0
 လန်ဒန်ရောက် သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- ဦးရဲထွဋ်ဖေ့စ်ဘွတ်
သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ ဗြိတိန်နိုင်ငံကို ရောက်ပါပြီ။ ဗြိတိန်မှာ ရှိတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူနည်းစုတွေအပေါ် ဖိနှိပ်၊ သတ်ဖြတ်နေမှုတွေ အဆုံးသတ်စေရေး ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကို ဖိအားပေးဖို့ တိုက်တွန်းနေတာတွေလည်း ရှိပါတယ်။ 


သမ္မတ ဦးသိန်းစိန် လန်ဒန်ကို ရောက်လာတဲ့ တချိန်တည်းမှာဘဲ မြန်မာ့အရေးလုပ်ဆောင်နေကြတဲ့ ဗြိတိန် ပါလီမန်ထဲက နိုင်ငံရေးပါတီတွေစုဖွဲ့ထားတဲ့ APPG က ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီကြေညာချက်မှာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်ဂ်အနေနဲ့ မြန်မာနိုင်ငံတွင်းက လူ့အခွင့် အရေးချိုးဖောက်မှုတွေ အလေးပေးဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။ 

ကလေးစစ်သား စုဆောင်နေမှုတွေ ဆက်ရှိနေသေးတာကအစ၊ ဘာသာရေးခွဲခြားမှုတွေ၊ လူနည်းစုတွေ အပေါ်မှာ သတ် ဖြတ်မှု ရှိနေတာတွေနဲ့ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေ ဆက်ရှိနေတယ် လို့ ကြေညာ ချက်က ဆိုပါတယ်။ 

ကျန်ရှိ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပျက်ကွက်နေဆဲဖြစ်တာနဲ့ မတရားမှုတွေဆက်ရှိနေဆဲမို့ သမ္မတ ဦးသိန်းစိန် ကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသမားလို့ ပြောဖို့ စောသေးတယ်လို့ APPG ဥက္ကဋ္ဌ Baroness Kinnock မှတ်ချက်ပြုထား တာကို ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

မြန်မာအစိုးရရဲ့ ကတိမတည်မှုတွေကို ကြုံတွေ့ခဲ့ရတာမို့ လူ့အခွင့်အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အာမခံ ချက် မရှိဘဲနဲ့ တော့ ကုန်သွယ်ရေး ကိစ္စတွေ တိုးမြှင့်ဆောင်ရွက်ဖို့ မသင့်ဘူးလို့ Baroness Kinnock က သတိပေးပြီး ဗြိတိန် ၀န်ကြီး ချုပ်နဲ့ နိုင်ငံခြားရေး ၀န်ကြီးတို့အနေနဲ့ သမ္မတ ဦးသိန်းစိန်ကို ဒါတွေ သေ ချာ နားလည်အောင်ပြောဆိုသင့်တယ်လို့လည်း ပြောထားပါတယ်။ 

အိမ့်သံစဉ် ~ 

(ဧရာဝတီ)

Post a Comment

 
Top