စနိုးဒင်က နိုင်ငံပေါင်း ၂၁ နိုင်ငံသို့ ခိုလှုံခွင့် လျှောက်ထားလွှာများ ပေးပို့
စနိုးဒင် ပိတ်မိနေသော မော်စကို ရှီရီမက်ယီဗိုလေဆိပ် တစ်ဆင့်ခံ အကူးအပြောင်းဇုန်ရှိ ဟိုတယ်ရှိရာ လေဆိပ်ခန်းမဆောင်ကို ဇွန် ၂၄ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ (Photo:AP)
အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ၏ ဖုန်းနှင့်အင်တာနက် သူလျှိုလုပ်မှုကို ဖွင့်ချခဲ့သူ အက်ဒ၀ပ်စနိုးဒင်သည် ယခုအခါ မော်စကိုလေဆိပ်၌ပင် ရှိနေဆဲဖြစ်သည်ဟု ယူဆရပြီး ဇူလိုင် ၂ ရက်တွင် ကျူးဘား၊ ဗင်နီဇွဲလား၊ ဘရာဇီး၊ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်တို့ အပါအ၀င် နိုင်ငံပေါင်း ၁၉ နိုင်ငံသို့ ခိုလှုံခွင့် လျှောက်ထားလွှာများ ပေးပို့ခဲ့ကြောင်း ၀ီကီလိခ်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၁၉ နိုင်ငံသို့ ခိုလှုံခွင့် တောင်းခံလွှာများကို စနိုးဒင်၏ကိုယ်စား သူ၏ဥပဒေဆိုင်ရာ အကြံပေးဖြစ်သူ ဆာရာဟာရီဆန်က ပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းမတိုင်ခင် စနိုးဒင်ကိုယ်တိုင်က အီကွေဒေါနှင့် အိုက်စလန်နိုင်ငံများသို့ ခိုလှုံခွင့် တောင်းခံထားခဲ့ကြောင်း သိရသည်။
"လျှောက်ထားလွှာတွေကို မော်စကိုမြို့က ရှီရေမီတီယေဗို လေဆိပ်မှာရှိတဲ့ ရုရှားကောင်စစ်ဝန်ရုံးက အရာရှိတစ်ဦးကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်" ဟု ၀ီကီလိခ်ဝက်ဘ်ဆိုက်က သူ၏ကြေညာချက်ကို အွန်လိုင်း၌ ဖော်ပြခဲ့သည်။
အဆိုပါ လျှောက်ထားလွှာများတွင် စနိုးဒင် အနေဖြင့် အမေရိကန်၌ တရားစွဲဆို ခံရပါက ရင်ဆိုင်ရဖွယ်ရှိသော အန္တရာယ်များကို အကြမ်းဖျင်း ဖော်ပြခဲ့ပြီး ရုရှားကောင်စစ်ဝန်ရုံးက ယင်းလျှောက်လွှာများကို ယခုအခါ မော်စကိုမြို့ရှိ သက်ဆိုင်ရာ သံရုံးများထံသို့ စတင်ဖြန့်ဝေ နေပြီဖြစ်ကြောင်း ၀ီကီလိခ်က ဖော်ပြသည်။ စနိုးဒင်အတွက် ခိုလှုံခွင့် လျှောက်ထားခဲ့သော နိုင်ငံများမှာ သြစတြီးယား၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ တရုတ်၊ ကျူးဘား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ အိုင်ယာလန်၊ နယ်သာလန်၊ နီကာရာဂွါ၊ နော်ဝေ၊ ပိုလန်၊ ရုရှား၊ စပိန်၊ ဆွစ်ဇာလန်နှင့် ဗင်နီဇွဲလားတို့ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဇူလိုင် ၁ ရက်တွင် စနိုးဒင်က သူ့အားအကာအကွယ်ပေးမည့် နိုင်ငံများမှ ခေါင်းဆောင်များကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဖိအားပေးလျက်ရှိကြောင်း စွပ်စွဲပြောကြားခဲ့သည်။ စနိုးဒင်သည် ဟောင်ကောင်မှ ထွက်ပြေးလာခဲ့ပြီးနောက် ရှစ်ရက်အကြာတွင် သူ၏ပထမဆုံး လူသိရှင်ကြား ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာတွင် အိုဘားမားသည် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်ကို သူခိုလှုံခွင့်တောင်းခံမည့် နိုင်ငံများ၏ ခေါင်းဆောင်များအား ဖိအားပေးရန် အမိန့်ပေးထားကြောင်း စွပ်စွဲပြောကြားခဲ့သည်။
စနိုးဒင်သည် သူ့အားအမေရိကန်သို့ လွှဲပြောင်းခံရမည့်ဘေးမှ ကူညီကာကွယ် ပေးခဲ့သည့်အတွက် အီကွေဒေါသမ္မတ ရာဖေးကော်ရီယာထံသို့ ကျေးဇူးတင်လွှာ ပေးပို့ခဲ့သေးကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ကော်ရီယာက ဘိုင်ဒင်သည် ယခုသီတင်းပတ် အကုန်တွင် သူ့ထံသို့ ဆက်သွယ်ကာ စနိုးဒင်ကိစ္စနှင့် ပတ်သက်၍ အကြီးအကျယ် ဆွေးနွေးခဲ့ပြီး စနိုးဒင်၏ နိုင်ငံရေး ခိုလှုံခွင့်ကို ပယ်ချရန် တောင်းဆိုခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
Ref:AFP

Post a Comment