0
ပြင်ဆင်ချက် ၇၈ ချက်ကို ဆွေးနွေးကာ တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို သြဂုတ် ၇ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကော်မတီ တစ်ခုဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ရေးဆွဲတင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်ဥပဒေကြမ်း ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တင်သွင်းသည့် ပြင်ဆင်ချက် ၇၈ ချက်ကို ဆွေးနွေးအတည်ပြုပြီးနောက် အမျိုးသားလွှတ်တော်သို့ ဆက်လက်ပေးပို့ သွားမည်ဖြစ်သည်။

ဆွေးနွေးအတည်ပြုခဲ့သည့် ပြင်ဆင်ချက် ၇၈ ချက်တွင် လယ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့များ ဖွဲ့စည်းရေး၊ တောင်သူလယ်သမားများအား နည်းပညာ၊ သွင်းအားစုနှင့် ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာတို့ကို ပံ့ပိုးကူညီရန်၊ လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် ကူညီဆောင်ရွက်ပေးရန်၊ အစိုးရအဖွဲ့ အနေဖြင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အဖွဲ့အစည်းများ ဖွဲ့စည်းရန်၊ တောင်သူလယ်သမားများ၏ လယ်ယာမြေ လုပ်ကိုင်ခွင့် ဆုံးရှုံးနစ်နာမှုများ မရှိရေး၊ တောင်သူလယ်သမားများအား စိုက်ပျိုးရေးနှင့် မွေးမြူရေး နည်းပညာများ ပေးခြင်း၊ လယ်ယာထွက်ကုန် ဈေးနှုန်းနှင့် ဈေးနှုန်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း စသည့်ဥပဒေကြမ်းပါ အကြောင်းအရာများကို ဆွေးနွေးအတည်ပြု ခဲ့ကြသည်။
တောင်သူလယ်သမားများ လိုအပ်သော လယ်ထွန်စက် အပါအ၀င် လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျ ၀ယ်ယူရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးမှုများ၊ မွေးမြူထုတ်လုပ်မှုနှင့် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး မြင့်မားစေရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်ခြင်းများနှင့် မိုးလေ၀သ သတင်းအချက်အလက်များ၊ ကူးစက်ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူလယ်သမားများထံ အလျင်အမြန် ရောက်ရှိရေး ဆောင်ရွက်ပေးမှုဆိုင်ရာ ကိစ္စများသည် ဥပဒေကြမ်း အတည်ပြုပြီးနောက် ပိုမိုတွင်ကျယ် လာမည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

First Eleven Media Group

Post a Comment

 
Top