သားဖွားမီးယပ်ဆိုင်ရာ
အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်မြမြကို ဖန်ပြွန်သန္ဓေသားဆိုင်ရာ
သိမှတ်ဖွယ်ရာများ အကြောင်းသွားရောက် တွေဆုံမေးမြန်းဖြစ်ခဲ့သည်များအား
ဖော်ပြအပ်ပါသည်။
မေး။ ။ ဖန်ပြွန်သန္ဓေသားနည်းဆိုတဲ့အဓိပ္ပါယ်ကို ရှင်းပြပေးပါ ဆရာမကြီး၊ နောက် သူ့မှာ နည်းပညာ ဘယ်နှစ်မျိုး ရှိပါသလဲ။
ဖြေ။ ။
ပထမဦးဆုံး ဖန်ပြွန်သန္ဓေသားနည်း အပါအ၀င်ဖြစ်တဲ့ စကားရပ်ကို
နည်းနည်းရှင်းပြချင် ပါတယ်။ ဖန်ပြွန်သန္ဓေသား ပြုလုပ်တာဟာ အုပ်စုတစ်ခုထဲမှ
တစ်ခုဘဲ ဖြစ်တယ်ဆိုတာ ပြောချင်တာပါ။ အဲ့ဒါကဘာလဲဆိုတော့ မျိုးဆက်ပွား
ကျန်းမာရေး အထောက်အကူနည်းများ Assisted Reproductive Technique(ART)လို့
ခေါ်ပါတယ်။ ARTနည်းမှာ ၁၄မျိုး၁၅မျိုး ပါဝင်တာထဲကမှ အထင်ပေါ်ဆုံး
တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း တော်တော်များများ လက်လှမ်းမီ
နေပါပြီလို့ ပြောချင်ပါတယ်။
မေး။ ။ ခေတ်မီ နည်းပညာနဲ့ သန္ဓေသားရယူရာမှာ တွေကြုံရတဲ့ အခက်အခဲ ကို ပြောပြပေးပါ။
ဖြေ။ ။
အခက်အခဲများစွာ ရှိပါတယ်၊ ဇနီးမောင်နှံတို့ရဲ့အခက်အခဲရယ်၊ကုသပိုင်းဆိုင်ရာ
လူတစ်စုရဲ့ အခက်အခဲရယ်နှစ်ပိုင်းရှိပါတယ်၊ဇနီးမောင်နှံဖက်မှာဆိုရင်
ပထမဆုံးသူတို့လေးတွေအနေနဲ့ ဖန်ပြွန်သန္ဓေသား လုပ်ဆောင်မည်
မလုပ်ဆောင်မည်ဆိုတာ အဖက်ဖက်မှ ဆုံးဖြတ်ပြီး စဉ်းစားရပါတယ်။ ဥပမာ
အချိန်တော်တော် ပေးရပါတယ်၊ စိတ်ရှည်ရပါတယ်၊ ဆရာဝန်ချိန်းတဲ့
အချိန်သွားဖို့၊ ဆရာဝန်က ဒီကိစ္စအတွက် အချိန်မတော် ချိန်းရတာလည်းရှိတယ်၊
ငွေကြေးတော်တော်ကုန်ကြပါတယ်။ နယ်ကဇနီးမောင်နှံတွေဆို မိမိအိမ်ကအလုပ်တွေ
ပစ်ပြီး လာနှိင်မှ ဖြစ်မှာ။
မေး။ ။ သန္ဓေသားရဖို့အတွက်ရာခိုင်နှုန်းဘယ်လောက်များသေချာမှုရှိပါသလဲ။
ဖြေ။ ။
ကံကောင်းရင်တော့ ပထမအကြိမ်မှာအောင်မြင်နိုင်သလို၊ ကံမကောင်းရင်တော့ ၂ခါ၊
၃ခါ တောင်
အောင်မြင်ချင်မှအောင်မြင်မယ်။ဘာဖြစ်လို့လဲဆိုတော့ရာခိုင်နှုန်းအောင်မြင်မှုအကောင်းဆုံးဟာ
၃၀ ရာခိုင်နှုန်း၊ ၄၀ရာခိုင်နှုန်းကြားမှာ ရှိပါတယ်။ မိမိက မအောင်မြင်တဲ့
၆၀ရာခိုင်နှုန်း ၇၀ရာခိုင်နှုန်းထဲ ပါဝင်နိုင်တာကြောင့်ရယ်၊
ဇနီးမောင်နှံနှစ်ဦးစလုံး ကျန်းမာရပါမယ်၊ စိတ်ဓါတ် မကျဖို့လည်း လိုပါတယ်။
မေး။ ။ ကုသမူအပိုင်းက အခက်အခဲတွေကိုလည်း သိချင်ပါတယ်။
ဖြေ။ ။
ကုသပိုင်းမှာအခက်အခဲတွေကမျာပြားလှပါတယ်၊ အခုBFCပြုစုပျိုးထောင်တဲ့
အခက်အခဲတော့ မပြောတော့ပါဘူး၊ အခုလောလောဆယ်ဇနီးမောင်နှံကစပြီး
ဖန်ပြွန်သန္ဓေသားပြုလုပ်ချင်တယ်ဆြို့ပီး စလာတဲ့ နေရာက စပြီးပြောကြပါစို့။
ဇနီးမောင်နှံပထမဆုံးသားဖွားမီးယပ်ဆရာဝန်နဲ့ တွေ့ပြီဆိုရင် ထိုသူနှစ်ဦးရဲ့
ဆေးနဲ့ပတ်သက်တဲ့ ရာဇ၀င်ကိုစပြီး ယူရပါတယ်။
တော်တော်ကိုနှိုက်နှိုက်ချွတ်ချွတ်မေးရပါတယ်၊ အချိန်တစ်နာရီကျော်ပေးရပါတယ်၊
ဆေးရာဇ၀င်မေးတဲ့ Formပုံစံလည်း ရှိပါတယ်၊ ဒါကိုဖြည့်တဲ့အပြင်
အခြားမေးခွန်းတွေလည်း မေးရပါတယ်။အမျိုးသားရော အမျိုး သမီးကိုပါ အသေးစိတ်
စမ်းသပ်ရပါတယ်၊ ဒါအချိန်နဲ့ပက်လို့ ပေးရတဲ့အခက်အခဲပေါ့။
နောက်စမ်းသပ်ပြီးတဲ့အခါ မယ်သွေးစစ်တာ တော်တော်မျာများပြုလုပ် ရပါတယ်၊
ဆီးဝမ်းစစ်တာ၊ အမျိုးသားသုတ်ပိုးစစ်တာ၊Ultra Sound
စစ်ဆေးတာတွေပြုလုပ်ရပတယ်။အထူးသဖြင့်ဇနီးမောင်နှံရဲ့
ယခင်ကလေးမရနိုင်တဲ့အကြောင်းကို မည်သူက
ပြဖူးခဲ့သလဲမည်ကဲ့သို့စစ်ဆေးမှုခံယူဖူးသလဲ ဆိုတာတွေမေးပြီးစစ်ဆေးပြီးသား
မှတ်တမ်းတွေကို သေသေချာချာလေ့လာပြီးမှ ဇနီးမောင်နှံကိုစမ်းသပ်ရပါတယ်။
မေး။ ။ အမျိုးသားနဲ့အမျိုးသမီးဆီက မျိုးဥရယူပုံလေး သိချင်ပါတယ်။
ဖြေ။ ။အမျိုးသားကိုစစ်ဆေးရတာနဲ့
အမျိုးသားဆီကသုတ်ပိုးရယူတာလောက်ပဲ အမျိုးသားက ခံစားရပါတယ်။ သို့သော်
အမျိုးသမီးဘက်မှာ တော်တော်တိတိကျကျနဲ့ ဆရာဝန်ပြောတာကို လိုက်နာရပါတယ်။
ဖန်ပြွန်သန္ဒေသားမပြုမီ အမျိုးသမီးကိုတိတိကျကျ သူ့ရက်နဲ့သူသောက်ဆေးလည်း
ပေးရပါတယ်။ ထိုးဆေးလည်းထိုးရပါတယ်။ ဒီသောက်ဆေးနဲ့
ထိုးဆေးများသုံးနေတဲ့အချိန် အတောအတွင်းမှာဘဲ အမျိုးသမီးကိုစပယ်ရှယ်
Ultrasoundခေါ် တဲ့ မိန်းမကိုယ်ထဲမှ ထည့်သွင်းတဲ့Ultrasound နဲ့ တစ်ခါတစ်လေ
နေ့စဉ် တစ်ခါတစ်လေရက်ခြားပြုလုပ်ရပါ တယ်။ဒီ Ultrasound ကြည့်ရာမှာလည်း
ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံရှိ ရပါမယ်။သို့မှသာ တိကျမှန်ကန်တဲ့
အဖြေတွေသိရမှာဖြစ်ပါတယ် အဲဒီလိုဆေးသောက်ဆေးထိုးတဲ့ သဘောကတော့ သာမန်အားဖြင့်
အမျိုးသမီး တစ်ဦးဟာ တစ်လလျှင် မမျိုးတစ်ဥပဲကြွေပါတယ်။
ဒီလိုဆေးသောက်ဆေးထိုးတဲ့ သဘောကတော့ အမျိုးသမီးကို
သားဥများများဖြစ်ထွန်းအောင်၊ ကြွေလာအောင် လုပ်တာပါပဲ။အဲဒီလို
သားဥများများရတဲ့အခါကျတော့မှ
အမျိုးသားရဲ့ဖိုမျိုးဥနဲ့စပ်တဲ့အခါမှာသန္ဓေသားပေါက် များများဖြစ်ထွန်းမှာ
ဖြစ်ပါတယ်။နောက်ဆက်ပြီး ပြုလုပ်ရမှာကတော့ အမျိုးသမီးရဲ့ ဗိုက်ထဲမှာရှိတဲ့
သားဥတွေကို ရအောင်ယူပြီး ခန္ဒာကိုယ်အပြင် ဖန်ပြားလေးထဲမှာ အမျိုးသားမျိုးဥ
နဲ့ စပ်ရပါတယ်။
မေး။ ။ ဖိုမမျိုးစေ့ ဆက်တဲ့အခါမှာ သုံးတဲ့ပစ္စည်းက ရှားပါးတယ်လို့သိရပါတယ်။ အဲဒီပစ္စည်းအကြောင်းကို ရှင်းပြပေးစေ လိုပါတယ်။
ဖြေ။ ။
အဲဒီမှာ ဘာအခက်အခဲတွေရှိပါလဲဆိုရင် အမျိုးသမီးမျိုးဥကို
စုပ်ယူတဲ့အခါမှာရယ် ဖိုမမျိုးစေ့ဆက်တဲ့အခါ မှာရယ် Culture Media
ဆိုတဲ့ပစ္စည်း လိုပါတယ်၊အဲ့ဒီ့ Culture Media ကဖို မမျိုးစေ့တွေ
ပကတိအတိုင်းမ ပျက်စီးစေ
ရန်နှင့်ကြီးထွားစေရန်ဖေါ်စပ်ထားတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်၊
ဒီပစ္စည်းကမြန်မာပြည်မှာလည်း ၀ယ်လို့ မရပါဘူး။အိမ်နီးနားခြင်း
တိုင်းပြည်တွေမှာလည်း မရှိတဲ့အတွက်ယခင်က Australia ကမှာ
ရပါတယ်။အခုမကြာသေးခင်က Denmark
ကပြုလုပ်တဲ့ Culture Media က ပိုပြီးကောင်းတယ်ပြောလို့ Denmark က
မှာရပါတယ်၊ အဲ့ဒီ့တိုင်းပြည်တွေကမှာပြီးတော့ ကျမတို့တိုင်းပြည်မှာသူတို့
ကိုယ်စားလှယ်တွေမရှိတဲ့အခါ တိုက်ရိုက်ပို့လို့မရပါဘူး၊
ဘန်ကောက်ကကိုယ်စားလှယ်တွေဆီကိုပဲ၊ ကုမ္ပဏီကပို့တယ်၊အဲ့ဒါကိုကျမတို့ရဲ့
လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်တိုင်အချိန်မီရရန် သယ်လာရပါတယ်။
မေး။ ။အချိန်မီဆိုတော့ သူတို့ရဲ့သက်တမ်းကဘယ်လောက်ပဲ ရှိပါသလဲ။
ဖြေ။ ။
အချိန်မီဆိုခြင်းကဒီ Culture Media တွေမှာ
သက်တမ်းရှိပါတယ်၊သူတို့ရဲ့သက်တမ်းဟာခြောက်ပတ် နဲ့ရှစ်ပတ်ကြားမှာ ရှိပါတယ်။
ရှစ်ပတ်ထက်အချိန်ကျော်သွားရင်အဲ့ဒီ့ Culture Media က
အာနိသင်မရှိတော့ပါဘူး။မိမိဒီ Culture Media ကိုသုံးချင်တဲ့အချိန်နဲ့
ကိုက်ညီအောင် တော်တော်လုပ်ယူရပါတယ်။Culture Media ကို
မမျိုးဥယူတဲ့အချိန်နဲ့ ဖိုမမျိုးဥစပ်တဲ့အခါနဲ့ ကိုက်ညီအောင် မှာရပါတယ်၊
မေး။ ။ဖို မမျိုးဥစပ်ပြီးသွားရင် ဆက်လက်လုပ်ဆောင်ရမဲ့အပိုင်းကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ဒီလိုမမျိုးဥထွက်တဲ့အချိန်ကလည်း
အမျိုးသမီးတစ်ဦးနဲ့ တစ်ဦးမတူပါဘူး၊ တစ်ချို့က စောပြီး မျိုးဥကြွေတာ
ရှိသလို၊တစ်ချို့က နောက်ကျမှကြွေတာလည်း ရှိပါတယ်။ နောက်တစ်ခုက မမျိုးဥ
ထုတ်ယူတဲ့အခါမှာ အမျိုးသမီးကို မေ့ဆေးပေးရဖို့။
အဲ့ဒီလိုဖိုမမျိုးဥတွေစပ်ပြီး သန္ဓေသားလေးတွေ ဖြစ်လာပြီ ဆိုရင်
သန္ဓေသားသက်နှစ်ရက် သုံးရက်မှာ သားအိမ်ထဲကိုပြန်ထည့်ပေးရတယ်။
နောက်သန္ဓေသားတည်အောင် ထိုးဆေးတို့ထည့်ဆေးတို့ အမျိုးမျိုးပေးရတယ်၊
နို့မို့ဆိုရင် သွေးဆင်းပြီး ကလေးပျက်ကျ တတ်ပါတယ်။
ဒီလိုဖန်ဲပွန်သန္ဓေသားတွေမှာ ကလေးပျက်နှုန်းက ၇ ရာခိုင်နှုန်းကနေ
၁၅ရာခိုင်နှုန်းရှိပါတယ်။ နောက်ပိုင်းလေးလကျော်သွားရင်
ကိုယ်ဝန်ကစိတ်ချရပြီဖြစ်တဲ့အတွက် ခါတိုင်း ကိုယ်ဝန်စောင့်ရှောက်သလိုပဲ
ဆက်လက် စောင့်ရှောက်ပြီး မွေးဖွားတဲ့အခါမှာလည်း အခြားကိုယ်ဝန်တွေနဲ့
မခြား ကုသပေးရပါတယ်။
မေး။
။ ကျင့်ဝတ်လို့ဆိုရင် ဆရာဝန်များနှင့်ပတ်သက်သည့် ကျင့်ဝတ်၊လူနာများနှင့်
ပတ်သက်သည့် ကျင့်ဝတ်နှင့် ဆေးရုံဆေးခန်းတွေနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်လို့
ခွဲခြားထားပါသလား။အဆိုပါ ကျင့်ဝတ်နှင့်ပတ်သက်တဲ့ ကျင့်ဝတ်တွေကို
သိချင်ပါတယ်ခင်ဗျ ။
ဖြေ။
။လူနာနှင့်ပတ်သက်တဲ့ ကျင့်ဝတ်ကတော့ အထူးမရှိပါဘူး။
ဆေးရုံဆေးခန်းနဲ့ပတ်သက်တဲ့ ကျင့်ဝတ်တွေရှိပါတယ်။
သို့သော်အရေးကြီးဆုံးတစ်ခုကိုပဲ ပြောပါမယ်။ အဲ့ဒါဘာလဲဆိုတော့ လူနာများရဲ့
အတွင်းရေးကိစ္စကို အပြင်လူမည်သူကမှ မပေါက်ကြားစေရပါ၊ စာရွက်စာတမ်းတွေဟာ အထူး
လျှိုဝှက်စွာ ထားရပါမယ်။ ဆရာဝန်များနဲ့ပတ်သက်တဲ့
ကျင့်ဝတ်များစွာရှိသည့်အနက် ထင်ရှားသော အချက်များကိုသာ တင်ပြပါမယ်။
(၁) လိင်ရွေးချယ်ခြင်း
ကလေး၏
လိင်ရွေးချယ်ခြင်း၊ ရောဂါအကြောင်းပြုပြီး ရွေးမယ်ဆိုရင် ရွေးနိုင်ပါတယ်
၊သို့သော်လူမှုရေး ကိစ္စကြောင့် တော့ရွေးပြီးဖြစ်အောင် လုပ်မပေးရပါဘူး၊
ရောဂါကြောင့်ဆိုရာမှာ တစ်ချို့ရောဂါတွေက အမျိုးသားမျိုးစေ့မှာပါ တတ်တယ်၊
တစ်ချို့ရောဂါတွေက အမျိုးသမီးပါတတ်တယ်၊ အဲ့ဒီလိုအခြေအနေမျိုးမှာ
ရောဂါကိုရှောင်နှိင်အောင် လိင်ကိုရွေးလို့ရပါတယ်။
(၂)သုတေသနပြုလုပ်ခြင်း
ဖန်ပြွန်သန္ဓေပြုလုပ်လို့ရတဲ့
သားပေါက်ကလေးကအများအပြား ပေါက်ပြီးမှနှစ်ခုသုံးခုသာ
သားအိမ်ထဲပြန်ထည့်ရတဲ့အခါမှာ ကျန်နေတဲ့သန္ဓေသားပေါက်တွေကို
နောက်ထပ်မသုံးတော့ဘူးဆိုရင် ထိုသန္ဓေသားများကိုသုတေသနပြုလုပ်မယ်ဆိုရင်
မိမိစိတ်ကူးတစ်ခုထဲနဲ့ လုပ်လို့မရပါဘူး Ethical Committe
ခေါ်တဲ့ကျင့်ဝတ်ကော်မတီရဲ့ ခွင့်ပြုချက် ယူပြီးမှ ပြုလုပ်နိုင်ပါတယ်။
(၃)သားဥနှင့်သန္ဓေသားပေါက်ရောင်းခြင်း
သားဥနှင့်သန္ဓေသားပေါက်များကို
စေတနာဖြင့် ပေးနှိင်လှူနှိင်ပါတယ်၊ အရောင်းအ၀ယ်ပြုလုပ်သည့်
သဘောမဖြစ်စေရပါ။သို့သော်သားဥပေးသောသူကို ကားခရီးစရိတ်(သို့) အလုပ်ပျက်၍
လျှောကြေး သဘောမျိုး ပေးနှိင်ပါသည်။
(၄)သန္ဓေသားပေါက်များလှူဒါန်းခြင်း
သန္ဓေသားပေါက်များလှူဒါန်းလျှင်လှူဒါန်းသူမည်သူမည်ဝါဆိုတာလက်ခံတဲ့သူကိုအသိမပေးရပါဘူး။အဲ့ဒီလိုလှူရန်လည်းဆက်သွယ်ခြင်းမပြုရပါ၊လည်းကောင်းသန္ဓေသားပေါက်မှကြီးပြင်းလာသည့်ကလေးသည်မိမိ၏မိဘအရင်းကိုသိချင်ပါလျှင်ပြောပြရပါမယ်။
(၅)သန္ဓေသားပေါက်များဖျက်ဆီးခြင်း
လူနာ၏သားအိမ်ထဲတွင်ကလေးနှစ်ယောက်ထက်များနေလျှင်ဥပမာ
သုံးလေးငါးမွှာပူးဖြစ်နေလျှင် သန္ဓေသား
နှစ်ဦးဘဲချန်လှပ်ပြီးပိုသောသန္ဓေသားများအား
ဖျက်ဆီးနှိင်သည်ဟုဆိုပါသည်။သိုသော သန္ဓေသားများစွာ သားအိမ်ထဲ
ပြန်မထည့်ပဲနှင့်သုံးလေးငါးမွှာ ပူးမဖြစ်အောင်ရှောင်ကျဉ်ခြင်းသာ
အကောင်းဆုံးဖြစ်ပါသည်။
(၆)အငှားမိခင်
အချို့အမျိုးသမီးများမှာအခြားအမျိုးသမီး၏သားအိမ်ထဲသို့ မိမိသန္ဓေသားပေါက်ကိုထည်စေပြီးကြီးပြင်းစေပါ
သည်။ ငွေကြေးပေးပြီးအငှားအမေသဘောကို ယူကေတွင် မလုပ်ရန်တားမြစ်ပါသည်။သိုသော်နောက်ပိုင်းတွင်
အရှေ့တိုင်းနိုင်ငံတွေမှာ ငွေကြေးပေးပြီး အငှားမိခင်ပြုလုပ်သူများရှိပါသည်။
မေး။ ။ မြန်မာနိုင်ငံတွင်ကျင့်သုံးသောခေတ်မီသန္ဓေသားရယူသော ကျင့်ဝတ်များရှိပါသလား။
ဖြေ။ ။မြန်မာနိုင်ငံတွင်ကျင့်သုံးသော
ခေတ်မီသန္ဓေသားရယူသောကျင့်ဝတ်များ မရှိပါ၊ မရေးဆွဲရသေးပါ။ သို့သော်
ဖန်ပြွန်သန္ဓေသားပြုလုပ်သောဆရာဝန်များကအခြားတိုင်းပြည်များမှကျင့်ထုံးများနှင့်ကိုက်ညီအောင်ပြုလုပ်နေပါတယ်။
မေး။ ။ ဥပဒေနှင့်နည်းဥပဒေများ တခြားနိုင်ငံတွေမှာ ဘယ်လို ကျင့်သုံးတယ်ဆိုတာ သိလိုပါတယ်။
ဖြေ။ ။အနောက်တိုင်းနိုင်ငံအားလုံးမှာပင်
ကျင့်ဝတ်ကျင့်ထုံးရေးဆွဲမထားပါ။ အမေရိကန်နိုင်ငံမှာပင်
တိုင်းပြည်တစ်ခုလုံးအတွက်ရေးသားထားတာမရှိပါ။မိမိတက္ကသိုလ်(သို့) Centre
တစ်ခု တစ်ခုမှမိမိတို့ဘာသာ ဆွဲ၍ပြုလုပ်ရပါတယ်။
အရှေ့တိုင်းပြည်တစ်ချိုမျာတော့ကျင့်ထုံးနဲ့မညီဘဲတစ်ချို့ကိစ္စများပြုလုပ်သည်ကိုလည်း
ကြားရပါတယ်။
(အခုလို မြစ်မခမှ သိလိုသမျှကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆရာမကြီးခင်ဗျား)
သန့်ဇင်ဝင်း(မြစ်မခ)
Post a Comment