0
 http://asiasociety.org/files/120918_aung_san_suu_kyi_cropped.jpg
တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နိုင်ဖို့ တက္ကသိုလ်ဥပဒေ ပညာရေးကနေစတင်ပြီး စိတ်ဓာတ်အဆင့်အတန်းမြင့်မားတဲ့ ဥပဒေပညာရှင်အဖြစ်ဘယ်လိုစံနှုန်းတွေနဲ့ ပြုစုပျိုးထောင်ပေးသင့် တယ်ဆိုတာကို ရည်မှန်းချက်ချမှတ်သင့်တယ်လို့ သိရပါတယ်။
တရားဥပဒေစိုးမိုးရေးမရှိရင် သည်နိုင်ငံဟာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်မလာနိုင်ဘူး။ နိုင်ငံသူနိုင်ငံသားတွေအတွက် အေးချမ်းသာယာမှုကို အာမခံနိုင်တဲ့နိုင်ငံတစ်ခုဖြစ်ဖို့ ဥပဒေစိုးမိုးရေးကို အင်မတန်မှအလေးထားရမှာပါ။ လူ့အခွင့်အရေးနဲ့ ဥပဒေနှစ်ခုစလုံးကို ကိုင်တွယ်လိုက်မှ တကယ့် ဥပဒေစိုးမိုးမှုဖြစ်မယ်၊ သည်လိုဥပဒေစိုးမိုးရေးရှိမှသာ နိုင်ငံသူနိုင်ငံသားတွေကို အေးချမ်းသာယာမှုပေး နိုင်မှာဖြစ်ပါတယ်။
ကျောင်းသားရွေးချယ်မှုက စပြင်ပါ
'နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုကိုအထောက်အကူပြုမယ့် ရှေ့နေတွေ၊ တရားသူကြီးတွေ၊ ဥပဒေပညာရှင် တွေ၊ ဥပဒေကျောင်းသား၊ ကျောင်းသူတွေကို ဘယ်လိုမွေးထုတ်မလဲဆိုတာဟာ အဓိကကျတဲ့ရည် ရွယ်ချက်တစ်ခုလို့ ရိုးရိုးသားသားတင်ပြချင်ပါတယ်' လို့ ဝတ်လုံတော်ရရှေ့နေအသင်းများ ထိပ်တန်း ကျင့်ထုံးများနိုင်ငံတကာနဲ့ ဒေသဆိုင်ရာကိုင်တွယ်ဖြေရှင်းနည်းအလုပ်ရုံ ဆွေးနွေးပွဲမှာ တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
ဥပဒေပညာရှင်တွေရဲ့လောက၊ ဥပဒေလောကကြီးတစ်ခုလုံး အဆင့်မြင့်လာဖို့အတွက် ဘယ်ကစမလဲ ဆိုလို့ရှိရင် ဥပဒေပညာသင်ပုံသင်နည်းကနေ စရမှာဖြစ်ပါတယ်။ ဥပဒေပညာသင်ပုံသင်နည်းဆိုတာ ဟာ တက္ကသိုလ်ပညာကို သင်တဲ့အခါဘယ်လိုတက္ကသိုလ်ကျောင်းသားတွေကို ရွေးချယ်မလဲဆိုတာက နေစရမှာပါ။ ဥပဒေပညာမှာ အားလုံးသိတဲ့အတိုင်းပဲ ဆယ်စုနှစ်ပေါင်းများစွာ ဥပဒေကျောင်းသူ၊ ကျောင်းသားတွေကို ရွေးပုံရွေးနည်းမမှန်ခဲ့တာကြောင့် ဥပဒေပညာကျောင်းသူ၊ ကျောင်းသားတော် တော်များများသည် ပညာကိုဂုဏ်ယူရမှန်းမသိ ဖြစ်လာတယ်လို့ဆိုပါတယ်။
'တက္ကသိုလ်မှာ ဘယ်လိုပုံစံနဲ့ အကောင်းဆုံးသင်ပေးမလဲဆိုတာ ဆုံးဖြတ်ပြီးတော့ သင်ပြီးသွားပြီဆိုတဲ့ အခါကျရင်လဲ ဥပဒေပညာရှင်တွေဟာ ဥပဒေပညာကိုသုံးပြီးတော့ ကျွန်မတို့ရဲ့လူ့အသိုင်းအဝိုင်း၊ ကျွန်မတို့ရဲ့နိုင်ငံကို ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာ ဆက်စဉ်းစားစေချင်ပါတယ်။ ဥပဒေပညာရှင်တွေ ရဲ့ဘဝက ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာ ကျွန်မတို့သိရသလို ဥပဒေပညာရှင်တွေကို အားကိုး ရတဲ့ပြည်သူပြည်သားတွေ ဘဝဟာလဲဘယ်လောက်ခက်ခဲတယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုပါ တယ်' လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
အရင်ကမြန်မာနိုင်ငံရဲ့ လူအများလေးစားကြ၊ အားကျကြတဲ့သူတွေဟာ ဥပဒေပညာရှင်တွေ ဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၊ ၄၀ ကျော်လောက်အတွင်းမှာ အခြေအနေပြောင်းခဲ့ပြီး ဘယ်သူကမှ ဥပဒေ ပညာသင်နေတဲ့ ကျောင်းသားတစ်ယောက်ကို လေးစားရမှန်း၊ အထင်ကြီးရမှန်းမသိတဲ့ အခြေအနေမျိုး ကို ရောက်ခဲ့ပါတယ်။ တရားဥပဒေရဲ့စိုးမိုးမှုကို ရယူနိုင်ဖို့ဆိုရင် အဲသည်အခြေအနေဟာ စပြုပြင်ရမယ့် အဓိကအချက် ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ဥပဒေပညာသင်ပုံသင်နည်း၊ ဥပဒေပညာအပေါ် ပြည်သူပြည်သားတွေရဲ့ အမြင်၊ ကျောင်းသူ၊ ကျောင်း သားတွေရဲ့ အမြင်မှာ ဥပဒေပညာဆိုတာ ဂုဏ်ယူရမယ့်ပညာဖြစ်တယ်ဆိုတဲ့အမြင်ကို ပြန်ပြီးဖွံ့ဖြိုးဖို့နဲ့ လေးစားအားကိုးမှုတွေ ပြန်လည်အမြစ်တွယ်ဖို့ ဥပဒေပညာရှင်တွေက စတင်ဆောင်ရွက်ရမယ့် အခြေ အနေကိုရောက်နေပြီလို့လည်း ဆိုပါတယ်။
လူထုအမြင်ပြောင်းလဲပေးဖို့လိုတယ်
ဒေါ်အောင်ဆန်းစုကြည်က 'ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေက တရားဥပဒေနဲ့ပတ်သက်လို့ လုံးဝအယုံ အကြည်မရှိကြပါဘူး။ ငွေများတရားနိုင်ဆိုတာက လက်သုံးစကားဖြစ်နေပါပြီ၊ အားလုံးက လာဘ်ထိုး နိုင်မှ၊ အဆက်အသွယ်ရှိမှ၊ တရားဆိုတာဟာ မရှိတော့ဘူး။ အာဏာအင်အားသြဇာနဲ့ အဲဒီလိုနည်းတွေ နဲ့မှကိုယ်ကနိုင်နိုင်မယ်၊ အဲဒီလိုနည်းနဲ့မှ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်မယ်ဆိုတဲ့ အမြင်တွေကို ကျွန်မတို့ ပြောင်းဖို့ဆိုလို့ရှိရင် ဥပဒေပညာရှင်တွေက ဥပဒေအဆင့်မြင့်ရုံတင်မကဘူး၊ စိတ်ဓာတ်အဆင့်လဲ မြင့်ဖို့ လိုပါတယ်။ အဲဒီတော့ ဒါကိုဘယ်လိုထိန်းမလဲ၊ ဥပဒေပညာရှင်တွေက စိတ်ဓာတ်မြင့်မားရေးကို ဘယ်လဲပုံစံနဲ့ လက်တွေ့ကျကျထိန်းထားမလဲဆိုတာကိုလဲ အများကြီးစဉ်းစားစေချင်ပါတယ်' လို့ပြော ပါတယ်။
ပညာရှင်တွေနဲ့ပတ်သက်ရင် ပညာအဆင့်အတန်းတွေအပြင် ပညာရှင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်သီလဖြူစင်မှုကလည်း အရေးကြီးပါတယ်။ နိုင်ငံရဲ့လက်ရှိအနေအထားမှာ တရားရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီး ပြည်သူပြည်သားတွေက ယုံကြည်မှုအင်မတန်နိမ့်ပါးတယ်ဆိုတာ အားလုံးကသိနေကြ ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
'ဥပဒေပညာရှင် လူငယ်လေးတွေကို ဘယ်လိုစပြီး ပြုစုပျိုးထောင်မလဲ၊ ဘယ်လိုစိတ်ဓာတ်တွေသွင်း မလဲ၊ နောက်ပြီးတော့ ပြည်သူပြည်သားတွေရဲ့ ယုံကြည်မှုလေးစားမှုရအောင် ဘယ်လိုလုပ်မလဲဆိုတာ ကို လက်တွေ့ကျကျ စဉ်းစားစေချင်ပါတယ်။ နောက်ဆုံးကျတော့ အခွင့်အရေးကိုလက်တွေ့ကျကျ ဥပဒေပညာရှင်များ အသုံးချစေချင်တယ်။ အတွေးအခေါ်တွေက ကွာခြားပေမဲ့လဲ လက်တွေ့ကျကျ အလုပ်ဖြစ်အောင် လုပ်ဖို့ကအရေးကြီးဆုံးပါပဲလို့ တိုက်တွန်းပါရစေ၊ ကျွန်မတို့နိုင်ငံအတွက် လက်တွေ့ ကျကျလုပ်ငန်းတစ်ခု ဖြစ်စေချင်ပါတယ်' လို့ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ရှေ့နေအဖွဲ့တွေအနေနဲ့ ဥပဒေပညာကို လူလေးစားအောင် ယုံကြည်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲ၊ သည်ဥပဒေပညာတွေကို ဘယ်လိုမှန်မှန်ကန်ကန်နဲ့ လူ့အသိုင်းအဝိုင်းကို အကျိုးပြုနိုင်အောင်လုပ်မလဲ ဆိုတာတွေကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိဖို့၊ ရှေ့နေအဖွဲ့အစည်းတွေ ကမ္ဘာ့အဆင့်မီဖို့၊ ဥပဒေပညာရှင်တွေ အဆင့်မြှင့်တင်ဖို့အတွက် နိုင်ငံတကာက ကူညီပေးမှုတွေရှိပါတယ်။ ဒါပေမဲ့ ပြည်ပကူညီမှုတွေဟာ အတိုင်းအတာတစ်ခုအထိပဲ ကူညီနိုင်မှာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရာမှာတော့ ကိုယ်တိုင်ဖြေရှင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သည်လိုဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် ပညာရှင်တွေက အကြံပြု ဆွေးနွေးကြရမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးဖြစ်မြောက်နိုင်ဖို့ နည်းလမ်းရှာရာမှာ တစ်ယောက် ချင်းရဲ့ အတွေးအခေါ်တွေ ဖလှယ်ပြီး ဘယ်လိုပုံစံနဲ့ ရှေ့ဆက်အကောင်အထည်ဖော်မယ်ဆိုတာကို လက်တွေ့ကျတဲ့ တွေးခေါ်မှုတွေနဲ့ အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် အဖြေရှာရမှာဖြစ်တယ်လို့ လည်းဆိုပါတယ်။
ဝင်ငွေနောက်ကို လိုက်မှာစိုးရိမ်
ဒေါ်အောင်ဆန်းစုကြည်က 'ဥပဒေပညာနဲ့ အသက်မွေးဝမ်းကျောင်းတဲ့ ပုဂ္ဂိုလ်တွေဝင်ငွေကောင်းဖို့ဆို တာလဲ အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ ဝင်ငွေမကောင်းလို့ရှိရင် အများကလဲဒီပညာကိုလေးစားကြမှာ မဟုတ်ဘူး။ ဒါကျွန်မလက်တွေ့ကျကျ ပြောတာပါ။ အဲဒီတော့ တစ်ဖက်ကနေ ဒီလိုလိုအပ်ချက်တစ်ခုနဲ့ တစ်ဖက်ကအင်မတန်မြင့်မားတဲ့ ရည်ရွယ်ချက်တွေ စံနှုန်းထားတွေ လိုအပ်နေတဲ့ကိစ္စနှစ်ခုကို ဘယ်လို လက်တွေ့ကျကျ ကိုင်တွယ်မလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ အများကကြည်ညိုလေးစားတဲ့ ရှေ့နေဆိုတာဝင်ငွေကောင်းဖို့ ဆိုလို့ရှိရင်ဥပဒေပညာရှင်တွေရဲ့ အလုပ်ဟာဝင်ငွေအဓိကဖြစ်သွားမှာ ကို ကျွန်မအနေနဲ့ စိုးရိမ်မိပါတယ်' လို့ဆိုပါတယ်။
နိုင်ငံရဲ့ရှေ့နေများ အရည်အချင်းပိုမိုမြင့်မားရေးအတွက် ရှေ့နေများသာမက ဥပဒေပညာကို စိတ်ဝင် စားသူများအားလုံးပိုပြီး အင်အားပြည့်လာရေးအတွက် တရားဥပဒေစိုးမိုးရေးကော်မတီအနေနဲ့ လွှတ် တော်ဘက်ကနေ တတ်နိုင်သမျှကူညီသွားမယ်လို့လည်း ဆိုပါတယ်။

ကုမုဒြာသတင်းဂျာနယ်
အတွဲ(၃)၊ အမှတ်(၄၆)၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

Post a Comment

 
Top