သူနာပြုတစ်ဦးက ကလေးငယ်များအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေစဉ် (ဓာတ်ပုံ-ကောင်းသန့်)
မြန်မာ့ကျန်းမာရေး ဆိုင်ရာ ညွှန်းကိန်းအချို့မှာ ကမ္ဘာ့အဆိုးရွားဆုံး ဖြစ်နေပြီး ကျန်းမာရေး ကဏ္ဍအတွက် အသုံးစရိတ်မှာလည်း အနည်းဆုံး နိုင်ငံများတွင် မြန်မာပါဝင် နေကြောင်း သိရသည်။
အဆိုးရွားဆုံး ဖြစ်နေသော ကျန်းမာရေး ညွှန်းကိန်းများတွင် ပျမ်းမျှသက်တမ်းမှာ ၅၆ နှစ်သာ ရှိနေခြင်း၊ အသက်ငါးနှစ်အောက် ကလေးများ၏ ရာခိုင်နှုန်း ၄၀ မှာ အာဟာရ ချို့တဲ့မှုကြောင့် ကြီးထွားမှု ရပ်တန့်နေခြင်း၊ အရှေ့တောင်အာရှ နိုင်ငံအားလုံးထဲတွင် ငှက်ဖျားကြောင့် သေဆုံးမှု ရာခိုင်နှုန်း ၅၀ ကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်နေခြင်း စသည့်အချက်များ ဖြစ်ကြောင်း ဗြိတိန်ဆေးပညာ စာစောင်တစ်ခု ဖြစ်သည့် The Lancet က ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးစုစုပေါင်း၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း (ကလေးသူငယ် ၂ ဒသမ ၅ သန်း) မှာ ကာလကြာရှည် ခံစားရသည့် အာဟာရချို့တဲ့မှု ဖြစ်နေပြီး ယင်းတို့အနက်မှ ရှစ်ရာခိုင်နှုန်းမှာ ပြင်းထန်အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးနေရကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) မှ ထုတ်ပြန်ချက်အရ သိရသည်။
အာဟာရ နိမ့်ကျခြင်းသည် ကလေးသူငယ်များ၏ ကျန်းမာရေး၊ ကာယဉာဏနှင့် ကာယဗလ ဖွံ့ဖြိုးမှုကို ထိခိုက်မှု ဖြစ်စေပြီး မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်နှင့် ရင်းနှီးမြှုပ်နှံမှု အပေါ်တွင်လည်း ဆိုးကျိုးများ သက်ရောက်စေနိုင်ကြောင်း ကျန်းမာရေး ပညာရှင်များက ဆိုသည်။
ထိုသို့ ကျန်းမာရေးဆိုင်ရာ ညွှန်းကိန်းများ ဆိုးရွားနေသော်လည်း မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် အသုံးစရိတ်မှာ ကမ္ဘာ့အနည်းဆုံး နိုင်ငံများတွင် ပါဝင်နေကြောင်း နှစ်အလိုက် သုံးစွဲခဲ့သည့် ဘတ်ဂျက် အထောက်အထားများအရ သိရသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်မှာ နိုင်ငံ့စုစုပေါင်း အသုံးစရိတ်၏ ၃ ဒသမ ၉ ရာခိုင် နှုန်းသာရှိပြီး ငွေကြေးအားဖြင့် ကျပ်သန်းပေါင်း ၃၆၇၉၇၀ ဒသမ ၃၇၅ လျာထားခဲ့သည်။ အဆိုပါ ပမာဏမှာ ယခင်နှစ်များက အသုံးပြုခဲ့သည့် ကျန်းမာရေး စရိတ်ထက် လေးဆ များပြားလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး အပါအ၀င် လူမှုကဏ္ဍများတွင် သုံးစွဲသည့် အသုံးစရိတ်များမှာ အခြားကဏ္ဍများ၏ အသုံးစရိတ်ထက် များစွာနည်းပါး နေကြောင်း UNICEF နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတို့ ပူးပေါင်းကောက်ယူခဲ့သည့် Situation Analysis of Children in Myanmar စစ်တမ်းအရ သိရသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ် နှစ်ခုပေါင်းမှာ ကာကွယ်ရေး အသုံးစရိတ်ထက် နည်းပါးနေသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် ထိုသို့နည်းပါး နေသည့် တစ်ခုတည်းသော ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။
First Eleven Media Group

Post a Comment