မင်းဓမ္မစီမံကိန်း မြေနေရာတွင် ပါဝင်သည့် မင်းဓမ္မပန်းကွင်းအား ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -စုမှူးနိုင်)
ရန်ကုန်မြို့တော်တွင် လက်ရှိမြို့လယ် စီးပွားရေး ဗဟိုဌာနဖြစ်သည့် ဆူးလေအနီး တစ်ဝိုက်မှာ ယာဉ်သွားလာမှု၊ လူနေထိုင်မှုများ သိပ်သည်းကျပ်တည်း လာခြင်းကြောင့် တိုးပွားလာမည့် လူဦးရေအတွက် ဒုတိယမြို့လယ် စီးပွားရေးဗ ဟိုဌာနမြို့တော် ခွဲထုတ်ရန် မဖြစ်မနေ လိုအပ်လာသည့် အခြေအနေ ဖြစ်လာသည့်အတွက် မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မစီမံကိန်းကို အကောင်အထည် ဖော်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၏ ဒုတိယစီးပွားရေး မြို့တော်စီမံကိန်းကို မြေအကျယ်အ၀န်း ဧက ၄၀၀ ကျော်ပေါ်တွင် တည်ဆောက်သွားရန် စီစဉ်ထားပြီး လောလောဆယ်တွင် မြေဧက ၅၀ ကျော်ပေါ်တွင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းနှင့် ငါးနှစ်အတွင်း အကောင်အထည် ဖော်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ဒုတိယစီးပွားရေး မြို့တော်တွင် ဟိုတယ်၊ ရှော့ပင်းမောလ်များ၊ အဆင့်မြင့် လူနေအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယင်းနေရာ၌ ရုပ်ရှင်ရုံနှင့် အီလက်ထရွန်နစ်စင်တာတို့ ပါဝင်သော စီးပွားရေး အဆောက်အအုံများလည်း ဆောက်လုပ်ရန် စီစဉ်လျက် ရှိသည်ဟု ဧပြီ ၄ ရက်က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
စီးပွားရေးမြို့တော် တည်ဆောက်မည့် နေရာတွင် သီးခြားဘတ်စ်ကားလိုင်း လမ်းကြောင်းများ ပြင်ဆင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းအရ သိရသည်။
စီမံကိန်းနေရာတွင် ပါရှိသည့် မြေရှစ်ဧကကျော်ခန့်ရှိသော မင်းဓမ္မပန်းကွင်းကို သာကေတမြို့နယ်၊ ယမုံနာပန်းကွင်းသို့ ပြောင်းရွှေ့ရန် ရန်ကုန်မြို့တော် စည်ပင်က ညွှန်ကြားခဲ့ကြောင်း သိရသည်။
First Eleven Media Group
Post a Comment