0
မြ၀တီမြို့တွင် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၄၅၀၀ ကျော် သောင်တင်နေကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ကရင်ပြည်နယ် ဦးစီးမှူး ဦးအောင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ အလုပ်ခေါ်စာ (Demand Letter) မရှိဘဲ အလုပ်သမား စုဆောင်းခြင်း၊ (Demand Letter) တွင် ခွင့်ပြုထားသော အလုပ်သမား ဦးရေ ပမာဏထက် ပိုမိုစုဆောင်းခြင်း၊ (Demand Letter) ရှိသော်လည်း ထိုင်းနိုင်ငံဘက်မှ အလုပ်ခေါ်ယူမှု နောက်ကျခြင်း၊ ပွဲစားများမှတစ်ဆင့် လူစုဆောင်းခြင်း စသည့် အကြောင်းအရင်းများကြောင့် ယခုကဲ့သို့ မြ၀တီတွင် အလုပ်သမားများ သောင်တင်နေရခြင်း ဖြစ်ကြောင်း သိရသည်။

''အလုပ်သမား မပို့ရသေးတဲ့ စာရင်းက ကျွန်တော်တို့ဆီမှာ ၃၀၀၀ ကျော်လောက် ရှိတယ်။ ဒါပေမဲ့ တကယ်တမ်း ရပ်ကွက်တွေထဲကို လိုက်စစ်ကြည့်လိုက်တော့ သောင်တင်နေတဲ့ အလုပ်သမား အရေအတွက်က ၁၀၀၀ ကျော်လောက် ထွက်လာတယ်။ အေဂျင်စီတွေက အလုပ်သမားတွေကို မြ၀တီမှာ အခန်းတွေငှားပြီး ထားကြတယ်'' ဟု ၎င်းက ပြောသည်။
''ဒီက အေဂျင်စီတွေနဲ့ ထိုင်းနိုင်ငံက အလုပ်ရှင်တွေပေါင်းပြီး အလုပ်သမားတွေ စုဆောင်းထားတာရှိတယ်။ အလုပ်သမား စေလွှတ်ခွင့် ပြုထားတဲ့ အေဂျင်စီ ၆၂ ခုကို မှတ်တမ်းအရ စိစစ်တဲ့အခါမှာ တကယ် တရားဝင် စေလွှတ်နေတဲ့ အေဂျင်စီက ၂၄ ခုပဲ ရှိတယ်'' ဟု ၎င်းက ဆိုသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ စာရင်းများအရ ထိုင်းနိုင်ငံသံရုံးမှ တစ်ဆင့် စိစစ်ကာ လုပ်သားစုဆောင်းခွင့် ပြုထားသည့် လူဦးရေ နှစ်သောင်းကျော်ရှိပြီး အလုပ်သမား ၈၉၄၄ ဦးမှာ စေလွှတ်ပြီး ဖြစ်ကြောင်း၊ ၂၇၈၇ ဦးမှာ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပြီး ဖြစ်ကြောင်းနှင့် အလုပ်သမား ၄၀၀၀ ကျော်မှာ စေလွှတ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။
မြ၀တီမြို့တွင် အလုပ်သမား ၄၅၀၀ ကျော် သောင်တင်နေမှုအပေါ် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနနှင့် ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်တို့မှ သွားရောက် ဖြေရှင်းသွားမည် ဖြစ်သည်။

First Eleven Media Group

Post a Comment

 
Top