0

ရွှေဂုံတိုင် မီးပွိုင့်အနီး သတင်းစာ၊ ဂျာနယ်ဖြန့်ချိရေး တစ်နေရာ (ဓာတ်ပုံ - အောင်ဇော်ထွန်း)

တက္ကသိုလ်ဝင်တန်း ကျောင်းသားမှသည် မဟာဘွဲ့၊ ဒေါက်တာဘွဲ့ ရသူတို့အား သင်စာဖတ် တတ်ရဲ့လားဟူ၍ မေးခွန်းကို မေးမိခဲ့ပါလျှင် မေးမြန်းသူကို မကျေနပ်၊ မခံချင်သော အကြည့်မျိုး၊ အပြောမျိုးနှင့် စာဖတ်တတ်တယ်ဟူ၍ မဆိုင်းမတွ ပြန်လည်ပြောဆို ဖြေကြမည်သာ ဖြစ်ပါသည်။


စာဖတ်နေသူတိုင်းကို စာဖတ်တတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်သော်လည်း စင်စစ်အားဖြင့် စာဖတ်နေသူတိုင်းအား စာဖတ်တတ်သူဟု မဆိုသာပေ။ လူတိုင်းသည် စာပေများကို ဖတ်ရှုလေ့ ရှိကြသည်။ စာဖတ်ကြရာတွင် စာကိုအပျင်းပြေ ဖတ်ရှုခြင်း၊ အချိန်ဖြုန်းလို၍ ဖတ်ခြင်း၊ စိတ်လက်ဖြေလျော့ ပေါ့ပါးမှုအတွက် ဖတ်ခြင်း၊ ဗဟုသုတအတွက် ဖတ်ရှုခြင်း၊ ပညာရပ်အတွက် ဖတ်ကြားခြင်း၊ ကျောင်းသင်ခန်းစာအဖြစ် ဖတ်ရှုခြင်း စသည်ဖြင့် စာဖတ်နည်း အမျိုးမျိုး ရှိကြသည်။ 

ထိုသို့သော စာဖတ်နည်းများသည် စာဖတ်တတ်သောသူတို့ စာဖတ်နည်းဟု မဆိုသာပေ။ အလိမ္မာ စာမှာရှိသည်။ စာပေသည် ပညာဗဟုသုတကို ရရှိစေသည်ဟူသော အနှစ်သာရလေးကို အခြေခံ၍ စာပေကို ပညာဗဟုသုတ ပွားများရန်အတွက် အလေးထား ဖတ်ရှုသော စာဖတ်နည်းသည်ပင် စင်စစ်အားဖြင့် စာဖတ်တတ်သူ၏ စာဖတ်နည်းဟု ခေါ်ဆိုရန် မပြည့်စုံနိုင်သေးပေ။

ပျော်ရွှင်ဆေးအဖြစ် လည်းကောင်း၊ အိပ်ဆေးအဖြစ် လည်းကောင်း ဖတ်ရှုသုံးဆောင်နေသော စာဖတ်ပရိသတ် အင်အားသည်လည်း မနည်းလှပေ။ ၀တ္ထုပင်ဖြစ်စေ၊ ကဗျာပင်ဖြစ်စေ၊ စာပေအရာဝင်သော ဆောင်းပါးများပင် ဖြစ်စေ ဖတ်လိုရာ ဖတ်နိုင်ပါသည်။ ထိုသို့ဖတ်ရာတွင် မိမိကိုယ်တိုင် တွေးခေါ်ဆင်ခြင်နိုင်အောင် ကြိုးပမ်းရန် လိုအပ်သည် . . . . .

စာပေကို ပညာရပ်အဖြစ် ဖတ်ရှုလေ့လာခြင်းသည် စာပေပညာရှင်ကြီးတစ်ဦး ဖြစ်လာစေသော အကြောင်းလမ်း ပေါ်ရုံမျှသာ ဖြစ်သည်။ ယင်းသို့ ဖတ်ခြင်းသည် ကောင်းမွန်ပါ၏။ သို့သော် ပညာဗဟုသုတ ရှာမှီးရုံမျှသာ ဖြစ်သဖြင့် မိမိဘ၀၌ သာမန်အကျိုးများကိုသာ ပေးနိုင်စွမ်းသည်။ ပညာရှိ တစ်ဦးဖြစ်လာရန် အကြောင်းလမ်းများ ရှိသဖြင့် လောက၌ အကျိုးဖြစ်ထွန်း သည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် ဘ၀အကျိုး ကျေးဇူးမျိုးကို ပေးနိုင်ရန် ခဲယဉ်းသည်ဟု ဆိုချင်ပါသည်။ စာပေက မိမိအား ဘ၀အကျိုးပေး မွန်မြတ်အောင် အကျိုးပြုမှသာလျှင် စာဖတ်တတ်သူ စာဖတ်တတ်သည်ဟု ခေါ်ချင်ပါသည်။ အကျိုးပြုသော စာပေကို ရွေးချယ်ဖတ်တတ်မှ သာလျှင် စာဖတ်တတ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ စာကိုဖတ်၍ မိမိဘ၀၌ ထူးကဲသော အကျိုးကျေးဇူးများ ခံစားရမှသာလျှင် စာဖတ်ရကျိုး နပ်ပေမည်။ ထိုစာမျိုးကို ဖတ်မိစေရန် ရှာဖွေကြိုးပမ်း၍ ဖတ်ရှုမှသာလျှင် စာဖတ်တတ်သူ စာဖတ်တတ်သည်ဟု ခေါ်ပါရစေဟူ၍ စာရေးဆရာကြီး တက်တိုး (ဦးအုန်းဖေ)၏ စာဖတ်သူနှင့် စာပေဆောင်းပါးတွင် လမ်းညွှန်ခဲ့သည်။
ထို့ကြောင့် စာဖတ်နေသူ တိုင်းကိုလည်းကောင်း၊ စာတတ်သော သူတိုင်းကိုလည်းကောင်း စာဖတ်တတ်သူ စာဖတ်တတ်သည်ဟု ဧကန်မုချ မပြောသာပေ။ အချို့သော လူတို့သည် စာပေများကို မြတ်နိုးခုံမင်စွာ  စွဲစွဲလမ်းလမ်း ဖတ်ရှုကြသည်။ စာမဖတ်ရလျှင် အိပ်မပျော်ဟူ၍ပင် ပြောဆိုကြသည်။ စာပေကို ပျော်ရွှင်ဆေးအဖြစ် လည်းကောင်း၊ အိပ်ဆေးအဖြစ် လည်းကောင်း ဖတ်ရှုသုံးဆောင်နေသော စာဖတ်ပရိသတ် အင်အားသည်လည်း မနည်းလှပေ။ ၀တ္ထုပင်ဖြစ်စေ၊ ကဗျာပင်ဖြစ်စေ၊ စာပေအရာဝင်သော ဆောင်းပါးများပင် ဖြစ်စေ ဖတ်လိုရာ ဖတ်နိုင်ပါသည်။ ထိုသို့ဖတ်ရာတွင် မိမိကိုယ်တိုင် တွေးခေါ်ဆင်ခြင်နိုင်အောင် ကြိုးပမ်းရန် လိုအပ်သည်။
ဆရာကြီးတက်တိုး (ဦးအုန်းဖေ)၏ စာဖတ်တတ်သူ၏ အနှစ်သာရ ၀ိသေသဆိုင်ရာ အဆိုအမိန့် တစ်ရပ်ဖြစ်သော-
"စာဖတ်ရာ၌ ဘ၀၏ ရင့်သန်မှုကို ဖြစ်စေလေအောင် ဆင်ခြင်မှု၊ သုံးသပ်မှုကို အရင်းပြုအပ်သည်ဟု ထင်မိပါသည်။ စာဖတ်ပါရမီ မဖြည့်ဆည်းဘဲ အပျော်ဖတ် သဘောမျိုးသည် အစ၌ ကောင်းပါ၏။ စာဖတ်တတ်ခါစ၌ အပေါ်ယံ စိတ်ဝင်စားမှုကို ပထမ အခြေတည်ရမည်။ သို့ရာတွင် ဖတ်ပြီးလျှင် တွေးတောဆင်ခြင်ရန် အလေ့အကျင့် ပြုအပ်လှပေသည်။ တွေးတောမှု ဆိုသည်မှာ မွေးကတည်း ကပါလာသော အရာမဟုတ်။ တွေးတောဆင်ခြင်မှု ပြုတတ်သည့်အခါ စာ၏အရသာသည် ပိုမိုလာပေ လိမ့်မည်။ အပျော်တမ်း ဖတ်ခြင်းသည် ပျင်းရိငြီးငွေ့ခြင်း၌ အဆုံးသတ်ရန်သာ ရှိသည်။ လေးနက်စွာ ဖတ်ခြင်းသည်ကား အခါမလင့် မွေ့လျော်ဖွယ်သာ ဖြစ်ပေသည်ဟူသော လမ်းညွှန်ချက်သည် စာဖတ်တတ်သော အနှစ်သာရ ၀ိသေသ၏ အနှစ်ချုပ်ပင် ဖြစ်ပေသည်။
ထိုနည်းတူ အမျိုးသားရေး စာဆိုကြီးဖြစ်သော ဆရာဇော်ဂျီ (ဦးသိန်းဟန်)၏ စာအုပ်စင်နှင့်ကျွန်တော် ဆောင်းပါးတွင်လည်း စာဖတ်တတ်သော သူတို့၏ ဂုဏ်ရည်နှင့် ၀ိသေသကို-
"စာကောင်းပေကောင်းကို ဖတ်ရလျှင် ပတ်ဝန်းကျင် ဘ၀ကို သတိပြုမိ လာနိုင်စရာ အကြောင်းရှိပါသည်။ လောဘထွက်သူသည် မိမိလောဘ ထွက်သည်ကို သတိပြုမိလျှင်၊ ဒေါသထွက်သူသည် မိမိဒေါသထွက်သည်ကို သတိပြုမိလျှင်၊ မာနတက်သူသည် မိမိမာန တက်သည်ကို သတိပြုမိလျှင် ဆင်ခြင်တတ်ခြင်း ရှိလာ၍၊ လောဘ၊ ဒေါသ၊ မာနတို့၏ အပူအလောင်မှ သက်သာရာ ရနိုင်သည်ဟု ပညာရှိတို့ ဆိုမိန့်ကြပါသည်။
ထိုနည်းတူစွာ ပတ်ဝန်းကျင် ဘ၀ကို သတိပြုမိသူသည် မိမိ၏ ကိုယ်နှုတ်နှလုံးကို သုံးသည့်အခါတိုင်း ဆင်ခြင်တတ်ခြင်း ရှိလာ၍ မိမိတစ်ဦးတည်း၏ အကျိုးစီးပွားအတွက် သာမက ပတ်ဝန်းကျင် ဘ၀၌ မိမိတို့ကဲ့သို့ပင် သုခ၊ ဒုက္ခ အမျိုးမျိုးနှင့် ကျင်လည်နေကြကုန်သော သတ္တ၀ါခပ်သိမ်းတို့၏ အကျိုးစီးပွားအတွက်လည်း ကြည့်တတ်မြင်တတ်၊ ကရုဏာဖြစ်တတ် လာနိုင်စရာ အကြောင်းရှိသည်ဟု ထင်ပါသည်" ဟူ၍ ဖော်ထုတ်လမ်းညွှန်ခဲ့သည်။
စာဖတ်တတ်သော သူတို့၏ ဂုဏ်ရည်နှင့် ပတ်သက်၍ ဆရာကြီးဇေယျ (ဦးယော)၏ စာကောင်းပေကောင်း ဆောင်းပါးတွင်လည်း-
"စာဖတ်ရာတွင် စာဖတ်သူအပေါင်း အသုံးချသူအပေါင်း အသုံးချနည်း အပေါ်၌သာ မူတည်လေသည်။ သုံးတတ်၊ ဖတ်တတ်လျှင် ကောင်းသည်ချည်းပင် ဖြစ်သည်။ ဆေးဝါးဟူသရွေ့သည် ရောဂါအနာ ပျောက်ကင်းစေတတ်သဖြင့် ကောင်းသည်ချည်းပင် ဖြစ်သည်။ မကောင်းသော ဆေးဝါးဟူ၍ လောက၌ မရှိချေ။ သို့သော် ပေးသူ၊ သုံးသူ၊ အသုံးချနည်း အပေါ်၌ တည်ပေသည်။ မသုံးတတ်လျှင် ရောဂါပျောက်ကင်း စေနိုင်သော ဆေးသည်ပင် အဆိပ်ပင်ဖြစ်၍ သေစေတတ်သည်။
"မတတ်အပ်သော ပညာမရှိ၊ မလုပ်အပ်သော ပညာသာ ရှိသည်" ဟု လူကြီးသူမများ ဆုံးမတတ်သကဲ့သို့ စာပေတွင်လည်း မကောင်းသော စာပေမရှိ၊ မလေ့လာအပ်သော စာပေဟူ၍ မရှိ။ ထိုစာပေမှ ရအပ်သော ဗဟုသုတကိုသာ သုံးအပ်သည်၊ မသုံးအပ်သည် ရှောင်သင့်၊ ဆောင်သင့်ချင့်ချိန် ဝေဖန်ခြင်းသာလျှင် အရေးကြီးသည်ကို မှတ်အပ်ပေသည်" ဟူ၍ လမ်းညွှန်ခဲ့သည်။
မိတ်ဆွေ သင့်အား တစ်စုံတစ်ယောက်သော သူက သင်စာဖတ် တတ်ရဲ့လားဟူ၍ မေးမြန်းလာခဲ့လျှင် သင်၏အဖြေသည် မည်သို့နည်း။
ကျမ်းကိုး
၁။ စာကောင်းပေကောင်း (ဇေယျ - စာဓလေ့)
၂။ စာအုပ်စင်နှင့် ကျွန်တော် (ဇော်ဂျီ)
၃။ စာဖတ်သူနှင့် စာပေ (တက်တိုး)

 Written by လှမြင့် (ရန်ကုန်တက္ကသိုလ်) 

First Eleven Media Group


Post a Comment

 
Top