0
ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ပေးအပ်သော လက်နက်မှလွဲ၍ ကျန်ပစ္စည်းများ အားလုံး ကုန်သွယ်ခွင့်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး အားလုံး ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှ စတင်ကာ အသက်ဝင်မည် ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုအထူး အခွင့်အရေးအရ မြန်မာနိုင်ငံသည် လက်နက်နှင့် ခဲယမ်းမီးကျောက်များမှ လွဲ၍ ကျန်ကုန်ပစ္စည်းများ အားလုံးကို တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်နှင့် ဝေစုကန့်သတ်ချက် ကင်းလွတ်ခွင့်များ ခံစားရမည် ဖြစ်သည်။

အဆိုပါ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ကို မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် အဓမ္မ စေခိုင်းမှုများကြောင့် ၁၉၉၇ ခုနှစ်တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ ဥရောပ ငါးနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီး ဧပြီလကတည်းက လက်နက်ရောင်းဝယ်မှုမှ လွဲပြီး ကျန်ပိတ်ဆို့ အရေးယူမှုများ အားလုံး ဖယ်ရှားပေးရန် သဘောတူညီခဲ့သည်။ ၎င်းတို့က ပြီးခဲ့သည့် ဇွန် ၁၂ ရက်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကြောင့် ကုန်သွယ်မှု အထူးခံစားခွင့် အခွင့်အရေး ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် အဆိုပါ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးမှာ စာရွက်ပေါ်တွင်သာ ရှိနေပြီး ယခုနှစ်ကုန်ပိုင်းတွင်မှ အမှန်တကယ် ခံစားရဖွယ် ရှိနေသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သော်လည်း ယခုဇူလိုင် ၁၉ ရက် မှ စတင်ကာ ခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ အခွန်ကင်းလွတ်ခွင့်နှင့် ဝေစုကန့်သတ်ချက် ကင်းလွတ်ခွင့်ကို ဥရောပသမဂ္ဂက ဖွံ့ဖြိုးဆဲနိုင်ငံ ၂၇ နိုင်ငံကို ပေးအပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ ကုလသမဂ္ဂမှ သတ်မှတ်သည့် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ စာရင်းဝင်ဖြစ်သည့် အတွက် အဆိုပါ အကျိုးခံစားခွင့်ကို ရရှိခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး ကာရယ်ဒီဂေါ့က ''ကုန်သွယ်ရေးဆိုတာ နိုင်ငံရေး တည်ငြိမ်မှုကို အထောက်အပံ့ ဖြစ်စေတဲ့ အခြေခံ အချက်ဖြစ်တဲ့ အတွက် အီးယူရဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ကို ပြုပြင်ပြောင်းလဲ လိုစိတ်ရှိနေတဲ့ မြန်မာနိုင်ငံကို ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အထောက်အကူ ဖြစ်စေပြီး နိုင်ငံသားတွေလည်း အကျိုးခံစားရစေမှာ ဖြစ်ပါတယ်'' ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။

First Eleven Media Group

Post a Comment

 
Top