0
 

သမ္မတဦးသိန်းစိန် "မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် နောက်ကွယ်မှ စိန်ခေါ်မှုများနှင့် အကျိုးရလဒ်" ခေါင်းစဉ်ဖြင့် ဗြိတိန် Chatham house တွင် ဆွေးနွေးပြောကြားနေစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်) 

လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများ ပေါ်ပေါက်အောင် သွေးထိုးလှုံ့ဆော်သူ မည်သူ့ကိုမဆို လုံးဝသည်းခံခွင့်လွှတ်မည် မဟုတ်ဟု ဗြိတိန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "မြန်မာနိုင်ငံမှာ လတ်တလော ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရပါတယ်။
ကျွန်တော့်အနေနဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး မုန်းတီးမှုတွေ ပေါ်ပေါက်အောင် သွေးထိုးလှုံ့ဆော်သူ မည်သူ့ကိုမဆို လုံးဝသည်းခံ ခွင့်လွှတ်သွားမှာ မဟုတ်ဘူးဆိုတဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်ဟု ဇူလိုင် ၁၆ ရက်က နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။  
"အသွင်ကူးပြောင်းရေး ကာလတွေမှာ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ပွင့်လင်းလွတ်လပ်မှုတွေကို ခုတုံးလုပ်၊ အမြတ်ထုတ်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ကြသူများ ရှိတတ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ နုနယ်သေးတဲ့ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီဆိုတဲ့ အနေအထား တစ်ရပ်ကနေ ကိုင်တွယ်ဖြေရှင်းနေရတာ ဖြစ်ပါတယ်" ဟု သမ္မတက ဆက်လက်ပြောကြားသည်။
လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုများကို အာဏာရှင် စနစ်ဆီကို ပြန်ဦးတည်ဖို့ ခုတုံးလုပ် အသုံးချခံရခြင်းမျိုး မဖြစ်စေရန်အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်အောင်၊ မတူညီသည့် လူ့အဖွဲ့အစည်း အသိုက်အ၀န်းများကြားတွင် နားလည်ယုံကြည်မှုများ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထိုသို့ ဆောင်ရွက်မှုများကို စိတ်ရှည်သည်းခံမှုများ ထားရှိပေးရန် စကားဝိုင်း ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံခဲ့သည်။ "ရန်ကုန်မြို့လယ်ကောင်မှာ နှစ်ပေါင်းများစွာ အတူယှဉ်တွဲ တည်ရှိလာတဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ ဘုရားပုထိုးစေတီများ၊ ခရစ်ယာန် ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ ဂျူးဘာသာဝင်များရဲ့ ဘုရားရှိခိုးကျောင်းများ၊ တရုတ်ဘုံကျောင်းများနဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ဗလီများဟာ ကွဲပြားမှုများအပေါ်မှာ အစဉ်အလာအရ စိတ်ရှည်သည်းခံနိုင်စွမ်းရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ ပြသနေတဲ့ သက်သေသာဓကများပဲ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။  

First Eleven Media Group

Post a Comment

 
Top