ဒီမိုကရေစီ အစိုးရသစ် သက်တမ်း ၂ နှစ်ပြည့်မြောက်ခဲ့လို့ ပြီးချိန်မှာ
ကျွန်တော့်ခေါင်းထဲ တိုးဝင်လာတဲ့ အသိတစ်ခုကသြော် ဘာလိုလိုနဲ့
တို့တစ်တွေတောင် ကမ္ဘာ့ အသိအမှတ်ပြု လူမှုစနစ်အတွင်း မိတ်ဆက်နေထိုင်
ခွင့်ရခဲ့တာ ၂ နှစ်မျှတိုင်ပါပေါ့လားလို့ ဘ၀င်မြင့်ချင် သလိုလို၊ စိတ်ကြီး
ဝင်ချင်သလိုလိုနဲ့ ခပ်ကြွားကြွားလေး ဖြစ်သွားမိတာပါပဲ။
တကယ်တမ်းပြောမယ်ဆိုတော့
အလွန်အင်မတန် နုနယ်တို တောင်းလှသေးတဲ့ ဟောဒီ ၂ နှစ် တာကာလဆိုတာကလည်း
ဘ၀င်မြင့်ရလောက်အောင် ကျွန်တော်တို့ဘ၀တွေ ထူးထူးခြားခြားကြီး
တိုးတက်ပြောင်းလဲသွားသေးတာ မဟုတ်တဲ့အပြင် ကျွန်တော်တို့ အားလုံးရဲ့ကိုယ်စား
တိုင်းပြည်ကို တာဝန်ခံအုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့အပေါ်ကျတော့လည်း
လုံးလုံးလျားလျား စိတ်ချရပြီလို့ မဆိုနိုင်သေးတာမို့ တစ်ချိန်လုံး
ဒေါက်ထောက်စောင့်ကြည့်နေရတာပဲ များခဲ့တယ်ဆိုရမှာပါ။ ဒါကြောင့်လည်း
အစိုးရသစ်တက်လာပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ချိန်ကစလို့ “ရက်၁၀၀ စစ်တမ်း”၊
“ခြောက်လစစ်တမ်း”၊ “တစ်နှစ်စစ်တမ်း”နဲ့
စတဲ့ဆန်းစစ်ဝေဖန်သုံးသပ်မှုမျိုးတွေကို ကျွန်တော်တို့ရဲ့ စတုတ္ထမဏ္ဍိုင်
တပ်မှူးတွေက အခါမလပ် လုပ်ဆောင်နေကြသလို တစ်ခါတလေလည်း
ကျွန်တော်တို့ကိုယ်တိုင်တောင် (တပ်ဖွဲ့ဝင်တပ်သားတစ်ယောက်အနေနဲ့)
တစ်ခွန်းစနှစ် ခွန်းစဆိုသလို ခပ်လှမ်းလှမ်းက
ဝိုင်းကူဝင်အော်ခဲ့ကြသေးတာကလား။ မြစ်ဆုံ၊ လျှပ်စစ်မီး၊
နိုင်ငံရေးအကျဉ်းသား၊ အဖိုးနည်းဖုန်း၊ ကချင်၊ ရခိုင်၊ လက်ပံတောင်းနဲ့
သိမ်းဆည်းခံမြေယာ ဘာညာ စသည်ဖြင့်...။
သိပ်မဆိုးဘူး။ ကျွန်တော်တို့
ပြည်သူတွေဘက်က ဘ၀င်ကျခဲ့တာတွေလည်းရှိ၊ အစာမကျေဖြစ်ရတာတွေလည်းရှိ။
အပြီးအပြတ် အောင်မြင်ခဲ့တာတွေလည်းရှိ၊ လိပ်ခဲတည်းလည်းဖြစ်နေတာတွေလည်းရှိ။
ဒါ့အပြင် အစိုးရရော ပြည်သူတွေပါ နှစ်တန်နှစ်ဝစလုံးက သဘောထားတူမျှခဲ့ကြတာ
တချို့လည်း မရှိမဟုတ် ရှိတော့ရှိခဲ့တာပဲမဟုတ်လား။
အဲဒါကြောင့်ပြောတာ
ကျွန်တော်ဘ၀င်မြင့်ချင်သလို ဖြစ်ခဲ့တာလည်း ဒါပဲနေမယ်။ အရင်လိုဆို
ကျွန်တော်တို့ကြိုက်တာ မကြိုက်တာထက် အစိုးရက သူတို့
စိတ်ကြိုက်ဖြစ်ဖို့ပဲလိုတယ်။ကျွန်တော်တို့ဆန္ဒပါတာ မပါတာထက် အစိုးရက
သူ့ဆန္ဒအတိုင်း ဇွတ်အတင်း တစ်ဖက်သတ် ရွေး ချယ်ချမှတ်ပြီး သူလုပ်ချင်တာကို
အကောင်အထည်ဖော်လိုက်ဖို့ အဓိကပဲ။ ကျိုးကြောင်းညီညွတ်စွာနဲ့ စေဒကတက်
ထောက်ပြဝေဖန်ဖို့ နေနေသာသာလွတ်လပ်စွာ သဘောထား
ကွဲလွဲခွင့်လေးတောင်ရခဲ့တာမှမဟုတ်တာ။ ဘာပဲဖြစ်ဖြစ် ခုတော့
တစ်ဝက်တိတိလောက်တောင် ၀မ်းသာကျေနပ်စရာတွေရှိလာပြီလို့ ပြောရမယ့်အခြေအနေ။
အေးလေ အားလုံးရဲ့တူညီတဲ့ရည်မှန်းချက်ပန်းတိုင်ဟာ
ဒီမိုကရေစီအောင်မြင်ရေးဖြစ်တာမို့ ဒီကနေမှ အစိုးရရော၊ ပြည်သူတွေပါ
အားလုံးပါဝင်လက်တွဲပြီး တက်ညီလက်ညီ ချီတက်သွားကြရင်းနဲ့ ခေတ်မီဖွံ့ဖြိုး
သာယာတဲ့ နိုင်ငံတော်သစ်ကြီးလည်း မနှေးအမြန် ဖြစ်ထွန်းပေါ် ပေါက်လာရတော့မှာ
မလွဲမသွေပဲပေါ့။
သို့ပေမဲ့ ဒီမိုကရေစီအောင်မြင်ဖို့ဆိုတာ
အားလုံးနဲ့သက်ဆိုင်တဲ့အရေးမို့ အစိတ်အပိုင်းတစ်ရပ်လောက်ပဲ
ပူးပေါင်းတတ်ရုံနဲ့ ဒီမိုကရေစီပန်းတိုင်ဆီရော၊ တိုင်းပြည်ရဲ့
ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုဆီပါ ရောက်ရှိမှာ မဟုတ်ဘဲ
ပြည်သူတစ်ရပ်လုံးကအသိစိတ်ဓာတ်
ရှိရှိနဲ့ လက်တွဲပါဝင်ပြီး ခရီးတွင်လိုစိတ်တွေထက် သန်နေဖို့အရေးကြီးလာတယ်ပြောရပါမယ်။ ဒါကြောင့်ပဲ သမ္မတကြီးက ၂၀၁၃ ခု၊
မတ်လ
၃၁ ရက်မှာ ပြောကြားခဲ့တဲ့ သူ့ရဲ့ရေဒီယိုမိန့်ခွန်းထဲ ... “တတိယအချက်ကတော့
တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်
ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ ဖြစ်ပါတယ်။ “ရေမြင့်ရင် ကြာတင့်တယ်”
ဆိုသလို တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရင် တိုးတက်သလောက်
ပြည်သူများရဲ့ လူမှုစီးပွား ဘ၀ဟာလည်း မြင့်မားလာမှာဖြစ်ပါတယ်”
လို့ထည့်သွင်းပြောကြားသွားခဲ့တာကို ကျွန်တော်အထူးတလည် သတိထားမိခဲ့တယ်။
ဒီလိုဆို
ကျွန်တော်တို့အနေနဲ့ ရေမြင့်လာမယ့်အခြေအနေမျိုးကို ရောက်ရှိအောင် ဘယ်နေရာ
ဘယ်ကဏ္ဍကနေ ပါဝင်စွမ်းဆောင် ကြိုးပမ်းသွားသင့်ကြမလဲဆိုတာ ကိုယ်စီကိုယ်ငှ
မေးခွန်းထုတ်ကြည့်ရတော့မယ်ထင်ပါတယ်။ သမ္မတကြီးက ဘာတွေ ဘာတွေ
ဝင်လုပ်ဝင်ကိုင်ကြပါလို့တော့ သူ့မိန့်ခွန်းမှာ
အသေးစိတ်ပြောသွားတာမရှိပေမယ့် ကျွန်တော် နားလည်သလိုပြောရရင်
တာဝန်ကျေပွန်တဲ့ နိုင်ငံသားတစ်ယောက်ဖြစ်ဖို့ဆိုတာ လွှတ်တော်အမတ်မှ
မဟုတ်ပါဘူး၊ ရာထူးရာခံရှိမှ မဟုတ်ပါဘူး။ သာမန်ပြည်သူတစ်ယောက်အဖြစ်နဲ့လည်း
တရားဥပဒေကို လေးစားလိုက်နာတာ၊ အများနည်းတူ စည်းကမ်းစောင့်ထိန်းရိုသေတာ၊
မှန်ရာဘက်က ရပ်တည်နိုင်စွမ်းပြီး မှားတဲ့ဘက်ကို ကန့်ကွက်ပြောဆိုရဲတာ၊
ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်
ရပ်ရွာတည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူကို အနှောင့်အယှက်ဖြစ်စေမယ့်
ဘယ်လို အပြုအမူလုပ်ရပ်မျိုးကို မဆို ကိုယ်တိုင်လည်းလိုက်နာ၊ ကြုံလာရင်လည်း
သင့်တော်ရာနည်းလမ်းတွေနဲ့ ဟန့်တားကာကွယ်တည့်မတ်ပေးတာတွေဟာ
မိမိတိုင်းပြည်ကို ကောင်းအောင်ကြိုးစားနေရာရောက်သလိုမို့
နိုင်ငံသားတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ ဂုဏ်အင်္ဂါအရည်အချင်းတွေလို့
မှတ်ယူရမှာဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ ဘယ်နေရာ ဘယ်ကိစ္စမျိုးမှာမှ
စိတ်ပါဝင်စားခြင်းလည်းမရှိ၊ လိုက်နာကျင့်ကြံဖို့လည်း မစဉ်းစားတဲ့အပြင်
ကိုယ်နဲ့ ဘာမှမဆိုင်သလို ဘာသိဘာသာ လုပ်နေပြီး “ခုချိန်ထိ ဘာတစ်ခုမှလည်း
တိုးတက်ပြောင်းလဲလာတာ မရှိပါဘူး”လို့ စိတ်ပျက်ညည်းတွားနေခြင်းဟာ
တာဝန်မဲ့နိုင်ငံသား တစ်ယောက်အနေမျိုးသာဖြစ်မှာမို့ ပမာဆောင်ပြရရင်
ကျက်အောင်ချက်နေတုန်းက မီးလည်းမမွှေး၊ ဆန်လည်းဝိုင်းမဆေးဘဲ ကျက်လို့
ခူးခပ်ပြင်ဆင်ပြီးချိန်ရောက်မှ အသင့်ဝင်စားတာနဲ့ အလား သဏ္ဍာန်တူနေမှာဖြစ်လို့
အနည်းဆုံးတော့ နိုင်ငံသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအဆင့်အတန်းကို
စောင့်ထိန်းမြှင့်တင်သင့်ကြပါတယ်။
အခုဆိုရင် ကျွန်တော်တို့
ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တခဲ့ကြတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ
အရောက်လှမ်းနိုင်ဖို့ရာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး
အမြန်ဆုံးဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ပါ။ နိုင်ငံအတွင်းမှာရှိနေတဲ့
အင်အားစုအသီးသီးက အတူတကွ ပူးပေါင်းလက်တွဲပြီး ရှေးရှုချီတက်နေပြီမို့လည်း
တစ်ကမ္ဘာလုံးရဲ့ အံ့အားသင့်ချီးမွမ်း ပြောဆိုမှုတွေကို ခံယူရရှိနေတာဟာ
မြန်မာတစ်မျိုးသားလုံးအတွက် ၀မ်းမြောက်ဂုဏ်ယူစရာပါ။
ပြုပြင်ပြောင်းလဲမူတွေကို အစပျိုးဖော်ဆောင်နေဆဲ ကာလလို့ ပြောရမယ့် ၂
နှစ်တာအတောအတွင်းမှာ သိသာတဲ့ တိုးတက်မှု အချို့ရှိလာတာကိုလှစ်လျူရှုထားဖို့
မသင့်သလို ပြည်သူလူထုအများစုကြီးရဲ့ ဘ၀အခြေအနေတွေ မည်မည်ရရ
ပြောင်းလဲမသွားသေးတာကိုလည်း ပြင်မရတဲ့အမှန်တရားမို့ ၀န်ခံဖို့ပဲရှိပါတယ်။
ဒါပေမဲ့
ထူးခြားချက်တစ်ခုလို့ မှတ်ချက်ပြနိုင်သလို စိတ်ပျက်
ဖွယ်လည်းဖြစ်ရတာက...ဒီမိုက ရေစီစနစ်နဲ့အညီ ပြည်သူဗဟိုပြု
ခေတ်ဆီကူးပြောင်းရောက်ရှိလာစေဖို့ တဖြည်းဖြည်းဖော်ဆောင်နေပြီး
မျှော်လင့်ရချိန်မှာပဲ လူထုအတွင်းက အချို့သောမငြိမ်သက်မှုတွေနဲ့
ကျူးလွန်ပျက်ကွက်နေမှုတွေဟာ အနုတ်လက္ခဏာသဘော မျိုးဆောင်နေတာကို
ဝမ်းနည်းဖွယ်တွေ့ကြရပြန်တယ်။
တိုင်းပြည်ကို
ပိုမိုကောင်းမွန်တဲ့စနစ်တစ်ခုနဲ့ အစားထိုးလဲလှယ်လိုက်ပြီဆိုမှ
ဒီနှစ်တွေအတွင်း မကြားဝံ့မနာသာ အမှုအခင်းကြီး
တွေနဲ့စည်းကမ်းဖောက်ဖျက်ကျူးလွန်မှုတွေပါ မြင့်တက်လာနေခြင်းဟာ ဟိုတစ်ချိန်က
အချို့တွေပြောခဲ့ကြသလို “ဒီမိုကရေစီများရရင်တော့” ဆိုတဲ့
စိုးရိမ်မကင်းဖြစ်ခဲ့သံတွေကို ပြန်အမှတ်ရလာစေပါတယ်။ ဒါ့အပြင်
တရားဥပဒေစိုးမိုးမှုရှိလာစေရေးအတွက် နည်းလမ်းရှာကြံနေခိုက်မှာပဲ ဗြောင်ကျကျ
စိန်ခေါ်အကဲစမ်းမှုခံနေရတဲ့ မတည်မငြိမ်ဖြစ်မှုတွေကလည်း မသမာသူလူတစ်စုရဲ့
သွေးထိုးလှုံ့ဆော်မှုတွေကြောင့်လို့ ယူဆဖွယ်ဖြစ်နေတဲ့တိုင်
စဉ်းစားချင့်ချိန်မှုနည်းပါးစွာ သွေးဆူခဲ့ကြတဲ့ ပြည်သူအချို့ရဲ့
မရင့်ကျက်မှုအားနည်းချက်တွေက မရှိတာထက်မသိတာပို ခက်တယ်ဆိုတာလို
လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီအတွက်တော့ အန္တရာယ်မသေးလှတဲ့
အနှောင့်အယှက်အတားအဆီးတွေပဲဖြစ်ပါ တယ်။
ဒါကြောင့်
ပိုင်းခြားသိမြင်နိုင်စွမ်းအတွက် ရင့်ကျက်မှုရှိလာစေဖို့ ဆိုရင်
လေ့လာသင်ယူမှုနဲ့ ထိုက်သင့်သလို ဖတ်မှတ်စူးစမ်းမှုတွေ ပြုရမယ့်အပြင်
တိုင်းပြည်ကြုံတွေ့နေရတဲ့ အရေးကို ကိုယ့်အရေးလို့ ခံယူသဘောထားရမယ့်အစား
မဆိုင်သလို မသိဘာသာနေသွားဖို့လည်း မသင့်ကြပါဘူး။
ငေးငိုင်အိပ်ငိုက်နေခြင်းကြောင့် ခါးပိုက်နှိုက်အန္တရာယ်နဲ့ ကြုံရနိုင်သလို
လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက် မရောက်ဘဲ မှတ်တိုင်ကျော်သွားတဲ့
အဖြစ်မျိုးတွေနဲ့လည်းရင်ဆိုင်ရနိုင်တာ သတိကြပ်ကြပ်ထားသင့် ကြပါတယ်။
ကုန်ကုန်ပြောရရင် အရာရာကို အမှုမဲ့အမှတ်မဲ့မနေ ကြဘဲ
တီးမိခေါက်မိရှိထားနိုင်တော့ တိုင်းပြည်ကောင်းရာကောင်းကြောင်းအတွက် တစ်ခုခု
မလုပ်ပေးနိုင်ရင်တောင်မှ အနှောင့်အယှက်မဖြစ်အောင်
ရှောင်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီနေရာမှာ
ရက်ပိုင်းအတွင်းက ဖတ်လိုက်ရတဲ့ ကြေးမုံသတင်းတစ်ပုဒ်ဟာ ထိုင်းမှိုင်းတွေဝေ
အိပ်ငိုက်နေသူတွေအတွက် ပြက်လုံး တစ်ခုဖြစ်နိုင်တဲ့အလျောက် ငိုအားထက်
ရယ်အားသန်စရာလည်း ကောင်းနေမယ်ထင်ပါတယ်။ သတင်းထဲမှာ မြို့နယ်တစ်ခုက
အထွေထွေအုပ်ချုပ်ရေးမှူးရုံးဆီ ကျပ်ငွေ ၁၅၀၀ သက်သာဖုန်းနဲ့ ပတ်သက်တဲ့
တိုင်စာအချို့ရောက်လာတယ်လို့ဆိုတယ်။ ပွင့်လင်းကျယ်လောင်လှတဲ့
သတင်းခေတ်ကြီးဖြစ်နေပါလျက် ဘယ်လောက်များနမော်နမဲ့နိုင်ကြသလဲဆိုရင်
သူတို့စိတ်ထဲ
ဆင်းမ်ကတ်တွေကို နိုင်ငံတော်က အခမဲ့ဝေငှတယ် အထင်နဲ့
မဲပေါက်လို့ ငွေသွင်းရတဲ့ ကိစ္စအပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျပ် ၁၅၀၀
တောင်းခံနေတာ မကျေနပ်လို့ပါတဲ့။ ကဲ... ကောင်းရောမဟုတ်လား ။ တကယ်ဆို
တာဝန်ရှိသူတွေရဲ့မှားယွင်းလွဲချော်မှုတွေကို ဖော်ထုတ်နိုင်ဖို့ မှန်မှန်ကန်
ကန်စောင့်ကြည့်ထောက်လှမ်းနိုင် ရမယ့်အစား မျက်စိနဲ့နားတွေကို
အလွဲသုံးစားထားခဲ့ကြတဲ့ အကျိုးရလဒ်ပဲပေါ့။
ဒီသတင်းကြောင့်ပဲ
မကြာသေးမီတွေ့ခဲ့ရတဲ့ စာတန်းလေးတစ်ခုအကြောင်း ဆက်စပ်တိုက်ဆိုင်နေလို့
ပြောလိုက်ရပါဦးမယ်။ ကျွန်တော်ရောက်ခဲ့တဲ့လမ်းဆုံလမ်းခွတစ်နေရာက
ဂျာနယ်အရောင်းဆိုင်လေးမှာပါ။ ကျွန်တော်လည်း လမ်းကြုံဝင်ဝယ်ရင်းဆိုင်
ရှေ့နားအရောက်မှာ ဒီစာတန်းကြောင့် အံအားသင့်ရသလို စိတ်လည်းဝင်စားသွားမိတယ်။ ကွန်ပျုတာစာလုံးကို ပလတ်စတစ်လောင်း
လို့
“အချပ်ပိုယူကြည့်ခြင်းသည်းခံပါ” တဲ့ဗျာ။ ကျွန်တော် ဒီအတိုင်းတော့
ဘယ်ပြန်ထွက်ခဲ့မလဲစာရေးဆရာပီသအောင် လက်တင်သရမ်းရုံမက အမေးအမြန်းလေးနဲ့ပါ
လျှာရှည်ပစ်လိုက်တယ်။
သူ့စကားအတိုင်းကျွန်တော်ပြန်ပြောပြပါမယ်။
“အစ်ကိုစဉ်စားကြည့် ဂျာနယ်လည်းတစ်ခါမှ ၀ယ်ဖတ်တာမဟုတ်ဘူး။ ညဘက်
ဘောပွဲလောင်းပြီး မနက်ကိုယ်က လူရှုပ်နေချိန်ဆိုရောက်လာကြပြီ။
အချပ်ပိုတောင်းပြီး အနိုင်အရှုံး ကြည့်တာလေ။ အချပ်ပိုချည်းပဲ ရောင်းလို့
မရဘူးလားဆိုတာကပါ သေးတယ်..တကယ်” ကြားတဲ့အတိုင်းပါပဲ။ ကျွန်တော် သူ့ဘက်ကလည်း
မကာကွယ်ချင်ဘူး။ ရှေ့နေလည်းမလိုက် ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ
အသိပေးစရာတစ်ခုတော့ရှိနေတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံကို
အကူအညီတွေလည်း မြောက်မြားစွာပေး၊ အကြွေးတွေလည်းလျော်ပစ်ခဲ့တဲ့
ဂျပန်နိုင်ငံက ထိပ်တန်းသတင်းစာကြီးတွေဖြစ်ကြတဲ့ အဆာဟိရှင်ဗွန်း၊
မိုင်နိုချိရှင်ဗွန်းနဲ့ ယိုမိအူရိရှင်ဗွန်းတို့ရဲ့ နေ့စဉ်ထုတ်စောင်ရေဟာ ၅
သန်းကနေ ၁၀ သန်းကြားတောင်ရှိလေသတဲ့။ ဟုတ်မှာပဲ ဒါကြောင့်သူတို့ ကမ္ဘာ့
အတိုးတက်ဆုံးနိုင်ငံကြီးတစ်ခုဖြစ်နေတာဘာဆန်းတော့မှာလဲ။
မြန်မာပြည်မှာ ဒီမိုကရေစီအောင်မြင်ရေးနဲ့ ထိုက်သင့်သလို ဖွံ့ဖြိုးတိုးတက်လာဖို့ အချပ်ပိုသမားတွေများနေမှာပဲစိုးတယ်။
ရေးသားသူ- အာဝါသ - 7Day News Journal
Subscribe to:
Post Comments (Atom)
Post a Comment