0
အစိုးရသို့ အခွန် ထမ်းဆောင်ရာတွင် တရားဝင် အခွန် တိမ်းရှောင်ခွင့် ရရှိထားသည့် ကုမ္ပဏီများ ယခင်က ရှိခဲ့သော်လည်း ယခု လုံးဝ မရှိတော့ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်က ကုန်သည် စက်မှု အသင်းချုပ် ရုံး၌ စီးပွားရေး လုပ်ငန်းရှင် အများစုနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တွေဆုံပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များက အခွန် တိမ်းရှောင်ခွင့် ရရှိထားသည့် ကုမ္ပဏီများ ရှိနေသည်ဟု ဆိုခြင်းကို ပြည်တွင်း အခွန်များ ဦးစီးဌာနက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။


ယခင်က တပ်မတော် အရာရှိကြီးများ ပိုင်ဆိုင်သည်ဟု ဆိုသော မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက် ကုမ္ပဏီကို ၂၀၀၅ ခုနှစ်မှ စတင်၍ ကုန်သွယ် လုပ်ငန်းခွန်နှင့် ပတ်သက်ပြီး တရားဝင် အခွန် ကင်းလွတ်ခွင့် ပေးခဲ့ရာမှ ယခု အရပ်သား အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်ကာ အခြား စီးပွားရေး လုပ်ငန်းရှင်များ နည်းတူ ပြန်လည် အခွန် ထမ်းဆောင် စေခဲ့သည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးက ဆိုသည်။
ယင်းကဲ့သို့ တန်းတူ ညီမျှ အခွန်ဆောင်ရန် သတ်မှတ် လိုက်ခြင်းက ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း ပြိုင်ဆိုင်မှုတွင် မျှတမှု ရှိလာနိုင်ပြီး ဒေသတွင်း ကုန်ထုတ် စွမ်းအားနှင့် အရည်အသွေး များလဲ တိုးတက်မြင့်မား လာနိုင်စေရန် အတွက် ရည်ရွယ်ကြောင်း ၄င်းကဆိုသည်။
ထို့အပြင် လက်ရှိ အသေးစား ၊ အလတ်စား စီပွားရေး လုပ်ငန်းများ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများတွင် ကောက်ခံနေသော အခွန် နှုန်းထားများမှာ ခေတ်စနစ်နှင့် ကိုက်ညီမှု မရှိတော့ခြင်း၊ နှုန်းထားများ ကြီးမြင့်နေခြင်း၊ ကောက်ခံမှု ပုံစံ မမျှတခြင်းများ ရှိနေသဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု စနစ် ပေါ်ပေါက်လာပါက ပြည်ပမှလာမည့် လုပ်ငန်းရှင်များကို ယှဉ်ပြိုင်နိုင်ရန် အခက်အခဲ များစွာ ရှိကြောင်း ကုန်သည် စက်မှု အသင်းချုပ်မှ လုပ်ငန်းရှင်များက ဆိုသည်။
“ဦးပိုင်သာ မကပါဘူး။ အခြားသော အစိုးရပိုင် စီးပွားရေးတွေက ကောက်ခံနေတဲ့ အခွန် နှုန်းထားတွေက တစ်မျိုးစီ ဖြစ်နေတာတွေ လဲရှိတယ်။ ဒါဆို တန်းတူ ညီမျှ လုပ်သင့်နေပြီ။ လုပ်မယ်ဆိုရင်တောင် အခု နှစ်နှစ် ရှိနေပြီ။ ဒီနိုင်ငံရဲ့ ဈေးကွက် စီးပွားရေး စနစ် ပီပြင်ဖို့ ဒါဟာ နောက်ကျနေပြီလို့တောင် ပြောလို့ရတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည့်မြင့်က ပြောကြားသည်။
“အခွန် ရှောင်တယ်ဆိုတာ နိုင်ငံတကာမှာလဲ ရှိတယ်။ အခုထိ ကိုင်တွယ် ပုံတွေက မတူကြဘူးလေ။ ခေတ်က ပြောင်းသွားပြီလေ။ အရင်က ရသင့် ရထိုက်တာတွေ မရခဲ့တာတွေ၊ သူများထက် အခွင့်ထူး ခံရခဲ့တာတွေ လက်ညှိုးထိုးပြီး ပြန်ပြောနေလို့ ဘာမှ မထူးပါဘူး။ ရှေ့ဆက်သွားရမယ်။ အနာဂတ်မှာ အဲဒီလို မဖြစ်အောင် ထိန်းသိမ်းရမယ်” ဟု ကုန်သည် စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လေး က ပြောကြားသည်။
ကော့မှူးမြို့နယ် ပြည်သူ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အခွန် ကောက်ခံမှုနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မျှမျှ တတ စဉ်းစားပေးရန် လိုအပ်ကြောင်း၊ နိုင်ငံသားတိုင်း အခွန်သည် မိမိအတွက် ကောက်ခံခြင်းဖြစ်သည်ကို သိထားရန် လိုအပ်ကြောင်း၊ အစိုးရ အနေဖြင့်လည်း ပွင့်လင်း မြင်သာစွာ အခွန် ကောက်ခံရန် ဆောင်ရွက်သင့်ကြောင်း သူရဦးရွှေမန်းနှင့် လုပ်ငန်းရှင်များ တွေဆုံသည့်ပွဲတွင် တိုက်တွန်း ပြောကြား ခဲ့သည်။
ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အခွန် ၀န်ထမ်းနှင့် လုပ်ငန်းရှင် ထိတွေ့ရန် မလိုသော ၀င်ငွေခွန်အား မိမိဘာသာ မိမိ ကြေညာသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးတော့မည်လည်း ဖြစ်သည်။ ယင်း စနစ် အောင်မြင်ပါက ပြည်တွင်း၏ အခွန် ၀င်ငွေ ပမာဏ ယခုထက် ပိုမိုတိုးပွား လာနိုင်ဖွယ် ရှိသည်ဟု ကျွမ်းကျင်သူတို့က သုံးသပ်သည်။
နှစ်အလိုက် ပြည်တွင်း အခွန် ဦးစီး ဌာနမှ အခွန် ကောက်ခံရရှိမှု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၅၀,၀၀၀ ကျော်ရရှိခဲ့ပြီး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၂,၅၀၀,၀၀၀ နီးပါး ရရှိခဲ့ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပြန်သည်။

Post a Comment

 
Top