အီဂျစ်စစ်တပ်က
ဇူလိုင် ၃ ရက်တွင် အာဏာသိမ်းကြောင်း ကြေညာပြီးနောက် သမ္မတမော်စီ
ဆန့်ကျင်သူများက ကိုင်ရိုမြို့ရှိ သမ္မတနန်းတော် အပြင်ဘက်၌ အောင်ပွဲခံနေစဉ်
(Photo: AFP)
အီဂျစ်စစ်တပ်က သမ္မတမော်စီထံမှ အာဏာသိမ်းယူ လိုက်ကြောင်းကို ဇူလိုင် ၃ ရက်တွင် ကြေညာလိုက်သည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဒယ်ဖာတာကဆစ်စီက အာဏာသိမ်းကြောင်း နိုင်ငံပိုင်ရုပ်သံမှ ကြေညာခဲ့ပြီးနောက် မော်စီအစိုးရအား ကန့်ကွက်ဆန္ဒပြသူ ထောင်ပေါင်းများစွာက ကိုင်ရိုမြို့ လမ်းမများပေါ်တွင် အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။
မော်စီအစိုးရ လက်ထက်တွင် ရေးဆွဲထားသော အစ္စလာမ္မစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုရန် ဆိုင်းငံ့ထားပြီး ရွေးကောက်ပွဲကို အစောဆုံး ကျင်းပပေးသွားမည်ဟု ဆစ်စီက ပြောကြားခဲ့သည်။
“အခုလို အာဏာသိမ်းလိုက်ပေမယ့် စစ်တပ်ကတော့ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေသွားမှာ ဖြစ်ပါတယ်” ဟု ဆစ်စီက ပြောကြားခဲ့သည်။
စစ်တပ် အာဏာသိမ်းမှုအပေါ် အောင်ပွဲခံရာတွင် ပါဝင်ခဲ့သူ တစ်ဦးက “သမိုင်းဝင် အချိန်တစ်ခုပါပဲ။ အခုဆိုရင် မော်စီနဲ့ မွတ်စလင် ဘရားသားဟုဒ်အဖွဲ့ရဲ့ ရန်က လွတ်ကင်းသွားပါပြီ” ဟု ပြောကြားခဲ့သည်။
အီဂျစ်သမ္မတ မော်စီအား စစ်တပ်က ရာထူးမှဖယ်ရှားကြောင်း ကြေညာပြီးနောက် ရဲများကို ချီမြှောက်၍ အောင်ပွဲခံနေသော ပြည်သူများ (Photo: AFP)
ထို့ပြင် စစ်တပ်က မွတ်စလင် ဘရားသားဟုဒ်အဖွဲ့ အရာရှိ ၃၀၀ ခန့်ကို ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံမှ ကြေညာခဲ့သည်။
သမ္မတမော်စီ အာဏာသိမ်းခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားက စိုးရိမ်မိကြောင်းနှင့် ပြည်သူတို့က ရွေးချယ်တင်မြောက်သည့် အရပ်သား အစိုးရထံသို့ အမြန်ဆုံး အာဏာလွှဲပြောင်းပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
ယခုအခါ သမ္မတမော်စီနှင့် သူ၏အကြီးတန်း အရာရှိများကို နေအိမ်အကျယ်ချုပ်ဖြင့် စစ်တပ်ပိုင် အဆောက်အအုံ တစ်ခုတွင် ဖမ်းဆီးထားကြောင်း မွတ်စလင် ဘရားသားဟုဒ် အဖွဲ့ဝင်တစ်ဦးက ဇူလိုင် ၄ ရက်တွင် အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က အီဂျစ်ပြည်သူများ၏ ခံစားချက်ကို နားလည်ပါကြောင်း၊ သို့သော် စစ်တပ်၏ ပါဝင်စွက်ဖက်မှုအပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
မည်သည့် နိုင်ငံတွင်မဆို စစ်တပ်က နိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက် လာပါက စိုးရိမ်စရာ ကောင်းကြောင်း ဘန်ကီမွန် အနေဖြင့် ယုံကြည်ထားသည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူ အီဒူရာဒို ဒယ်ဘေးက ပြောကြားခဲ့သည်။
Ref: AFP
Post a Comment