0
UMFCCI ရုံးတွင်ပြုလုပ်သည့် ငြိမ်းချမ်းရေး ဟောပြောပွဲတစ်ခုကို တွေ့ရစဉ်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးမှု ပြုလုပ်ရာတွင် အာဏာခွဲဝေရေးကို အဓိက တောင်းဆိုခဲ့ကြောင်း Myanmar Peace Center မှ ဦးအောင်နိုင်ဦးက သြဂုတ် ၃ ရက်တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) တွင် ကျင်းပခဲ့သည့် Cost of Conflict, Cost of Peace ခေါင်းစဉ်ဖြင့် သူ၏ဟောပြောမှုအပြီး အမေးအဖြေ ကဏ္ဍတွင် ပြောကြားခဲ့သည်။

ဦးအောင်နိုင်ဦးသည် ယခင်က ABSDF သီဘောဘိုး စခန်း အတွင်းရေးမှူး၊ ABSDF နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စသည့်တာဝန်များ ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် Myanmar Peace Center ၏ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ဦးအောင်နိုင်ဦးက "အခုလောလောဆယ် ကျွန်တော်တို့ ဆွေးနွေးတာတွေလည်း ရှိနေပါပြီ။ အဲဒီတောင်းဆိုတဲ့ အချက်တွေထဲမှာ အဓိကက တစ်ချက်ပဲ ရှိပါတယ်။ အဓိကတော့ အာဏာခွဲဝေရေးပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
"နောက်တစ်ချက်က Resource sharing ပါ။ ဒါကလည်း ဒုတိယအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒီ Resource sharing ကလည်း နှစ်မျိုးဖြစ်နေပါတယ်။ တစ်မျိုးက နိုင်ငံရေးအရ ဖြစ်နိုင်သလို နောက်တစ်မျိုးက နည်းပညာပိုင်း ဆိုင်ရာပါ။ ကျွန်တော်တို့ အများကြီး စဉ်းစားဖို့ လိုလာတာတွေ ရှိပါတယ်" ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားခဲ့သည်။
ဥပဒေနှင့်အညီ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် ဗဟိုအစိုးရ၊ သက်ဆိုင်ရာ ဒေသနှင့် ဆင်းရဲသည့်ဒေသတို့အား အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာပြေလည်နိုင်မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မတ်လ ၂ ရက်က UMFCCI တွင် Peace Building and Myanmar Transition ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင် ဟောပြောပွဲတွင် ပြောကြားထားသည်။ UMFCCI တွင် ကျင်းပခဲ့သည့် ဦးအောင်နိုင်ဦး၏ ဟောပြောပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့သည်။

First Eleven Media Group

Post a Comment

 
Top