ယောက် ပင်ပင်ပန်းပန်း
အလုပ်လုပ်ရတယ်။ လစာ နည်းတယ်။ ဒါဆိုရင် Human Resource Development
တွဲလုပ်ပါ။ ကိုယ် တတ်ထားတဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာ ပညာရပ်ကို
ပြန်လည်မျှဝေဖို့အတွက် ကျူရှင်လိုပုံစံမျိုးလုပ်မလား၊ အခြား NGO
ပရောဂျက်တွေရအောင် ကြိုးစား ဖန်တီးမလား၊ ကိုယ်တိုင် ဒီဇီုင်းတွေ၊
စာတန်းတွေပြုစုပြီး ဖိုရမ်ကြီးတွေမှာ ဝင်ဆွေးနွေးမလား၊ ဖလှယ်မလား
အစရှိသဖြင့် လုပ်စရာအတွေ အများကြီးပါ။ ဆေးဝါးကျွမ်းကျင်နဲ့ ဘွဲ့ရတယ်။
ဆေးကုမ္ပဏီ တစ်ခုရဲ့  ဓာတ်ခွဲခန်းမှာ အလုပ်ရတယ်။ အခြား ကုမ္ပဏီတစ်ခုကိုလည်း
အချိန်ပိုင်းရမလား စုံစမ်းကြည့်ပေါ့။ အချို့ ကျတေ့ ဒီကုမ္ပဏီက ပညာနဲ့
ဖော်မြူလာအခြား ကုမ္ပဏီကို ပေါက်ကြားမှာ စိုးတဲ့အတွက် အမျိုးအစား တူတဲ့
အခြားအလုပ်တစ်ခု လုပ်ခွင့် မရှိပါဘူး။
ကိစ္စမရှိပါ။ ထပ်တူ မကျပေမယ့် ခပ်ဆင်ဆင် အခြား အလုပ်တွေ ရှာလုပ်နိုင်ပါတယ်။
မြန်မာပြည်မှာ လက်ရှိအနေအထားအရ အကောင်းဆုံးက Human Resource Development
တွဲလုပ်ခြင်းပါ။ ဒါဆိုရင် အင်ဂျင်နီယာ ဥပမာလိုပဲ စဉ်းစားနိုင်ပါတယ်။ ကိုယ်က
ဘလောဂ်တွေလည်း ရေးတတ်တယ်ဆိုပါစို့။ ကိုယ်ပိုင် ဝဘ်ဆိုဒ်၊ ဘလောဂ် ကို
အဆင်ပြေသလိုလုပ်၊ Facebook Page လုပ် အများပြည်သူတွေ သိရင်
အကျိုးရှိသွားမယ့် ဆေးပညာဆောင်းပါးတွေ၊ အင်ဂျင်နီယာ ဆောင်းပါးတွေ၊ ဥပဒေ
ဆောင်းပါးတွေ ရေး နာမည်တစ်လုံးရအောင်လုပ်၊ နောက်တော့ လူသိများလာပြီး
ဂျာနယ်မဂ္ဂဇင်းတွေကပါ ကမ်းလှမ်းတာခံရတဲ့အထိ ဖြစ် လာနိုင်ပါတယ်။ ကိုယ်က
နိုင်ငံခြားဘာသာနဲ့ ဘွဲ့ရတယ်။ သို့တည်း မဟုတ် ကျောင်းတက်နေဆဲ။
ဒါမျိုးဆိုရင် လုပ်လို့ကောင်းတာက ဘာသာစကား ပြန်လည် သင်ကြားပေးခြင်းပါ။
ပြောမယ်ဆိုရင်အများကြီးပါ။ စာရေးသူက မဆီမဆိုင်ပဲ လိုက်တွေးပေးနေတာ
တောရောက်တောင်ရောက်နဲ့။ ကိုယ်တကယ် ပရော်ဖက်ရှင်နယ်ကျကျ လျှောက်နေတဲ့သူများက
ပြောစရာမလိုပဲ အလိုလို သိမယ်လို့ ယူဆပါတယ်။ ပညာရပ်မတူသူများကို သိပ်ပြီး
ဂိုက်လိုင်းမပေးတတ်ပါဘူး။ အိုင်တီလမ်းပေါ်က ရှိတဲ့ လူငယ်များကိုတော့
နည်းလမ်းပေးနိုင်ပါတယ်။
"တွေဝေ၊စောင့်ဆိုင်းမှု ကင်းဝေးခြင်း"
နည်းလမ်းပေးတာကိုလည်း မစောင့်ပါနဲ့။ မြန်မာပြည်မှာ လူအများစု က
စောင့်နေကြပါတယ်။ ဘာကိုစောင့်လိုစောင့်မှန်းမသိပါဘူး။ ငါ့ကို ဘယ်သူများ
နည်းလမ်ပေးမလဲ။ ငါ့ကို တို့ သူဌေး ဘယ်တော့ လစာတိုးပေးမလဲ။ ငါ့တို
တိုင်းပြည်ကြီး ဘယ်တော့ ဒီမိုကရေစီ ရမလဲ။ တို့မြန်မာနိုင်ငံသားတွေ ဘယ်တော့
စည်းကမ်းကောင်းလာမလဲ အစရှိသဖြင့်နဲ့ပေါ့။ စောင့်ဆိုင်းနေခြင်းထက်
ကိုယ်ကိုယ်တိုင် သွားလိုက်ခြင်းက အကောင်းဆုံးအဖြေပါ။
သူများလက်ညိုးထိုးနေဖို့ထပ်၊ သူများ ခိုင်းတာ၊ အကြံပေးတာကို
စောင့်ဆိုင်းနေထို့ထက် ကိုယ်တိုင်ထလုပ်လိုက်ခြင်းက အကောင်းဆုံး
အဖြေဖြစ်ပါတယ်။ စာရေးသူ ဘာကိုမစောင့်ခဲ့ပါဘူး။ ရေကြောင်း
အင်ဂျင်နီယာဘွဲ့နဲ့ ရေကြောင်း ကောလိပ်မှာ အဆင့် ၁ ရပြီး အောင်တယ်။
သို့သော်ငြားလည်း သင်္ဘောလိုက်ချင်သပ ငွေ သိန်း ၃၀ မက ကုန်မယ်။ လက်ရှိ
မြန်မာပြည်မှာ သင်္ဘောသားတွေ အလုပ်ရှာရခက်ခဲ တဲ့ ခေတ်ကာလကို ရောက်နေတယ်။
အဲ့လောက် ငွေမရှိဘူး။ အိုကေ။ စိတ် အချိန်မဖြုန်းချင်ဘူး။
မစောင့်ဆိုင်းချင်ဘူး။ စောင့်နေရင်း ရွယ်တူ လူငယ်နဲ့ ဘော်ဒါတွေ ရာထူးတွေ
တစ်ဆင့်ပြီး တစ်ဆင့်တက်ကုန်မယ်။ ငါ့မှာ ငွေ့ရှိမယ့်အချိန်၊
သင်္ဘောရမယ့်အချိန်ကို စောင့်ဆိုင်းရင်း အသက်အကြီးမခံနိုင်ဘူး။ ၁ ဆိုတဲ့
ဂုဏ်ပုဒ်က ကြားလို့ပဲကောင်းတယ်။ လက်တွေ့မှာ အသုံးမဝင်ဘူး။ ဒါနဲ့
ကိုယ်တိုင်လည်း ဘယ်အရာကိုပဲ ကြိုးစားကြိုးစား အကောင်းဆုံး ဖြစ်မယ်
ယုံကြည်တော့ အွန်လိုင်းမီဒီယာ ဘက်ကို ပြောင်းလိုက်တယ်။ မကြာပါဘူး။ ၃
နှစ်အတွင်း တင့်တောင့်တင့် တယ် အနေအထား တစ်ခု ဖန်တီးလာနိုင်ပြီး
အနာဂတ်ကလည်း အလင်းရောင်တွေချည်းပါ။ ဆိုလိုရင်းက Life is too short to wait
something ပါ။ စာရေးသူမှာ လက်ရှိအရှားဆုံးက အချိန်ပါပဲ။ လူတိုင်း ကြိုးစား၊
ရုန်းကနေရင် အချိန်ရှားမှာပါ။ သို့သော် ငွေမရှားစေရဘူးလို့ အာမခံပါတယ်။
"စာရွက်ပညာ၊ လက်တွေ့ပညာ တိုးမြင့်နေခြင်း"
ပညာသင်ကြားခြင်း ရပ်တန့်တဲ့အချိန်က ကိုယ့်တန်ဖိုးကျတော့မယ့် အချိန်ပါပဲ။
စာရွက်ပေါ်က ပညာ၊ ဘဝလမ်းပေါ်က ပညာ နှစ်မျိုးလုံး အချိန်နဲ့အမျှတတ်နိုင်ရင်
အကောင်းဆုံးပါ။ လက်ရှိ မြန်မာပြည်မှာ အများစုက စာရွက်ပေါ်က ပညာနဲ့ ဘဝပေါ်က
ပညာစာရင် ဘဝပေါ်က ပညာက ပိုများပါတယ်။ စာရွက်ပေါ်က ပညာကိုလည်း
အချိန်ပေးပြီးလုပ်ပါ။ လက်တလောမှာ အဆင်ပြေပေမယ့် စာရွက်ပေါ်က ပညာ
(ဘွဲ့လက်မှတ်၊ အောင်လက်မှတ်) တို့မရှိရင် နောင်အနာဂတ်မှာ ခက်ခဲပါလိ့မယ်။
ကိုယ်က အလုပ်လုပ်နေတယ်။ မှန်ပါတယ်။ အလုပ်မှာပဲ စိတ်နစ်နေရင် ဘဝပညာတော့
အကောင်းဆုံးရပါလိမ့်မယ်။ သို့ပေမယ့် အသက် ၄၅ နှစ်မကျော်သေးရင် စာရွက်ပေါ်က
ပညာတွေကိုလည်း တစ်ခုပြီး တစ်ခုယူနိုင်ပါသေးတယ်။ ယူဖို့လိုကို လိုအပ်တာပါ။
လုပ်သား ဥပဒေအရ လူတစ်ယောက်မှာ အလုပ်အကိုင်အရည်အချင်း ဘယ်လောက်ရှိရှိ
ယင်းအရည်အချင်းကို သက်သေပြမယ့် ဘွဲ့လက်မှတ်အမျိုးအစား မရှိရင် သူရနိုင်မယ့်
လစာက အကန့်အသတ် ရှိပါတယ်။ ဒါကိုသိထားဖို့လိုအပ်ပါတယ်။ တစ်ဖက်ကလည်း
ယင်းအတွက် သက်ဆိုင်ရာ စာရွက်စာတန်များ ကြိုးစား ဖြည့်နေရပါမယ်။ နိုင်ငံတကာ
ကုမ္ပဏီကြီးများဝင်လာတဲ့အခါ လက်မှတ်နဲ့ အတွေ့ အကြုံ နှစ်ခုပေါင်းပြီး
လျှောက်တဲ့အခါ အကောင်းဆုံး အနေအထား တစ်ခုကို ရောက်ရှိမှာပါ။
"လုပ်ငန်းရှင်နှင့် ယုံကြည်မှုတည်ဆောက်ခြင်း"
နိုင်ငံတကာမှာတော့ ကျေးဇူးတွေ၊ သံယောဇဉ်တွေ ထည့်စဉ်းစားစရာ မလိုပါဘူး။
ဒီအလုပ်ကြိုက်ရင်လုပ်၊ မကြိုက်ရင်ထွက်၊ လုပ်ငန်းရှင်ဘက်ကလည်း
နောက်လာလျှောက်သူတွေ အများကြီးထဲက မျက်လုံးမိတ် ရွေးတောင် ရတဲ့အနေအထား
ဖြစ်နေလို့ ပါ။ မြန်မာပြည်မှာကျ ကျေးဇူးတွေ၊ သံယောဇဉ်တွေ ထည့်စဉ်းစား
ရပါတော့မယ်။ ပြောချင်တာက ယုံကြည်မှုပါ။ Good Relationship with Employer
လိုအပ်ပါတယ်။ အထူးသဖြင့် အလုပ်တစ်ခုမက လုပ်မယ့်သူများအတွက်ပါ။
နိုင်ငံတကာမှာတော့ အများစုက အလုပ်ကို ကိုယ့်အတွက် နင်းတက်ရမယ့် လှေကားလို့
သဘောထားချင်ထားတယ်။ အတူသယ်ရမယ့် အထုပ်လို့ သဘောထားချင်ထားတယ်။ ဆိုလိုယင်းက
Google မှာ ၃ နှစ်လုပ်တယ်။ ယင်းက ရတဲ့အခံနဲ့ Amazon ကိုပြောင်းတယ်
ရာထူးကြီးကြီးရ တယ်။ နောက်တော့ Facebook ကိုထပ်ပြောင်း တယ်။ နောက်တော့
ငွေအရင်းအနှီး အင်မတန်များသွားပြီး ကိုယ်ပိုင်ကုမ္ပဏီတွေ
ထောင်ကြဒါမျိုးပေါ့။
မြန်မာပြည်မှာကျ ဒါမျိုးမရပါဘူး။ သို့ပေမယ့် အချို့ များက ယင်းကဲ့သို့
နင်းတက်ရမယ့် လှေကား တစ်ခုပမာ သဘောထားပါတယ်။ အမှန်အတိုင်းပြောရရင်
မြန်မာပြည်မှာ နင်းတက်စရာ လှေကား အလုပ်က ရှားပါတယ်။ အများစုက ကိုယ်တိုင်
ချွေးတစ်လုံးလုံးနဲ့ ထုဆစ်ပြီး ပီတိဖြာရမယ့် အလုပ်မျိုးပါ။ ဆိုလိုရင်းက
မြန်မာပြည်မှာ အောင်မြင်ပြီးသား အလုပ်က ရှားပါတယ်။ ကိုယ်ကိုယ်တိုင်
ကြိုးစားဖန်တီးပေးမှ၊ စုပေါင်းလုပ်ဆောင်ပေးမှ အခြေအနေတစ်ခု ရောက်ရမယ်တာတွေက
များပါတယ်။ ဒီတော့ ငါဒီမှာ လုပ်ပြီး လစာဒီလောက်ရရင်၊ ဘယ်နှစ်နှစ်ပြည့်ရင်
အခြားအလုပ်တစ်ခုကိုပြောင်းလိုက်မယ်။ င့ါတက်လမ်းပွင့်စေမယ့် ဆိုတာမျိုးတွေ
စဉ်းစားပါတယ်။ လက်ရှိအခြေအနေအရ ယင်းကဲ့သို့စဉ်းစားခွင့်ရသူ နည်းပါလိမ့်မယ်။
အများစုကြည့်လိုက်ရင် ကိုယ်တွေ ကောင်းမှာ ခေါင်းလှမယ့် အလုပ်နေတွေပါ။
နောင်အခါမှ ငါဒါကို အကောင်းဆုံး ကြိုးစားဖန်တီးပေး ခဲ့တာကွလို့
လက်မထောင်ရမယ့် နေ့ကို သာ စောင့်ဆိုင်းရမှာပါ။ အဲ့အချိန်က ကိုယ့်နဲ့
ကိုယ့်လုပ်နေတဲ့ ကုမ္ပဏီရဲ့  အောင်မြင်မှုက ကိုယ်နင်းစရာမလိုပဲ
အပေါ်ရောက်ဖို့အတွက် အလိုအလျောက် ခုတုံး ဖြစ်ပါလိ့မ်မယ်။ ခု စာရေးသူကို
အလုပ်ပေးနေသူများက ကျေးဇူးရှင်တွေပါ။ August Myannmar Media Group /
Techspace Journal အပြင် အခြားသော လုပ်ကိုင်လျက် ရှိတဲ့ ကုမ္ပဏီများက
ကျေးဇူးရှင်တွေပါ။ ကိုယ့်ရဲ့  အကောင်းဆုံး ကြိုးစားဖန်တီးမှုအတွက်
ထိုက်တန်တဲ့ ရလဒ်ကို စာရေးသူရဲ့  လုပ်ငန်းရှင်များက ပေးပါတယ်။ လက်ရှိ
စင်္ကာပူမှာ ကျောင်းတက်ဖို့ August Myanmar က ပညာသင်ဆု ပေးတယ်။
ပညာသင်ကြားတယ်။ တစ်နေ့ မြန်မာပြည်ပြန်လာပြီး တူညီတဲ့ရည်ရွယ်ချက်နဲ့
တိုင်းပြည် ဖွံ့ဖြိုးတိုး တက်ဖို့အတွက် လက်တွဲလုပ်ခြင်း နည်းဥပမာနဲ့ ရှေ
့ဆက်မှာပါ။ ဒီမှာပြောချင်တာက Trust Relationship ဖြစ်ပါတယ်။ ဒါက
လိမ်ညာလို့မရသလို၊ ဖုံးကွယ်ဟန်ဆောင်လို့ မရပါဘူး။ လုပ်ရပ်က သက်သေ ပြပါတယ်။
ဒီတော့ Good relationship with Employer ကို ကောင်းကောင်း ဖန်တီးယူနိုင်ရင်
မြန်မာပြည်မှာ အလုပ်မရှားတဲ့အပြင် ဘာဆိုဘာမှ မရှားပါဘူး။
"နိဂုံးချုပ်"
တော်တော်ရှည်သွားတယ်။ အနှစ်ချုပ်ပြန်ပြောပါမယ်။ ပညာအရည်အချင်းနှင့်
အလုပ်ကို ချိန်ကိုက်ခြင်း၊ အလုပ်ရှာစဉ် အလုပ်ရရန်စိတ်တစ်ခုသာ မှန်ကန်ခြင်း၊
အလုပ်လုပ်စဉ် အကောင်းဆုံး ဖန်တီးကြိုးစားခြင်း၊ အလုပ် တစ်ခုမကလုပ်ခြင်း
(လက်ရှိခေတ်ကာလအရ)၊ တွေဝေစောင့်ဆိုင်းမှု ကင်းဝေးခြင်း၊ စာရွက်/လက်တွေ့
ပညာရပ် နှစ်မျိုးလုံး တိုးမြင့်နေခြင်း၊ လုပ်ငန်းရှင်နှင့် ယုံကြည်မှု
တည်ဆောက်ခြင်း တို့ ဖြစ်ပါတယ်။ ဒီလောက်ဆို မြန်မာပြည်မှာ လူတိုင်း
အလုပ်ရှာတတ်မယ်၊ အလုပ်ရှားပါးမှု ပြဿနာကို ကြိုးစား ဖြေရှင်း နိုင်မယ်လို့
မျှော်လင့်ပါတယ်။
အောင်ခမ်း ( TSJ team)
Subscribe to:
Post Comments (Atom)
Post a Comment