'အင်း ငါ့တူပြောမှသတိထားမိတယ်'
ညီလှအောင်နှင့်ကျွန်တော်
စကားပြောရင်းသည်ချာတိတ် စီးပွားရေးအကွက်တော်တော်မြင်တတ်တာပဲ ဟု
စိတ်ထဲတွင်မှတ်ချက်ချခဲ့သည်။ သူ့ဆိုင်တွင်အင်တာနက်ကြည့်ရင်း ဖရင်း (friend)
များနှင့်ချက် (chat) ရင်း ဘေးဆိုင်မှ ကော်ဖီကိုမှာသောက်၍ရသည်။
အင်တာနက်တစ်ချက်ကြည့်၊ ကော်ဖီပူပူက လေးတစ်ကျိုက်သောက်နှင့်
ဆွေမျိုးကိုပါမေ့သွားတတ်သည်မို့ လူငယ်တွေအပါအဝင် ကျွန်တော်ပါသ ဘောကျသည်။
နှစ်ခြိုက်၍အားပေးလာခဲ့သည်မှာ ကျွန်တော့်ဖုန်းထဲသို့
အင်တာနက်လိုင်းဝင်လာချိန် အထိဖြစ်သည်။
တစ်ရက်သူ့ဆိုင်တွင်
အင်တာနက်အပြီး အချိန်ရှိသေးသည်ကတစ်ကြောင်း၊ သူငယ်ချင်းကျော်လွင်ဦး
နှင့်ချိန်းထားသည်ကတစ်ကြောင်းကြောင့် ဘေးရှိကဖေးတွင် စီအင်န်သတင်းကို
တီဗီတွင်ထိုင်ကြည့် နေခိုက်
'တစ်ယောက်တည်း ဟိုပြေးဒီပြေးနဲ့ ရွာဆော်ကြီးခွေးကျနေတာပဲဦးရေ'
ကျွန်တော်အသံကြားရာ
နောက်ဘက်သို့လှည့်ကြည့်လိုက်တော့သူ။ ရှေ့မှထိုင်ခုံတွင်ဝင်ထိုင်ရန်
ကျွန်တော်လက်ဖြင့်ညွှန်ပြလိုက်သည်။ သူဝင်ထိုင်ပြီးသည်နှင့် . . .
'တစ်ယောက်တည်းမနိုင်ရင် partnership (ပူးပေါင်းလုပ်မယ့်မိတ်ဆွေ) ရှာပေါ့'
'ပြောတာသာလွယ်တာဦးရ၊ partnership အစစ်အမှန်မိတ်ဆွေမျိုးရဖို့က သူ့ဝေါဟာရလိုပဲ လေးနက် တာဗျ'
'ဆိုစမ်းပါဦး'
'ကျွန်တော်နားလည်သလောက်ဦးကိုရှင်းပြရရင်
part ဆိုတာအစိတ်အပိုင်းအကန့်၊ partner ဆိုတာအစိတ်အပိုင်း
အကန့်အလိုက်တာဝန်ယူမယ့်သူ၊ ship ဆိုတာသင်္ဘော'
'ဒါတော့လူတိုင်းသိတာပေါ့၊ ဆိုလိုချင်တာက….'
'Partnership
လုပ်မယ့်ပုဂ္ဂိုလ်ဟာ သင်္ဘောကြီးတစ်စင်းနဲ့ ခရီးအတူသွားတဲ့ ပုဂ္ဂိုလ်တွေလို
ကိုယ့်တာ ဝန်ကိုယ်ကျေပွန်မှ လိုရာခရီးကိုရောက်နိုင်တယ်။ ဒီလိုရောက်ဖို့
ကိုယ်လုပ်ရမယ့်ကဏ္ဍအပိုင်းအခြားကို ကိုယ်တာဝန်မကျေရင်၊ ပျက်ကွက်ရင်၊
ဝတ်ကျေတန်းကျေလုပ်ရင်း၊ အချောင်ခိုနေကြရင် ကျောက် ဆောင်နဲ့
တိုက်ချင်တိုက်မယ်။ ဆိပ်ကမ်းကမခွာနိုင်ဖြစ်ရင်ဖြစ်မယ်၊ ဒီတော့ partnership
လုပ်မယ့် ပုဂ္ဂိုလ်ဟာတာဝန်ရှိသိတဲ့သူ၊ သစ္စာရှိတဲ့သူဖြစ်ဖို့လိုတယ်'
'ဒါဟုတ်တာပေါ့'
'သိပ္ပံရဲ့အလုပ်
သီအိုရီလိုပေါ့ဦးရာ၊ ကျောက်တုံးကြီးတစ်လုံးကို တစ်နေကုန်တွန်းနေပေမဲ့
အလုပ်မဖြစ် သေးဘူး၊ ကျောက်တုံးရွေ့သွားမှ အလုပ်ဆိုတာဖြစ်လာတာ၊
ရွေ့အောင်မတွန်းနိုင်တဲ့ partnership ဟာလဲအလကားပဲ၊ စီးပွားရေးလောကမှာ
ပိုပြီးတောင်အရေးကြီးသေးတယ်'
'အင်း'
'ကျွန်တော်စမ်းကြည့်ပြီးပြီဦး၊ ခရီးတွင်မယ့် partnership ကောင်းကောင်းမရနိုင်လို့ ကိုယ်တိုင်ရုန်းနေရ တာ'
ကျော်လွင်ဦးရောက်လာသဖြင့် စကားပြတ်သွားသည်။
'ညီလှအောင်ပါလား၊ ဘယ်တုန်းကရန်ကုန်ရောက်လဲ'
'တစ်လကျော်ပြီ ဦး'
'ဘာကိစ္စနဲ့လာတာလဲ၊ ဆိုင်ကိုကော'
'ဆိုင်ကိုပိတ်ထားခဲ့ပြီ'
'ဘာဖြစ်လို့လဲ'
'ကျွန်တော့်လျှာကို ဆားနဲ့အပွတ်ခံရလို့'
'ဘယ်လိုကွ၊ ဆိုစမ်းပါဦး၊ နားမရှင်းလို့'
'အော် ပုံပြင်ကလေးတစ်ပုဒ်က ဖြစ်ရပ်ကလေးနဲ့တူနေလို့'
'ကဲဒါဆိုပုံပဲပြောပြပေတော့'
'ရှေးရှေးတုန်းကပေါ့၊
ကုန်သည်တစ်ယောက်ဟာ သူ့ရဲ့လားနဲ့ဝန်တင်ပြီးခရီးတစ်ခုသွားရမှာမို့ လမ်းခရီး
မှာ ရေပြဿနာရှိနိုင်လားကို ရေတွေအများကြီးသောက်စေချင်တယ်။
ချောင်းစပ်နားခေါ်သွားပြီး တိုက်တယ်၊ မသောက်ဘူး။ ခွက်နဲ့တိုက်တယ်၊
မသောက်ဘူး၊ ချောင်းရေထဲခေါင်းနှစ်ပြီး သောက်ခိုင်း
တာတောင်ဇွတ်အတင်းငြင်းတယ်'
'အင်းဒီတော့'
'ဒီတော့ဘေးတစ်နေရာကကြည့်နေတဲ့
ကောင်လေးတစ်ယောက်အနားကို ကပ်လာပြီး ဦးရဲ့လားကို
ရေသောက်စေချင်လို့လားမေးတော့ ဟုတ်တယ်လို့လဲပြောရော
အိမ်ကိုပြန်ပြီးယူလာတဲ့ဆားတစ်ဆုပ် နဲ့လားရဲ့ လျှာကိုလဲပွတ်လိုက်ရော
ခဏအကြာမှာ လားကစမ်းချောင်းရှိရာသွားပြီး ရေကိုအဝသောက် ပါလေရောတဲ့'
'ဒီပုံပြင်နဲ့ ဆိုင်ပိတ်လိုက်တာနဲ့ ဘယ်လိုများဆက်စပ်နေလို့လဲ'
'တိုက်ရိုက်ကိုပတ်သက်နေတာ
ဦးရ၊ ကျွန်တော်ကွန်ပျူတာနဲ့ ကျောင်းပြီးပြီးချင်းပညာစုံပြီး၊ စီးပွားရေး
လောကနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေလဲ အတော်အသင့်လေ့လာထားပြီဆိုပြီး
စီးပွားရေးလောကထဲ ခြေစုန်ပစ်ဝင်ချလိုက်တာ၊ ပြီးတော့လုပ်ချင်တာတွေလုပ်ခဲ့တာ'
'အင်း'
'ကွန်ပျူတာဆိုင်လဲဖွင့်ရော
ကျောင်းကသင်ပေးလိုက်တာ အခြေခံကကြီးရေကပဲရှိသေးတယ်ဆိုတာ သိလိုက်ရသလို
ကိုယ့်မှာ Business Management (စီးပွားရေးစီမံခန့်ခွဲမှုပညာ) ကလဲ နတ္ထိ၊
စာရင်း အင်းအခြေခံကလဲမရှိဆိုတော့ အခက်အခဲပေါင်းက သောင်းခြောက်ထောင်ပဲ'
'အင်း'
'အဲဒီအခက်အခဲဆိုတဲ့ ဆားနဲ့လျှာကိုအပွတ်ခံရလို့ ရေနဲ့တူတဲ့ပညာကိုသောက်သုံးဖို့ အကြောင်းဖန် လာတာပဲ'
'ခုအဆင်ပြေရဲ့လား'
'ဟုတ်ကဲ့၊
ဒီမှာလဲအကြံအဖန်သင်တန်းတွေကြားက အမှန်အကန်ကို မနည်းကိုရွေးယူရတယ်၊ ခုတော့
သင်တန်းတွေတက်နေပါပြီ။ ကဲဦးရေ သင်တန်းချိန်နီးနေပြီမို့
ကျွန်တော့်ကိုခွင့်ပြုပါဦး'
'အေး အေး'
နှုတ်ဆက်၍
ဘတ်စ်ကားမှတ်တိုင်ဆီသို့ အပြေးအလွှားထွက်ခွာသွားသော ဆားနှင့်အပွတ်ခံရသည့်
ချာတိတ်ကျွန်တော့်မြင်ကွင်းမှ ပျောက်သွားသည်အထိ ငေးမော၍ကြည့်နေမိပါသည်။
Written by ခင်မောင်ဝင်း (စစ်တွေ)
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၅)၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၄
Post a Comment