0
ရန်ကုန်၊ ဧပြီ ၂

ကလေးငယ် ၁၃ ဦးသေဆုံးခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ် ၄၈ လမ်းရှိ ဆွာဒီတီးယားဗလီ မီးလောင်မှုမှာ မီးအားမြှင့်စက် အပူလွန်ကဲ ရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဗလီ တာဝန်ရှိသူ ဝန်ခံခဲ့ပြီး အခြားတာဝန်ရှိ သူတစ်ဦးမှာမူ ထွက်ပြေးတိမ်းရှောင် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးဝင်းနိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ဧပြီ ၂ ရက်နေ့ ညနေပိုင်းက အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဒုတိယ အကြိမ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ် သည်။
"ဗလီက တာဝန်ရှိသူ ဝန်ခံထားတဲ့ အသံဖိုင်တွေလည်း ရှိတယ်။ ဗီဒီယိုမှတ်တမ်း လည်း တင်ထားတယ်" ဟု ရဲမှူးကြီးဝင်းနိုင် က ရှင်းပြသည်။

ယင်းတာဝန်ရှိသူနှစ်ဦး အနက် ဦးဇေယျာဖြိုးဆိုသူကို ထိန်းသိမ်းကာ
ဆက်လက်စစ်ဆေး နေပြီး နောက်တစ်ဦး ဖြစ်သူ ဦးခင်မောင်အေးဆိုသူမှာ ထွက်ပြေး နေခြင်းဖြစ်သည်။

မီးလောင်မှုမှာ မီအားမြှင့်အပူ လွန်ကဲပြီး မီးစတင်လောင်ခဲ့ရာ ယင်း မီးအားမြှင့်စက်နှင့် အနီးဆုံးတွင် အိပ်နေသော ကလေးငယ်ဝေယံဖြိုးက အစောဆုံး မြင်တွေ့သဖြင့် တာဝန်ရှိလူကြီးများကို အော်နှိုးခဲ့သော်လည်း ရုတ်တရက် မနိုးခဲ့ကြောင်း၊ လူကြီးများ နိုးလာသောအခါ မီးလောင်ကျွမ်းနေပြီဖြစ်ရာ ဦးဇေယျာဖြိုး ဆိုသူက စောင်ကို ဗလီတွင် ခြေ၊ လက်ဆေး ရန်ထားသော ရေဖြင့်ပက်၍ မီးအားမြှင့် စက်ကိုငြှိမ်းသတ်ခဲ့သော်လည်း မီးကိုမငြှိမ်း နိုင်ခဲ့ကြောင်း ကလေးငယ်များ အပါအဝင် ဗလီတာဝန်ရှိသူ ဦးဇေယျာဖြိုး၏ ပြောဆို ချက်ကို ကိုးကား၍ ရဲမှူးကြီးကရှင်းပြသည်။
"မီးအားမြှင့်စက်ရဲ့အောက်မှာ မီးစက်အတွက်သုံးတဲ့ ဒီဇယ်ဆီဘူးရှိတယ်။အဲဒီက ဆီတွေက စောင်တွေကိုစိုသွားတာ။ အဲဒါကြောင့်ဒီဇယ် အနံ့တွေရတာ။ အပြင်က ပစ်သွင်းပြီး မီးရှို့ခဲ့တာမဟုတ်ဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဒီဇယ်စိုနေသောစောင်နှင့် မီးလောင်ကျွမ်း ခဲ့သော ဒီဇယ်ဘူးကို သက်သေအဖြစ် ပြသခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အစ္စလာမ် ဘာသာဝင်ခေါင်းဆောင် အချို့ကို မေးမြန်းခဲ့သော်လည်း မှတ်ချက်ပေးရန် စောနေသေးကြောင်းသာ ဖြေဆိုကြသည်။

စစ်ဆေးတွေ့ရှိချက်များကို အစ္စလာမ် ဘာသာရေးအဖွဲ့ ကြီးငါးခုကို ရှင်းလင်းပြီး ဖြစ်ပြီး နောက်ဆုံး တွေ့ရှိချက်များကို ထပ်မံရှင်းပြ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။
The Voice Weekly

Post a Comment

 
Top