0
ပြန်ကြားရေးဝန်ကြီးဌာနသည် စာနယ်ဇင်းကောင်စီနှင့် တွေ့ဆုံညှိနှိုင်း သဘောတူညီထားချက်များကို ချိုးဖောက်ပြီး ပုံနှိပ်-ထုတ်ဝေဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ပုံနှိပ်-ထုတ်ဝေဥပဒေကြမ်းကို လက်မခံကြောင်း ဇူလိုင် ၅ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ပယ်ချလိုက်သည်။


ပြန်ကြားရေးဝန်ကြီးဌာနသည် စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော သတင်းမီဒီယာဥပဒေကြမ်းကို ၄င်းတို့၏ ပုံနှိပ်-ထုတ်ဝေဥပဒေကြမ်းနှင့်အတူ လွှတ်တော်သို့ တပြိုင်တည်းတင်သွင်းဖို့ သဘောတူညီချက်ထားရှိမှုအား ချိုးဖောက်ခဲ့သလို ပုံနှိပ်-ထုတ်ဝေဥပဒေကြမ်းအတွင်း စာနယ်ဇင်းကောင်စီနှင့် သဘောတူညီထားသော အချက်အလက်များကို ထည့်သွင်းထားခြင်း မရှိခြင်းကြောင့် လက်မခံနိုင်ကြောင်း ကြေညာချက်အတွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ သတင်းမီဒီယာသမား၏ ပြင်းထန်သော ဆန့်ကျင်ဝေဖန်ခြင်း ခံနေရသည့် ပြန်ကြားရေးဝန်ကြီးဌာန ရေးဆွဲသော ပုံနှိပ်-ထုတ်ဝေဥပဒေကြမ်းသည် သတင်းမီဒီယာ၏ လွတ်လပ်ခွင့်ကို သွယ်ဝိုက်ထိန်းချုပ်လိုခြင်းနှင့် သတင်းမီဒီယာလုပ်ငန်းတစ်ခုလုံးကို ပြန်ကြားရေးဝန်ကြီးဌာနက တရားသူကြီးသဖွယ် စီရင်ခွင့်၊ ဆုံးဖြတ်ချက် ချခွင့်များ ရယူထားခြင်းများကြောင့် သဘောမတူကြောင့် မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း ကြေညာချက်ထုတ်ပြန်ကာ ကန့်ကွက်ထားသည်။

ပြည်သူ့လွှတ်တော်၌ အဆိုပါ ဥပဒေကြမ်းကို အတည်ပြုလိုက်သော်လည်း အမျိုးလွှတ်တော်၌ မဆွေးနွေးခင် ပြန်လည်သုံးသပ်လေ့လာဖို့လည်း တိုက်တွန်းထားသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ သတင်းနှင့် မီဒီယာလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းများဖြစ်သည့် ပုံနှိပ်ဥပဒေ၊ ပုံနှိပ်နှင့်ထုတ်ဝေဥပဒေ၊ ရုပ်သံထုတ်လွှင့်ခြင်းဥပဒေ၊ အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ဥပဒေ စသည့်ဥပဒေကြမ်းများကို ရေးဆွဲထားသည်။


Kamayut Media 

Post a Comment

 
Top